DVB Logo
Home
မြန်မာသတင်း
မဲစာရင်းများ မှန်ကန်ရန် အိမ်တိုင်ရာရောက် ကောက်ခံသည့်စနစ် ကျင့်သုံးမည်
DVB
·
October 24, 2016
မဲစာရင်းများ မှန်ကန်ရန် အိမ်တိုင်ရာရောက် ကောက်ခံသည့်စနစ် ကျင့်သုံးမည်
Donate to DVB

လာမယ့်ရွေးကောက်ပွဲတွေမှာ မဲဆန္ဒရှင်စာရင်းတွေ မှန်ကန်ဖို့အတွက် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေနဲ့ အိမ်တိုင်ရာရောက် ကောက်ခံသွားမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။

ဒီကနေ့ နေပြည်တော်မှာရှိတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှာ ပြုလုပ်တဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေနဲ့ ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံပွဲမှာ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းကပြောဆိုလိုက်တာပါ။

မဲစာရင်းတွေ မှန်ကန်စေဖို့အတွက် မဲဆန္ဒရှင်စာရင်းတွေကို နိုဝင်ဘာလမှာ စတင်ကွင်းဆင်းကောက်ခံဖို့ အစီအစဉ်နဲ့ ပတ်သက်ပြီး ဦးလှသိန်းက “မဲစာရင်းတွေ မှန်ကန်ဖို့အတွက် ကျနော်တို့က သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတွေနဲ့ Door to Door စနစ်နဲ့ ကောက်ခံသွားဖို့ အစီအစဉ် လုပ်ထားပါတယ်။ ကျနော်တို့က မြေပြင်မှာ Door to Door မဆင်းရင်တော့ မဲစာရင်းက မှားယွင်းတာတွေ ရှိလာနိုင်တယ်လို့ သုံးသပ်တဲ့အတွက် ကျနော်တို့ Door to Door ကောက်မယ်။ အဓိကက ကော်မရှင် အဖွဲ့ဝင်တွေရယ်၊ သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေနဲ့ ပူးပေါင်းပြီး တိတိကျကျဖြစ်အောင် ကောက်ပါမယ်။”လို့ပြောပါတယ်။

ဒါ့အပြင် မဲပေးတဲ့စနစ်ကိုလည်း ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ အသုံးပြုခဲ့တဲ့ တံဆိပ်တုံး ရိုက်နှိပ်ပြီး မဲပေးတဲ့စနစ်ကိုသာ အသုံးပြုမှာ ဖြစ်တယ်လို့လည်း ဦးလှသိန်းက ဒီဗွီဘီကို ပြောပါတယ်။
“၂၀၁၅ တုန်းကလည်း တံဆိပ်တုံးထုတာနဲ့ပဲ လုပ်ခဲ့ပြီးပြီ။ တော်တော်များများလည်း ကျင့်သုံးပြီးသားဖြစ်တဲ့အတွက် ဒါကိုပဲ ဆက်လက်ကျင့်သုံးသွားဖို့ ရည်မှန်းထားပါတယ်။ ဒါနဲ့ ပတ်သက်လို့လည်း အမှားအယွင်းတွေ တချို့တလေတော့ ရှိချင်ရှိမှာပေါ့လေ။ ဒါပေမယ့် အများစုက အမှားအယွင်း နည်းပါတယ်။ အဲဒါကြောင့် တံဆိပ်တုံးထုတာကိုပဲ ကျင့်သုံးသွားဖို့ ရှိပါတယ်။ နောင်ဆက်သွားမှာဆိုတော့ ကျနော်တို့က အစတခုကို လုပ်ထားပြီးရင် ပြန်ပြင်လိုက်၊ နောက်တခါ ပြန်လုပ်လိုက်ဆိုရင် ပြည်သူတွေမှာလည်း မျက်စိလည်သွားနိုင်တယ်။ တံဆိပ်တုံးနှိပ်တာလည်း ၂၀၁၅ မှာ တော်တော်အောင်မြင်တယ်လို့ ကျနော်တို့ သတ်မှတ်ပါ တယ်။”

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေးက တော့ လက်ရှိမဲပေးတဲ့စနစ်ကို အကောင်းအမွန်ဆုံးဖြစ်အောင် ပြောင်းလဲစေချင်တယ်လို့ ပြောပါတယ်။

“မှတ်ပုံတင်ကတ်ပြားဟာ သက်သေခံလို ဖြစ်တယ်။ မှတ်ပုံတင် ကတ်ပြားနဲ့ မဲထုတ်ပေးတာက ပိုသေချာတယ်။ သူဟာ အရင်တုန်းက အဲဒါနဲ့ မဲပေးတယ်ဆိုရင် ဒါ သိပ်အဆင်မပြေဘူး။ ဘာလို့လဲဆိုတော့ အိုဗာလက်ဖ် ဖြစ်သွားနိုင်တယ်။ ဒီရက်ကွက်မှာ မဲပေးပြီးတော့ ဟိုးဘက်ရပ်ကွက်မှာလည်း မဲသွားပေးနိုင်တယ်။ မှတ်ပုံတင် ကတ်ပြား ရှိဖို့တော့ နိုင်ငံတော်အစိုးရက လုပ်ပေးသင့်တယ်”
ကြံ့ခိုင်ရေးပါတီအနေနဲ့ လာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာလည်း လစ်လပ်မဲဆန္ဒနယ် တွေမှာ ဝင်ရောက်ယှဉ်ပြိုင် သွားမယ်လို့လည်းဒေါက်တာ ကျော်ကျော်ဌေးက ပြောပါတယ်။

လာမယ့် ၂၀၁၇ ဧပြီ ၁ ရက်မှာ နိုင်ငံတဝန်း လစ်လပ်မဲဆန္ဒနယ်မြေ ၁၈ ခုမှာ ကြားဖြတ်ရွေးကောက်ပွဲတွေ ကျင်းပမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ပြီး ပြည်သူ့လွှတ်တော် လစ်လပ်မဲဆန္ဒနယ် ၉ ခု၊ အမျိုးသားလစ်လပ်မဲဆန္ဒနယ် ၃ ခုနဲ့ ပြည်နယ်တိုင်း လွှတ်တော်လစ်လပ်နယ်မြေ ၆ ခု တို့ ဖြစ်ပါတယ်။

ဒါပေမယ့် အောက်တိုဘာ ၁၁ ရက်က ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ညောင်ရွှေမဲဆန္ဒနယ် အမှတ် (၁) က လွှတ်တော်ကိုယ်စားလှယ် ကွယ်လွန်သွားတဲ့အတွက် အဲဒီတနေရာပါ ကျင်းပမှာဖြစ်ပြီး စုစုပေါင်း ၁၉ နေရာ ဖြစ်လာမှာပါ။

အခု ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ တုန်းက လုံခြုံရေး အခြေအနေအရ မကျင်းပဖြစ်ခဲ့တဲ့ ၇ မြို့နယ်ထဲက မိုင်းရှူးနဲ့ ကျေးသီးနယ်မြေတွေ ပါဝင်လာပါတယ်။ ဒါပေမယ့် ကျန် ၅ မြို့နယ်ဖြစ်တဲ့ ပန်ဆန်း၊ ပန်းဝါ၊ နားဖန်း၊ မိုင်းမောနဲ့ မိုင်းလားမြို့နယ်များမှာ လုံခြုံရေး အခြေအနေအရ ရွေးကောက်ပွဲများ ကျင်းပနိုင်ခြင်း မရှိသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013