DVB Logo
Home
မြန်မာသတင်း
ကြားဖြတ်ရွေးကောက်ပွဲတွင် ကျားခေါင်းရော ကျားဖြူပါ ဝင်ပြိုင်မည်
DVB
·
October 24, 2016
ကြားဖြတ်ရွေးကောက်ပွဲတွင် ကျားခေါင်းရော ကျားဖြူပါ ဝင်ပြိုင်မည်
Donate to DVB

လာမယ့် ဧပြီ ၁ ရက်မှာ ကျင်းပဖို့ရှိတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ရှမ်းတိုင်းရင်းသားပါတီ ၂ ခု ဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(ကျားခေါင်းပါတီ)နဲ့ ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) ၂ ပါတီလုံး ဝင်ရောက်ယှဉ်ပြိုင်ဖို့ရှိနေပါ တယ်။

လက်ရှိ ပြည်နယ်လွှတ်တော်ထဲမှာ အင်အားကြီးပါတီဖြစ်တဲ့ ကျားခေါင်းပါတီအနေနဲ့ ကျေးသီး၊ မိုင်းရှူးနဲ့ ကျိုင်းတုံမြို့နယ်တွေမှာ ၇ နေရာ ဝင်ပြိုင်ဖို့ ပြီးခဲ့တဲ့ရက်ပိုင်းက ဗဟိုကော်မတီ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တယ်လို့ ပါတီပြောရေး ဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ ဗဟိုကော်မတီအစည်းအဝေးကနေ ၇ နေရာ ဝင်ပြိုင်ဖို့ ဆုံးဖြတ်ပါတယ်၊ ကျေးသီးမှာ ပြည်သူ့လွှတ်တော်၁ နေရာ၊ ပြည်နယ်လွှတ်တော် ၂ နေရာ၊ မိုင်းရှူးမှာ ပြည်သူ့လွှတ်တော် ၁ နေရာ၊ ပြည်နယ်လွှတ်တော် ၂ နေရာ၊ ကျိုင်းတုံမှာတော့ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်မြေ အမှတ် ၂ မှာ တနေရာ စုစုပေါင်း ၇ နေရာမှာပါ ”

မိုင်းရှူးနဲ့ ကျေးသီးမြို့နယ်တွေဟာ ၂၀၁၅ ရွေးကောက်ပွဲတုန်းက နယ်မြေလုံခြုံရေး အခြေအနေကြောင့် ရွေးကောက်ပွဲ မကျင်းပဖြစ်ခဲ့တဲ့နေရာတွေဖြစ်ပါတယ်။

ဒီဒေသမှာ ရွေးကောက်ပွဲ မလုပ်ရတဲ့အတွက် မဲဆန္ဒရှင်ပြည်သူတွေဘက်က မဲပေးပိုင်ခွင့် ဆုံးရှုံးရသလို လွတ်တော်ကိုယ်စားလှယ်မရှိလို့ ပြည်သူတွေရဲ့အသံ၊ ဖြစ်ပျက်နေတဲ့ ကိစ္စတွေ လွှတ်တော်မှာ တင်ပြပေးမယ့် ကိုယ်စားလှယ် မရှိကြောင်း၊ လွတ်တော် အမတ်ရဲ့ တာဝန်ဝတ္တရားဖြစ်တဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး၊ တည်ဆဲဥပဒေ ပြင်ဆင်ရေး၊ တရားသော ဥပဒေများ ပြဋ္ဌာန်းရေးမှာ မိမိဒေသက လွှတ်တော်ကိုယ်စားလှယ် ပါဝင်ခွင့်မရဘူးလို့ ဦးစိုင်းလိတ်က ပါတယ်။

ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)ကတော့ ကြားဖြတ် ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ရှိပေမယ့် ဘယ်မြို့နယ်မှာ ဘယ်နှနေရာ ဝင်ပြိုင်မလဲဆိုတာတော့ လာမယ့် နိုဝင်ဘာလ ၂ ရက် တောင်ကြီးမှာ ကျင်းပမယ့် ဗဟိုကော်မတီအစည်းအဝေးမှာ ဆုံးဖြတ်မယ်လို့ ပါတီအလုပ်အမှုဆောင် နန်းဝါနုက ပြောပါတယ်။

ကျားဖြူပါတီဟာ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ တနေရာမှာ အနိုင်ရခဲ့ခြင်းမရှိဘဲ ကျားခေါင်းပါတီကတော့ လွှတ်တော် ၃ ရပ်ပေါင်း နေရာ ၄၀ လောက် အနိုင်ရရှိခဲ့ပါတယ်။

လာမယ့် ၂-၁၇ ဧပြီ ၁ ရက်မှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ ပြည်နယ်လွှတ်တော်မှာ လစ်လပ်နေတဲ့ မဲဆန္ဒနယ် စုစုပေါင်း ၁၈ နယ်အတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားပါတယ်။

ဒါပေမယ့် အောက်တိုဘာ ၁၁ ရက်ကမှ ညောင်ရွှေမဲဆန္ဒနယ် အမှတ် (၁) က လွှတ်တော်အမတ်၁ ဦးထပ် ကွယ်လွန်သွားတဲ့အတွက် စုစုပေါင်း လစ်လပ်နေရာ ၁၉ နေရာ ဖြစ်လာဖို့ရှိနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013