
အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဂ်ဆီသ်က ကြည်းတပ်ဦးစီးချုပ် ရန်ဒီ ဂျော့ဂျ်ကို ရာထူး ကနေ ဆင်းပေးဖို့နဲ့ ချက်ချင်း အငြိမ်းစားယူဖို့ တောင်းဆိုလိုက်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန အရာရှိ ၂ ယောက်နဲ့ ဒီကိစ္စနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ရိုက်တာသတင်းဌာနကို ဧပြီ ၂ ရက်မှာ ပြောပါတယ်။
Fox News တင်ဆက်သူဟောင်း ကာကွယ်ရေးဝန်ကြီး ဟက်ဂ်ဆီသ်ဟာ သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ အမျိုးသားလုံခြုံရေးမူဝါဒတွေကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေပြီး ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီးတွေကို ရာထူးကနေ ဖယ်ရှားကာ ကာကွယ်ရေးဝန်ကြီးဌာနကို ပြန်လည်ဖွဲ့စည်းရေး မြန်မြန်ဆန်ဆန် လုပ်ဆောင်နေပါတယ်။
ဟက်ဂ်ဆီသ်က ရန်ဒီ ဂျော့ဂျ်ကိုဘာကြောင့် ရာထူးကနေ ထွက်ခိုင်းတာလဲ ဆိုတာကိုတော့ သတင်းရင်းမြစ်တွေက မဖော်ပြထားပါဘူး။ ဒီသတင်းကို CBS News က ပထမဆုံး ထုတ်ပြန်ခဲ့တာပါ။
လောလောဆယ်မှာတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ရန်ဒီဂျော့ဂျ်ရဲ့ ရုံးဘက်က ဘာမှတ်ချက်မှ မပေးသေးပါဘူး။
ရန်ဒီ ဂျော့ဂျ်ဟာ အီရတ်နဲ့ အာဖဂန်နစ္စတန် စစ်ပွဲတွေမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ခြေလျင်တပ်ဖွဲ့ အရာရှိဟောင်း တယောက်ဖြစ်ပြီး ၂၀၂၃ ခုနှစ်မှာ စစ်တပ်ရဲ့ ထိပ်တန်းရာထူး ကြည်းတပ်ဦးစီးချုပ် ဖြစ်လာခဲ့တာပါ။
ဒီရာထူးဟာ ပုံမှန်အားဖြင့် သက်တမ်း ၄ နှစ် တာဝန်ထမ်းဆောင်ရပေမဲ့ အခုတော့ တနှစ်ကျော် လောက်မှာတင် အနားယူဖို့ အပြောခံလိုက်ရတာ ဖြစ်ပါတယ်။
အဲဒီမတိုင်ခင်က သူဟာ စစ်တပ်ရဲ့ ဒုတိယအကြီးအကဲဖြစ်ခဲ့ပြီး အဲဒီမတိုင်ခင်မှာလည်း ကာကွယ်ရေးဝန်ကြီးဟောင်း လွိုဒ်အော်စ်တင်ရဲ့ စစ်ဘက်ဆိုင်ရာ အကြံပေးအဖြစ် တာဝန်ထမ်းဆောင် ခဲ့ဖူးပါတယ်။
အခု ရန်ဒီ ဂျော့ဂျ်ကို ဖယ်ရှားလိုက်တာဟာ ပင်တဂွန် ခေါင်းဆောင်မှုပိုင်းမှာ ဖြစ်နေတဲ့ အပြောင်းအလဲကြီးတွေထဲက တခုပါပဲ။
ပြီးခဲ့တဲ့နှစ်ကလည်း ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌ စီကျူ ဘရောင်းန်အပြင် ရေတပ် စစ်ဆင်ရေးချုပ်နဲ့ လေတပ်ဒုတိယဦးစီးချုပ်တို့ပါ ရာထူးကနေ ဖယ်ရှားခံခဲ့ရပါတယ်။
Source: Reuters











