
နတ်ရွာစံ ထိုင်းဘုရင်ကို လာရောက်ဂါရဝပြုသူ ဝတ်စုံနက် ဝတ်ဆင်ထားတဲ့ လူတွေ ထောင်သောင်းချီပြီး ဘန်ကောက်မြို့တော်က နန်းတော်ဆီ တနင်္လာနေ့က ရောက်လာပါတယ်။
မနက် အရုဏ်တက်ချိန်ကတည်းက လူအများအပြားဟာ နန်းတော်ရှေ့မှာ ဝင်ခွင့်ရဖို့ တန်းစီ နေခဲ့တာပါ။ သူတို့ဟာ ဘုရင် ဘူမိဘောအဒူလျာဒက်ကို နောက်ဆုံး ဂါရဝပြုဖို့ ပိုင်းဖြတ်ထားတယ်လို့လည်း ပြောပါတယ်။
အသက် ၈၈ နှစ်အရွယ်မှာ နတ်ရွာစံတဲ့ ထိုင်းဘုရင်အတွက် ဝမ်းနည်းခြင်းကာလ တနှစ်အဖြစ် ထိုင်းအစိုးရက ကြေညာထားပါတယ်။ စည်းမျဉ်းခံဘုရင် ဖြစ်ပေမယ့် ထိုင်းပြည်သူတွေ မျိုးဆက်အားလုံးက သူ့ကို ဖခင်ပုံရိပ်မှာ ထားပြီး ရှုမြင်ကြတာပါ။
ဘုရင် နတ်ရွာစံကတည်းက ထိုင်းနိုင်ငံတလွှားက ပြည်သူတွေ နန်းတော်ဆီကို စုပြုံ ရောက်လာပြီး နတ်ရွာစံဘုရင်ကို ဂါရဝပြုခဲ့ကြလို့ ထိုင်းအစိုးရက လုံခြုံရေး တိုးမြှင့်ထားခဲ့ရပါတယ်။










