DVB Logo
Home
မြန်မာသတင်း
သရဲစီး စာသင်ကျောင်းအတွင်း ပရလောကသားများကို သေနတ်ပစ်ဖောက်နှင်ထုတ်
DVB
·
October 26, 2016
သရဲစီး စာသင်ကျောင်းအတွင်း  ပရလောကသားများကို သေနတ်ပစ်ဖောက်နှင်ထုတ်
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ် ရှမ်းရေကျော်ကျေးရွာ အထက(ခွဲ) စာသင်ကျောင်းမှာ သုသာန်မြေ နယ်နိမိတ်ပိုင်းခြားသတ်မှတ်အမိန့်ပြန်ပြီး ပရလောကသားတွေကို သေနတ် ၁၈ ချက် ပစ်ဖောက်နှင်ထုတ်ခဲ့တယ်လို့ အစိုးရပြန်ကြားရေးက သတင်းထုတ်ပါတယ်။

ဧရာဝတီတိုင်း ဝန်ကြီးချုပ် မန်းဂျော်နီနဲ့ သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူတွေက အောက်တိုဘာ ၂၅ ရက် နေ့လယ်က ရှမ်းရေကျော် အထက(ခွဲ) ကျောင်းမှာ ဆရာ ဆရာမတွေ၊ ကျောင်းသား ကျောင်းသူတွေ ရွာသားတွေနဲ့ တွေ့ဆုံပြီးနောက် ခုလို ဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။

မြောင်းမြမြို့ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ဇင်ဦးက ၀န်ကြီးချုပ်ဦးမန်းဂျော်နီက ကျောင်းပိုင်မြေဖြစ်လို့ ပရလောညကသားတွေ ရှိရင်လည်း ထွက်သွားဖို့ အမိန့်ပြန်တမ်း ထုတ်တာလို့ ပြောပါတယ်။

“ကျမတို့ဘက်က တာဝန်ရှိတဲ့အနေနဲ့ သင်္ချိုင်းကုန်းရဲ့နယ်မြေကို မြေသွားပြီး သတ်မှတ်ပေးတာ ပါ။ မြေသတ်မှတ်ပေးပြီး ကျောင်းဧရိယာဖြစ်သွားပါပြီဆိုတာရယ် ကျောင်းဧရိယာ ဖြစ်သွားပြီ ဖြစ်တဲ့အတွက် ဥပမာ ပရလောကသားတွေ ရှိမယ် ဆိုရင် ထွက်သွားပေးပါဆိုတဲ့ ကြေညာစာမျိုး ကို ၀န်ကြီးချုပ်က သွားထုတ်ပေးတာပါ။”

တိုင်းဝန်ကြီးချုပ်ရဲ့ အမိန့်ပြန်တမ်းမှာ "၂၀၁၆ ခုနှစ် အောက်တိုဘာ ၂၅ ရက် ဧရာဝတီတိုင်း ဒေသကြီး မြောင်းမြမြို့နယ် ရှမ်းရေကျော်ကျေးရွာ အထကခွဲ ကျောင်းဆောင်သစ် ဆောာက်လုပ်ရာမှာ သုသာန်မြေနေရာမှ သုည ဒသမ ၃၆ ဧက ကျုးကျော် ပါသွားခဲ့ပါသည်။ သို့ဖြစ်ရာ သုသာန်နှင့် တောင်ဘက်ကပ်ရပ်ရှိ ကျောင်းဆောင်မြေနေရာမှ သုည ဒသမ ၃၆ ဧက ထုတ်နုတ်ပြီး သူသာန်မြေအဖြစ် အစားထိုး ပြန်လည်ပေးအပ်ကာ ကျေးရွာသုသာန်ဧရိယာအား ပြောင်းလဲသတ်မှတ်လိုက်သည်။ ရှမ်းရေကျော်ကျေးရွာ အထက ခွဲမှ ကျောင်းဆောင်သစ် ဆောက်လုပ်ရန် ကျုးကျော်ပါဝင်သွားသည့် ဧရိယာအစား ကျေးရွာသုသာန်မြေအား အစားထိုး ပြန်လည်ပေးအပ်ရွေ့ ကျေးရွာသုသာန်မြေအား ပြင်ဆင်သတ်မှတ်လိုက်သည်။ ထို့အတွက် ရှမ်းရေကျော်သုသာန်အတွင်း နေထိုင်ကြသည့် မြင်အပ် မမြင်အပ် ပုဂ္ဂိုလ်များအနေဖြင့် ရှမ်းရေကျော် အထကခွဲအတွင်း ပညာသင်ကြားနေသည့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများအား ၀င်ရောက်ပူးကပ်နှောင့်ယှက်ခြင်း၊ အခြား မလိုလားအပ်သော ခြောက်လှန့်မှု များ မပြုလုပ်ကြရန် ဤအမိန့်ကို ကျွန်ုပ်ကိုယ်တိုင် လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်သည်” လို့ ဖော်ပြပါရှိပါတယ်။

မြောင်းမြခရိုင် ရဲတပ်ဖွဲ့ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ညွန့်ဇော်ကလည်း ရှမ်းရေကျော် အထက ကျောင်းကွဲမှာ ဖြစ်ပေါ်နေတဲ့ ကျောင်းသူလေးတွေကို တစ္ဆေ၊ သရဲ ပရလောကသား တွေ ပူးကပ်သည်ဟုဆိုကာ ငိုယိုအော်ဟစ်ခြင်း၊ မူးဝေအော့အန်ခြင်းနဲ့ သတိလက်လွတ် ဖြစ်ပေါ်ခြင်းတွေနဲ့ ပတ်သက်လို့ ရှင်းလင်းပြောကြားခဲ့ပြီး ရဲတပ်ဖွဲ့က သေနတ် ၁၈ ချက် ပစ်ဖောက်ကာ ပရ လောကသားတွေကို အချက်ပေးနှင်ထုတ်ပေးခဲ့တယ်လို့ သိရပါတယ်။

ရှမ်းရေကျော်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲရှိ ကျောင်းသူ ၁၈ ဦး ဟာ သြဂုတ်လကစလို့ ကျောင်းမှာ သရဲပူးတယ်ဆိုတဲ့ အပြုအမူတွေ ဖြစ်ပွားခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။

ဆေးပညာရှင်တွေကတော့ ဒါဟာ လူမှုရေးနဲ့စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေအပေါ် မူတည်ပြီး အုပ်စုဖွဲ့ တုံ့ပြန်တဲ့ အပြုအမူ ပြုမူနေကြတာလို့ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013