Home
ဆောင်းပါး
ကိုင်းကိုလည်း ဖြတ်၊ အမြစ်ကိုလည်း သတ်ပါ
DVB
·
October 26, 2016
minkaungchit26102016
  တိုင်းပြည် ထူထောင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုံးစွဲဖို့ ဘဏ္ဍာငွေကြေး ချို့တဲ့နေလို့ ပြည်သူပြည်သားအားလုံး ဆင်းရဲနွမ်းပါးနေရချိန်မှာ ရှင်နည်းရာ အဂ္ဂလူထွက်ဆိုသလို နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေကြေးတွေကို တိုင်းရင်းသားညီးအကိုအချင်းချင်း သတ်ဖြတ်ရတဲ့ ပြည်တွင်းစစ်ပွဲတွေ၊ ထိုးစစ်တွေမှာ လေယာဉ်တွေ၊ တင့်ကားတွေ သုံးပြီး ဖြုန်းတီးပစ်နေတာဟာ အလွန်လွဲချော်မှုကြီး ဖြစ်တယ်။ မိဘပြည်သူတွေက လူသတ်စစ်ပွဲတွေ ရပ်ကြပါ၊ ငြိမ်းချမ်းရေးရအောင် ကြိုးစားကြပါလို့ အထပ်ထပ်မေတ္တာရပ်ခံနေတဲ့ကြားက ပြည်သူပိုင် ဘဏ္ဍာငွေကြေးတွေကို ခွင့်ပြုချက် မတောင်း၊ အတည်ပြုချက် မယူ၊ ဖြေရှင်းချက်မပေးဘဲ စစ်ပွဲတွေ အရှိန်မြှင့်နေတာဟာ ပြည်သူကို စော်ကားနေတဲ့သဘော သက်ရောက်ပါတယ်။ ငါတို့ လုပ်ချင်တာ လုပ်မယ်၊ တိုင်းပြည် ကာကွယ်နေရတာ ဆိုတဲ့ မဲပြာပုဆိုးအကြောင်းပြချက်နဲ့ ဘယ်သူ့အမိန့်ကိုမှ နာခံစရာမလိုဘူး ဆိုတာ ဦးနေဝင်းလက်ထက်ကစလို့ ကျင့်သုံးခဲ့တဲ့ အာဏာရှင်စရိုက်သဘာဝပါပဲ။ အခုဆိုရင် မြစ်ကြီးနား၊ ရန်ကုန်၊ မန္တလေးမြို့ကြီးများမှာတော့ ထိုးစစ်ဆန့်ကျင်ရေး၊ ငြိမ်းချမ်းရေး တောင်းဆိုပွဲတွေ ကျင်းပသွားခဲ့ပြီးပါပြီ။ တကယ်တော့ ဒီလိုမျိုး ငြိမ်းချမ်းရေးအတွက် လူထုဆန္ဒထုတ်ဖော်မှုတွေကို တိုင်းနဲ့ ပြည်နယ် မြို့တော်တိုင်းမှာ ထုတ်ဖော်ကျင်းပသင့်ပါတယ်။ ကိုယ့်ပြည်နယ်၊ ကိုယ့်တိုင်းမှာ စစ်မဖြစ်နေလို့ဆိုပြီး မဆိုင်သလို ထိုင်မနေသင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ စစ်ပွဲတွေ၊ ထိုးစစ်ဆင်နေတာတွေဟာ ငြိမ်းချမ်းရေးကို အဟန့်အတား ပြုနေကြတာပါ။ ပြည်တွင်းစစ် မငြှိမ်းနိုင်သတ်နိုင်ရင်၊ ငြိမ်းချမ်းရေးမရရင် တရားဥပဒေစိုးမိုးအောင် မဆောင်ရွက်နိုင်ပါဘူး။ တရားဥပဒေ မစိုးမိုးရင် နိုင်ငံသားအားလုံး ဘဝ မလုံခြုံနိုင်သလို တိုင်းပြည်ရဲ့ ခြံစည်းရိုးလည်း မလုံပါဘူး၊ တံခါးပေါက်အားလုံးကိုလည်း လုံခြုံအောင် ထိထိရောက်ရောက် အကာအကွယ်မပေးနိုင်ပါဘူး။ အဲဒီအခြေအနေဆိုးဟာ စစ် မဖြစ်တဲ့ တိုင်းနဲ့ ပြည်နယ်တွေက နိုင်ငံသားတွေပါ မလုံခြုံတဲ့ဘဝတွေ ခံစားရစေမှာ ဖြစ်သလို ဆင်းရဲဒုက္ခအစုစုကို ဆက်စပ်ခံစားကြရတာ မဟုတ်လား။ ဒါကြောင့် ငြိမ်းချမ်းရေးရဖို့ တောင်းဆို ရမှာက နိုင်ငံသားတိုင်းနဲ့ ဆိုင်ပါတယ်။ လတ်တလော ထင်ရှားတဲ့ သာဓကအနေနဲ့ကတော့ မောင်တောမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်မှာ ရှိတဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းများ အကြမ်းဖက် တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်ပါပဲ။ ဒီဖြစ်စဉ်အပေါ် ဥပဒေနှင့်အညီ တုံ့ပြန်ဆောင်ရွက်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ညွှန်ကြားထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်တင်က ပြန်ကြားရေးဝန်ကြီးဌာနမှာ အောက်တိုဘာ ၉ ရက်၊ ညဦးပိုင်းပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်တဲ့ သတင်းကို အင်တာနက်သတင်းပေါ်မှာ ဖတ်လိုက်ရပါတယ်။ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ထိပ်တန်း နိုင်ငံ့အကြီးအကဲ တယောက်အနေနဲ့ ပြောသင့်ပြောအပ်တဲ့ စကားကို တည်တည်ကြည်ကြည် ဆိုသွားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ရခိုင်ပြည်မှာ ဖြစ်ပွားခဲ့တဲ့ အဲဒီအကြမ်းဖက်ဖြစ်စဉ်ကို ခုတုံးလုပ်ပြီး အမျိုးချစ်လွန် နေသူတွေ၊ ဘာသာရေး လူမျိုးရေး အစွန်းရောက်နေသူတွေ၊ NLD ပါတီ ဦးဆောင်တဲ့ အရပ်သား အစိုးရကို အပုပ်ချတိုက်ခိုက်လိုတဲ့ လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေဟာ သွေးဆူပြီး မခံချင်စိတ်နဲ့ပဲ ဖြစ်ဖြစ်၊ တမင်ရည်ရွယ်လို့ပဲ ဖြစ်ဖြစ်၊ အကြမ်းဖက်တာကို အကြမ်းဖက်နည်းနဲ့ မဆင်မခြင် တုံ့ပြန်ဖို့ ခြေထိုးလှုံ့ဆော်နေကြတာ အင်တာနက်ပေါ်မှာ ပလူပျံနေတာပါဘဲ။ ဒါဟာ ပြဿနာတွေကို ဖြေရှင်းရာမှာ ပိုမိုရှုပ်ထွေးခက်ခဲစေပြီး မလိုလားအပ်တဲ့ လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက်မှုတွေကို မြန်မာနိုင်ငံရဲ့ တခြားဒေသတွေကိုပါ ကူးစက် ဦးတည်သွားစေနိုင်တယ်။ နိုင်ငံတကာ မိသားစု အမြင်တွေမှာလည်း လူနည်းစုအပေါ် လူများစုက