
ပါကစ္စတန်နိုင်ငံ ကတ်တာမြို့က ရဲသိပ္ပံကို သေနတ်သမားတွေက တနင်္လာနေ့ နှောင်းပိုင်းမှာ ဝင်စီးနင်းအပြီး လူ ၄၈ ယောက် သေဆုံးတယ်လို့ အရာရှိတွေက ပြောပါတယ်။
လူအယောက် တရာကျော် ဒဏ်ရာရပါတယ်။ ကျောင်းထဲမှာ သင်တန်းသား အယောက် ၂၀၀-၂၅၀ လောက် ရှိနေတယ်။ တချို့လူတွေကို ဓားစာခံ ဖမ်းထားခံရတယ်လို့ အရာရှိတွေက ပြောပါတယ်။ ဒီတိုက်ခိုက်မှုကို ဘယ်စစ်သွေးကြွအုပ်စုက လုပ်တယ်ဆိုတာ ကြေညာမှု မရှိသေး ပါဘူး။
သေနတ်သမား အနည်းဆုံး ၅ ယောက်၊ ၆ ယောက်လောက်က ရဲသင်တန်းသားတွေနေတဲ့ အဆောင်ကို တိုက်ခိုက်ခဲ့တယ်လို့ ကတ်တာမြို့ရှိရာ ဘာလူချီစတန်ခရိုင်ရဲ့ ပြည်ထဲရေးဝန်ကြီး မီယာစာဖာရဲ့ဇ် ဘဂ်တီက အင်္ဂါ အစောပိုင်းမှာ အတည်ပြုပါတယ်။
ခရိုင်ဝန်ကြီးချုပ်ရဲ့အမိန့်အရ ဆေးရုံအားလုံးကို အရေးပေါ် အခြေအနေ ကြေညာထားတယ်။ ကယ်ဆယ်ရေးဆိုင်ရာ စစ်ဆင်ရေးက လုပ်နေတုန်းပဲ၊ တပ်ကူတွေ လာနေပြီလို့ ပြည်ထဲရေး ဝန်ကြီးက ပြောပါတယ်။ တိုက်ခိုက်မှု ကောင်းကောင်းညှိနှိုင်းထားပုံ ပေါ်တယ်။ မျက်နှာဖုံးစွပ် တိုက်ခိုက်သူတွေဟာ ရဲသင်တန်းကျောင်းကို မတူတဲ့နေရာ ၅ ခုကနေ ပစ်ခတ်ခဲ့တယ်လို့ အခင်းဖြစ်ရာ နေရာက လုံခြုံရေးအရာရှိတယောက်က ပြောပါတယ်။
ပါကစ္စတန် စံတော်ချိန် မနက် ၁ နာရီကလည်း အခင်းဖြစ်ရာ နေရာမှာ ပေါက်ကွဲမှု ၃ ကြိမ် ရှိခဲ့တယ်လို့ အစီရင်ခံထားပါတယ်။ ရဲသင်တန်းကျောင်းဟာ ကတ်တာမြို့ပြင်ဘက် ၁၃ ကီလိုမီတာ အကွာမှာ ရှိပါတယ်။










