DVB Logo
Home
မြန်မာသတင်း
လူနေကျေးရွာကိုရောက်လာသည့် တောဆင်ရိုင်းကို မေ့ဆေးသေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး
DVB
·
October 24, 2016
လူနေကျေးရွာကိုရောက်လာသည့် တောဆင်ရိုင်းကို မေ့ဆေးသေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး
1 / 3
Donate to DVB

ပဲခူးရိုးမအတွင်းသင်းကွဲပြီး မျက်စိလည်ရောက်လာတဲ့ အသက် ၁၅ နှစ်ခန့်ရှိ တောဆင်ရိုင်းတကောင်ကို အဖျောက်မြို့ အောက်ရေကံကုန်ကျေးရွာအနီး လယ်ကွင်းမှာ သစ်တောဝန်ထမ်းတွေက မေ့ဆေးသေနတ်နဲ့ ပစ်ခတ်ဖမ်းဆီး ထိန်းသိမ်းလိုက်ပါတယ်။

အောက်တိုဘာ ၂၂ ရက်က တောဆင်ရိုင်းဟာ လူနေအိမ်တွေနဲ့ နီးကပ်လာတာကြောင့် မြန်မာ့သစ်လုပ်ငန်း မြိုင်ဟေဝန်ဆင်စခန်းက ဆင်ဦးစီးတွေ၊ ဆင်ဖမ်းဝန်ထမ်းတွေ ပူးပေါင်းပြီး မေ့ဆေးသေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး ထိန်းသိမ်းခဲ့တာလို့ မြိုင်ဟေဝန်ဆင်စခန်းမှာ ဆင်အုပ်ကြီး (ဆင်ဖမ်း)ဦးမောင်မောင်ချေက ပြောပါတယ်။

"ကျွန်တော်တို့ ဒီဆင်နောက်ကို လိုက်နေတာပါ။ အောက်တိုဘာလ ၁၉ ရက်နေ့ကတည်းက ပဲခူးရိုးမတောထဲကနေ အုပ်စုကွဲပြီး လူနေရွာတွေဘက်ကို သွားတယ် သတင်းကြားလို့ အိမ်ဆင် ၃ ကောင်နဲ့ထိန်းပြီး ဖမ်းဖို့လုပ်နေတာပါ။ လူတွေကိုလည်း အနားမကပ်ဖို့၊ ဓာတ်ပုံမရိုက်ဖို့ကို မှာထားရပါတယ်။ သူက တိုက်ကြီးမြို့ကနေတဆင့် လိုင်မြစ်ကိုကျော်ပြီး အဖျောက်နယ်မြေထဲကို ရောက်သွားတယ်။ အဲဒီမှာ စပါးခင်းတွေ ဝင်စားတယ်။ ငါးကန်တွေမှာ ရေဝင်စိမ်တယ်။ ဘယ်မှ ဆက်မသွားဘဲနေတော့ ရွာသူ၊ ရွာသားတွေကလည်း စိုးရိမ်တာပေါ့။ အပြင်မထွက်ရဲကြ တော့ဘူးလေ။ ကြာရင် လူတွေကို အန္တရာယ်ပေးမှာကိုလည်း စိုးရိမ်တာကြောင့် အခုလို မေ့ဆေးသေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးရတာ”လို့ ဒီဗွီဘီကို ပြောပါတယ်။

ပဲခူးရိုးမ သစ်တောကြိုးဝိုင်းနဲ့အနီးမှာရှိတဲ့ ကျေးရွာများမှာ စပါးပေါ်ချိန်၊ နွေရာသီ ကြံပေါ်ချိန်များမှာ တောဆင်ရိုင်းများ အုပ်စုဖွဲ့ဆင်းလာပြီး စပါးခင်းများ၊ ကြံခင်းများနဲ့ လူတို့ စိုက်ပျိုးထားတဲ့ သီးပင် စားပင်များကို လာရောက်ဖျက်ဆီး စားသောက်ပြီး လူတွေကိုလည်း အန္တရာယ်ပေးတတ်ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြန်မာနိုင်ငံ ရွှေတောင်၊ သပိတ်ကျင်း၊ တိုက်ကြီး၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းဒေသကြီးနဲ့ ဧရာဝတီတိုင်းဒေသကြီးတို့မှာ တောဆင်ရိုင်းအကောင်ရေအများဆုံး ရှိပြီး မြန်မာနိုင်ငံမှာ တောဆင်ရိုင်း အကောင်ရေ ၂၀၀၀ ခန့်သာ ရှိပါတော့တယ်။
သတင်း - မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013