ဝိုင်းအနိုင်ကျင့်နေ သယောင်ဖြစ်အောင် တွန်းအားပေးသလို ဖြစ်နေပါတယ်။ ဒါတွေဟာ မြန်မာနိုင်ငံရဲ့ တရားဥပဒေ စိုးမိုးမှု တည်ဆောက်ရေးနဲ့ ငြိမ်းချမ်းရေးခရီးစဉ်ကို အဟန့်အတား ပြုနေတဲ့သူတွေရဲ့ ရည်ရွယ်ချက်တွေကို မီးမောင်းထိုးပြနေပါတယ်။ ဒီဘင်္ဂါလီ အကြမ်းဖက်မှုကို လှေကြုံစီးပြီး ပြည်သူတင်မြှောက်တဲ့ အစိုးရကို အထင်လွဲအောင်၊ မြန်မာနိုင်ငံထဲက တခြားအစ္စလာမ်ဘာသာဝင်တွေကိုပါ ရောယောင်မုန်းတီး အောင် ခြေထိုးလှုံ့ဆော်နေလို့ အမုန်းတရားကို တိုက်ရိုက်ရော သွယ်ဝိုက်ပြီးတော့ရော ဖြန့်ဝေ ဖျက်ဆီးသလို ဖြစ်နေတာပါပဲ။ တရားဥပဒေမစိုးမိုးခြင်း ဆိုတဲ့ ရေသောက်မြစ်မကြီးကို အခြေခံထားတဲ့ မြန်မာနိုင်ငံမှာ အရွက်တဖားဖားနဲ့ ကြီးထွားနေတဲ့ ပြဿနာအဆိပ်ပင်ကြီးအောက်မှာ ပြည်တွင်းစစ်၊ ဘင်္ဂါလီခိုးဝင်၊ အကြမ်းဖက်မှု၊ အနောက်စည်းရိုး မလုံခြုံမှု၊ အရှေ့တံခါးမလုံမှု၊ အဂတိတရားလိုက်စားမှု အစရှိတဲ့ ပြဿနာအကိုင်းအခက်တွေ အားလုံးကို ခုတ်ဖြတ်ပစ်ရုံနဲ့  ပြဿနာအဆိပ်ပင်ကြီးကို မရှင်းလင်းနိုင်ပါဘူး။ ခုတ်ပစ်လည်း အတက်တွေ အညွှန့်အညောက်တွေ ထွက်လာမှာပါပဲ။ မှန်ကန်တဲ့ နည်းလမ်းနဲ့ အမြစ်လှန်ရမှာပါ။ ခုတ်သင့်တဲ့ကိုင်းကို ခုတ်၊ တူးသင့်တာကို တူးပြီး ပြည်သူနဲ့ အစိုးရ ဟန်ချက်ညီညီ အလုပ်လုပ်ရင် ဘင်္ဂါလီရန်မကလို့ စစ်အာဏာရှင်  ဖြစ်ဖြစ်၊ ဘာရန်ဖြစ်ဖြစ် စနစ်တကျ တွန်းလှန်နိုင်ပါတယ်။ အခုဖြစ်နေတာက တရားဥပဒေစိုးမိုးအောင် မလုပ်နိုင်လို့ အကြမ်းဖက်မှုတွေ များပြားနေရသလို အဲဒီအကြမ်းဖက်မှုတွေကိုလည်း ထိထိရောက်ရောက် မနှိမ်နင်းနိုင်ဘူး ဖြစ်နေတာပါ။ ပြည်သူတွေ အသိတရားရှိရှိ ပူးပေါင်းဆောင်ရွက်မှု မရှိတဲ့ ဘယ်ကိစ္စမျိုးမဆို အောင်မြင်စရာအကြောင်း မရှိပါဘူး။ ညီအကိုချင်း သတ်ခိုင်းတဲ့စစ်ကို စစ်မိန့်ပေးနေတာတွေ ရပ်ပါ။ တပ်မတော်စစ်သားတွေ သေသေ၊ KIA တပ်သားတွေ သေသေ၊ အားလုံး မြန်မာနိုင်ငံသားတွေပါ။ စစ်ဖြစ်တဲ့ဒေသက အကြမ်းဖက်ခံ တိုင်းရင်းသားတွေလည်း မြန်မာပြည်သားတွေ၊ ကချင်တွေ သေသေ၊ မြန်မာစစ်သား သေသေ၊ ရခိုင်တွေ သေသေ၊ ဒါဟာ နိုင်ငံအတွက်ဆုံးရှုံးမှု။ စစ်ဖြစ်နေလို့ ခံရတာကို ထည့်မတွက်ကြေး၊ လျစ်လျူရှုရမယ် ဆိုရင် အကြမ်းဖက်မှုကို အားပေးရာရောက်သလို ဖိနှိပ်သူဘက်က ရပ်တည်ရာရောက်တယ်။ တိရစ္ဆာန်တောင် သူ့အိမ်ဖျက်တာ မကြိုက်ဘူး၊ ရခိုင်၊ ကချင်၊ ကရင်၊ ရှမ်း၊ မွန်၊ ကယား၊ ချင်း၊ မြန်မာတိုင်းရင်းသားအားလုံးရဲ့ အိုးအိမ်တွေ ပြည်တွင်းစစ်ကြီးအောက်မှာ၊ အကြမ်းဖက်မှုတွေ အောက်မှာ အဖျက်အဆီးခံနေရတာ နှစ်ပေါင်း ၇၀ နီးပါးရှိနေပြီ ဆိုတော့ ကိုယ်ချင်းစာကြည့်ပါ။ တချို့တိုင်းရင်းသားဒေသတွေဆို အဖျက်အဆီးခံရတာ တကြိမ်တောင် မဟုတ်ပါဘူး။ အကြိမ်ကြိမ်အခါခါ အဖျက်ခံရတဲ့အပြင် အခုဆို ကိုယ်မွေးရပ်မြေမှာ ကိုယ် နေထိုင်ရှင်သန်ခွင့် တောင် မရရှာကြပါဘူး။   ပြည်တွင်းစစ်ဖြစ်ခဲ့တဲ့ နှစ်ပေါင်း ၇၀ နီးပါးမှာ အပြစ်မဲ့တဲ့ မြန်မာနိုင်ငံသား ဘယ်နှယောက်လောက် သေပြီးပြီ ထင်ပါသလဲ၊ မြန်မာနိုင်ငံသား ဘယ်နှယောက် ခြေပြတ် လက်ပြတ် ဖြစ်ပြီး၊ ဘဝဆုံး လူညွန့်တုံးဖြစ်ခဲ့ရပြီးပြီ ထင်ပါသလဲ။ တိုင်းရင်းသူ အမငယ်၊ နှမငယ် ဘယ်နှယောက်လောက် မုဒိမ်းကျင့်ခံရပြီး ပန်းကောင်း အညွန့်ချိုးခံခဲ့ရပြီးပြီ ထင်ပါသလဲ။ အဲဒီ တိုင်းရင်းသားတွေရင်ထဲက ဒေါသမီးတောက်တွေ၊ နာကြည်းမှုတွေကို ငြိမ်းချမ်းရေး အမြန်ဆုံး ရအောင်ယူပြီး ကုစားပေးဖို့ အလွန်အရေးကြီးလှပါတယ်။ ဖိနှိပ်သူ၊ အနိုင်ကျင့်သူ၊ အကြမ်းဖက်သူ ဆိုတာ အာဏာပိုင်၊ လုပ်ငန်းရှင် ဘင်္ဂါလီ၊ လက်နက်ကိုင်စစ်တပ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ စသည်ဖြင့် ဘယ်သူမဆို ဖြစ်နိုင်ပါတယ်။ ဘယ်သူပဲဖြစ်ဖြစ် အကြမ်းဖက် အနိုင်ကျင့်သူဆိုရင် ပြည်သူပြည်သားအားလုံးက ဆန့်ကျင်ရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဖြစ်ပျက်နေသမျှ အကြမ်းဖက်မှု၊ အနိုင်ကျင့်မှု၊ အကျင့်ပျက် ခြစားမှု၊ လာဘ်ပေး လာဘ်ယူမှု၊ အနိဋ္ဌာရုံ အဝဝ ပြဿနာပေါင်းစုံအမြွှာမြွှာ အားလုံးရဲ့ မူလဘူတ အရင်းခံ အကြောင်းတရားဟာ အဂတိတရား ၄ ပါးကို အခြေခံရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်ပါတယ်။ ဒီပြသနာအရင်းအမြစ်ဖြစ်တဲ့ အခွင့်ထူးခံ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်မှသာ ပြဿနာသောင်းခြောက်ထောင်ကို