DVB Logo
Home
မြန်မာသတင်း
တိမ်းရှောင် ဒုက္ခသည်ကျောင်းသားအချို့ နေရပ်မပြန်ရဲသဖြင့် ပညာသင်ခွင့်ဆုံးရှုံး
DVB
·
October 26, 2016
တိမ်းရှောင် ဒုက္ခသည်ကျောင်းသားအချို့ နေရပ်မပြန်ရဲသဖြင့် ပညာသင်ခွင့်ဆုံးရှုံး
1 / 2
Donate to DVB

 

အကြမ်းဖက်မှုတွေကြောင့် စစ်တွေမြို့ကို ထွက်ပြေးတိမ်းရှောင်လာတဲ့ ကျောင်းသူ၊ ကျောင်းသား ၂၀၀ ကျော်ထဲမှာ ၁၀၀ ကျော် ပညာသင်ကြားခွင့်ရပြီး၊ ကျောင်းသားအချို့ ပညာသင်ခွင့် မရရှိကြသေးပါဘူး။

မောင်တောနဲ့ ဘူသီးတောင်မြို့နယ်တွေ၊ ကျေးရွာတွေက ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒုက္ခသည်ကျောင်းသား အချို့တွေဟာ အိပ်ပြန်တာ ရှိနေပြီး တချို့ မပြန်ရဲကြတာကြောင့် ပညာသင်ခွင့် ဆုံးရှုံးနေကြတာပါ။

ရခိုင်လူမှုကယ်ဆယ်ရေးအသင်းမှ ဦးဆောင်ကော်မတီ ဒေါ်ကျော့စိန်က “ဒီမှာ အခက်အခဲ ဖြစ်နေတာက ကျောင်းသားရှိတဲ့မိဘတွေက သူတို့ပညာရေးကို အဓိကထားပြီး စိုးရိမ်နေကြ တယ်။ ပြန်ချင်တယ် ဒေသတည်ငြိမ်ရင်ပေါ့။ အဲဒီဘင်္ဂါလီတွေရဲ့ ရန်တွေကြောင့် ဒေသ မတည်မငြိမ်ဖြစ်နေတော့ မပြန်ရဲကြသေးဘူးပေါ့။ ဝန်ကြီးချုပ်ကတော့ ပြန်လို့ရတယ်လို့ ပြောပေမယ့် သူက အဲဒီမှာနေတဲ့သူ မဟုတ်ဘူး။ အဲဒီဒေသခံတွေ စိုးရိမ်တာက အဲဒီဘင်္ဂါလီတွေ ဓားတောင်မကလို့ သေနတ်တွေ ရှိနေတော့ အဲဒီရန်ကို ကြောက်လို့၊ ကလေးတွေ ပညာရေးကို စိုးရိမ်လို့ ပြန်ချင်တာက တပိုင်း၊ အဲဒီဘင်္ဂါလီတွေရဲ့ ရန်ကို စိုးရိမ်တဲ့အတွက် မပြန်ရဲတာက တပိုင်း အဲဒီလိုတွေ ဖြစ်နေပါတယ်” လို့ ပြောပါတယ်။

အကြမ်းဖက်မှုရန်ကို ကြောက်ပြီး စစ်တွေမြို့ပေါ်ကို ထွက်ပြေးလာကြတဲ့ ကျောင်းသားတချို့ ၂၀၀ ကျော်ထဲမှာ ကျောင်းသား ၁၀၀ ကျော် ကျောင်းတက်နေကြရသေးတယ်လို့ ရခိုင်ပြည်နယ်၊ ပညာရေးမှူးရုံး ဒုညွန်-စီမံ ဦးစိန်လှက ဒီဗွီဘီကို ပြောပါတယ်။

“ဒုက္ခသည်ကလေးတွေကို စစ်တွေ အထက ၄ မှာ အာလုံးထဲက ကျောင်းသားတချို့ ကျောင်းတက်နေပြီ ခင်ဗျ။ ပါလာတဲ့ ကျောင်းသားတွေက ၂၄၇ ဦး ပါလာတယ်ပေါ့လေ။ အဲဒီထဲမှာ ၁၆၂ ဦး ကျောင်းတက်တယ်။ ကျနော်တို့ ပညာရေးဌာနအနေနဲ့ရယ်၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရယ်၊ နောက်ပြီး လူမှုဖွဲ့အစည်းအစည်းရယ်၊ စေတနာအလှူရှင်တွေနဲ့ ပူးပေါင်းပြီး လုပ်ဆောင်တာပါ။”

လတ်တလောမှာ အကြမ်းဖက်မှုကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒုက္ခသည်တွေဟာ နဝမတန်း ၁၇ ဦး၊ အဋ္ဌမတန်း ၆ ဦး၊ သတ္တမတန်း ၁၄ ဦး၊ ဆဋ္ဌမတန်း ၁၈ ဦး၊ ပဉ္စမတန်း ၁၁ ဦး၊ စတုတ္ထတန်း ၁၇ ဦး၊ တတိယတန်း ၂၀၊ ဒုတိယတန်း ၁၆ ဦး၊ ပထမတန်း၂၁ ဦး၊ KG ၁၆ ဦး၊ စုစုပေါင်း ၁၆၂ ဦး၊ ကျောင်းအပ်ထားပြီး ဖြစ်တယ်လို့ ပြောပါတယ်။

“လတ်တလော အခက်အခဲကတော့ ပုံနှိပ်စာအုပ်တွေ လုံလုံလောက်လောက် မရှိဘူး။ အဲဒါတခု လောလောဆယ် အခက်အခဲ ဖြစ်နေတယ်။ ကျန်တဲ့အပိုင်းကတော့ နည်းနည်း အဆင်ပြေပါတယ်။ ဗလာစာအုပ် ဒါဇင် ၁၀၀၀ နဲ့၊ ကျောင်းဝတ်စုံ ၁၅၂ စုံ ရရှိထားပြီပေါ့လေ။ လိုအပ်တဲ့ ခဲတံ၊ ဘောပင်တွေ အကုန်ပေးထားပြီးပြီ။”

စစ်တွေမြို့၊ ဓညဝတီကယ်ဆယ်ရေဒစခန်းမှာ ဒုက္ခသည်ဦးရေ ၈၀၀ ကျော်ရှိနေပြီး ရခိုင်ပြည်နယ်အစိုးရ အစီအစဉ်နဲ့ ၂၃ ရက်နေ့မှာ မိသားစု ၁၄ စု၊ လူဦးရေ ၂၉ ဦး ရွှေပြည်တန်ရေယာဉ်နဲ့ ပို့ဆောင်ခဲ့ပါတယ်။ အကြမ်းဖက်မှုတွေကြောင့် ၁၀ ရက်နေ့ကတည်းက ယာယီပိတ်ထားခဲ့တဲ့ မောင်တောကျောင်းအချို့ ၂၄ ရက်နေ့က စတင်ဖွင့်ခဲ့ပေမယ့် ကျောင်းသား အနည်းငယ်သာ တက်ရောက်သင်ကြားခဲ့ပါတယ်။

သတင်း - ၀ဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013