ထိထိရောက်ရောက် ချေမှုန်းနိုင်မှာပါ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖက်ဒရယ်ပြည်ထောင်စု ဒီမိုကရေစီစနစ်နဲ့အညီ ပြင်ဆင်နိုင်ရင်... ငြိမ်းချမ်းရေး မြန်မြန်ရမယ်။ ငြိမ်းချမ်းရေးရရင် နိုင်ငံသားအားလုံး စည်းစည်းလုံးလုံးနဲ့ လက်နက်အားကိုး ဗိုလ်ကျမှု၊ အကြမ်းဖက်မှု၊ အကျင့်ပျက်ခြစားမှု့၊ ဘင်္ဂါလီကိစ္စ၊ အနောက်တံခါး မလုံခြုံမှု၊ အရှေ့တံခါး မလုံခြုံမှု စတဲ့ ရှိရှိသမျှ မြန်မာနိုင်ငံရဲ့ ပြဿနာအဝဝကို စနစ်တကျ ထိထိရောက်ရောက်ည ဖြေရှင်းနိုင်တယ်။ ပင်မအရင်းခံအကြောင်းတရားကို (Root Cause) ရှင်းနိုင်ရင် အကိုင်းအခက် ပြဿနာတွေ အလွယ်တကူ ရှင်းလို့ရပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးဟာ ပြဿနာအားလုံးရဲ့အဖြေ ဖြစ်ပါတယ်။ အချုပ်အားဖြင့် ရေးရရင် တရားဥပဒေ မစိုးမိုးခြင်း၊ ရေသောက်မြစ်မကြီးဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုတဲ့ ဖုန်းဆိုးမြေကြီးထဲက ထွက်လာတာပါပဲ။ အဲဒီဖုန်းဆိုးမြေကြီးကို ရွှေသီးတဲ့ မြေကြီးဖြစ်အောင် ပြုပြင်နိုင်မယ်ဆိုရင် အဆိပ်ပင်ပေါက်လာရင်တောင် မသန်စွမ်းနိုင်သလို အလွယ်တကူ တူးထုတ် ရှင်းပစ်လို့ရပါတယ်။ ဒါကြောင့်မို့ အကြမ်းဖက်မှု၊ ဗိုလ်ကျမှု၊ မတရားမှုတွေကို ရင်ဆိုင်ဖြေရှင်းရာမှာ ကိုင်းကိုလည်း ဖြတ်၊ အမြစ်ကိုလည်း သတ်နိုင်ဖို့ အလွန်အရေးကြီးပါတယ်။ လက်နက်နဲ့ အကြမ်းဖက်မှု အဖြေရှာ တတ်သူတွေကို ရှေ့တန်းတင်အားထားပြီး ဟိုအကိုင်းလေး ဖြတ်၊ ဒီအကိုင်းလေး ချိုင်ပြသာ လုပ်ပေမယ့် ရေသောက်မြစ်မကြီးကို မတူးထုတ်ရင်တော့ ပြဿနာအညွန့်အညှောက်တွေ အကိုင်းအခက်တွေ ပြန်ပြန်ထွက်ပြီး မဆုံးနိုင်တဲ့ အကြမ်းဖက်သံသရာကြီးထဲမှာ တဝဲလည်လည် နစ်မွန်းနေရတော့မှာပါ။ ဒါကြောင့် တိုင်းပြည်  ငြိမ်းချမ်းရေးရအောင် ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်လို့ ဗိုလ်ကျစိုးမိုးမှု၊ ဖိနှိပ်အနိုင်ကျင့်မှု၊ အကြမ်းဖက်မှု ကိုင်းတွေကိုလည်း ဖြတ်၊ အမြစ်ကိုလည်း သတ်ပါလို့ နိုင်ငံသားတိုင်းကို အလေးအနက် တိုက်တွန်းပါတယ်။ မင်းကောင်းချစ် အောက်တိုဘာလ ၁၅ ရက် ၂၀၁၆ ခုနှစ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024