DVB Logo
Home
မြန်မာသတင်း
လပွတ္တာမြို့ပေါ်ကို လူပေါင်း ၂၉၀၀ ခန့် မုန်တိုင်းဘေးတိမ်းရှောင်လာ
DVB
·
October 24, 2016
လပွတ္တာမြို့ပေါ်ကို လူပေါင်း ၂၉၀၀ ခန့် မုန်တိုင်းဘေးတိမ်းရှောင်လာ
Donate to DVB

မုန်တိုင်းငယ်အန္တရယ်ကြောင့် လပွတ္တာမြို့နယ်အတွင်း ပင်လယ်မြစ်ချောင်းတွေနဲ့ နီးတဲ့ကျေးရွာ ၁၅ ရွာလောက်က လူပေါင်း ၂၉၀၀ ခန့် လပွတ္တာမြို့ပေါ် တိမ်းရှောင်လာနေကြပါတယ်။

မနေ့ အောက်တိုဘာလ ၂၃ ရက်နေ့ကစပြီး တိမ်းရှောင်လာကြတာဖြစ်ပြီး ဒီနေ့မနက် ၉ နာရီအထိ လူပေါင်း ၂၈၆၀ ရှိနေပြီဖြစ်ပြီး မြို့ပေါ် နေရာ ၁၈ ခုမှာ နေရာချပေးထားတယ်လို့ မြို့နယ် အုပ်ချုပ်ရေးမှူးဦးလှရှောင်က ပြောပါတယ်။

“သူတို့က မုန်တိုင်းဒီရေက ၇ ပေကနေ ၁၀ အတွင်းမှာရှိနိုင်တယ်ဆိုတော့ သူတို့အနေနဲ့ နည်းနည်းစိုးရိမ်ပြီးတော့ ကျနော်တို့မြို့ကတော့ ရေလွတ်တယ်ပေါ့နော်။ ရေလွတ်တဲ့နေရာကို သူတို့လာကြတာပေါ့။ အဲတော့ ကျနော်တို့ဆီမှာ လောလောဆယ်အနေအထားကတော့ ၂၈၆၀ ဦးရှိပါတယ်။ ကျနော်တို့က သူတို့ကို နေရာ ၁၈ နေရာ ဘုန်းကြီးကျောင်းတွေ ရပ်ကွက်လိုက်၊ ရွာအလိုက် ၁၈ နေရာကိုနေရာချထားပေးတယ်။ အဲဒီမှာ ကျနော်တို့ အဖွဲ့တွေ ဖွဲ့ပြီးတော့ စနစ်တကျ နေရာချထားရေး၊ စားသောက်ရေး၊ ကျန်းမာရေး၊ လုံခြုံရေး အကုန်လုံးကို စီစဉ်ပြီးတော့ ဆောင်ရွက်ပေးထားပါတယ်။”

တညင်ကုန်း၊ ကန့်ပလာ၊ လွှစာ၊ တင်တန်းကြီး၊ စလူဆိပ်၊ ကိုင်းတော်ချောက် အစရှိတဲ့ရွာ ၁၅ ရွာလောက်က ရွာသူရွာသားတွေ တိမ်းရှောင်လာတာဖြစ်ပြီး လပွတ္တာမြို့ပေါ်က အလှူရှင်တွေ ကလည်း အစားအသောက်အတွေက် သွားရောက်ကူညီပေးကြတယ်လို့လည်း ပြောပါတယ်။

လတ်တလော လေအနည်းငယ်တိုက်တာကလွဲလို့ နေသာပြီး ရာသီဥတု ကောင်းမွန်နေပေမယ့် မုန်တိုင်းအန္တရာယ်ကြောင့် လပွတ္တာခရိုင်တွင်းရှိ လပွတ္တာမြို့နယ်နဲ့ မော်လမြိုင်ကျွန်းမြို့နယ် အတွင်းရှိ အခြေခံပညာစာသင်ကျောင်းတွေကို ဒီကနေ့ ၂၄ ရက်နေ့က ၂၅ ရက်နေ့အထိ ခေတ္တပိတ်ထားဖို့ ခရိုင်ပညာရေးမှူးရုံးက ထုတ်ပြန်ထားပါတယ်။

ကျောင်းပိတ်ရက်တွေအတွက် အောက်တိုဘာ ၂၉ ရက်နဲ့ နိုဝင်ဘာ ၅ ရက်နေ့တွေမှာပြန်လည် အစာထိုး တက်ရောက်ရမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

အလားတူ ဟိုင်းကြီးကျွန်းမြို့ပေါ်ရပ်ကွက်နဲ့ ပင်လယ်ကမ်းခြေကျေးရွာတွေမှာ မုန်တိုင်းခိုလှုံသူ ဒီကနေ့မနက်ထိ အိမ်ထောင်စုပေါင်း ၁၅၀၀ နီးပါး လူဦးရေ ၆၀၀၀ လောက်ရှိတယ်လို့မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ကိုးကားပြီး အစိုးရပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာတော့ ရာသီဥတုကောင်းမွန်နေကြာင်းနဲ့ မုန်တိုင်းအတွက် တိမ်းရှောင်သူမရှိကြောင်း သံတွဲမြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးမင်းကြည်က ပြောပါတယ်။

“သံတွဲအခြေအနေ ရာသီဥတုကောင်းနေပါတယ်ခင်ဗျာ။ ဒီရေလည်း မမြင့်တက်ပါဘူး။ နေလည်း သာနေပါတယ်။ မိုးကတော့ နည်းနည်းရှိတယ်။ နောက်တခါ လေယာဉ်လည်း အတက်အဆင်း ရှိပါတယ်။ အာလုံးအေးဆေးပါပဲ။ ရာသီဥတုကောင်းပါတယ်။ ကျနော်တို့လည်း မနေ့ကမှ သံတွဲနဲ့ မိုင် ၂၀ ၊ အစိတ်ရှိတဲ့ရွာတွေကို စည်းရုံးရေးဆင်းပြီးပြန်လာပါတယ်။ ရာသီဥတု ကောင်းပါတယ်။”

မိုးဇလဌာနရဲ့ ဒီမနက် ၁၀ နာရီခွဲအချိန် တိုင်းထွာချက်များအရတော့ မုန်တိုင်းငယ်ဟာ မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ မြောက်၊ အနောက်မြောက်ဘက် ၁၃၅ မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့၏ အနောက်-အနောက်မြောက်ဘက်မိုင် ၇၀ ခန့်၊ ပုသိမ်မြို့၏ အနောက်-အနောက်တောင်ဘက် မိုင် ၉၀ ခန့်၊ ဂွမြို့၏ အနောက်တောင်ဘက် ၁၀၅ မိုင်ခန့်၊ ရန်ကုန်မြို့၏ အနောက်၊ အနောက်တောင်ဘက် ၁၇၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ ဆိုပါတယ်။

မုန်တိုင်းငယ်ရဲ့ လက်ရှိအခြေအနေမှာ မြန်မာ့ကမ်းရိုးတန်း (မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တောင်ပိုင်းဒေသ)တို့နဲ့ နီးကပ်နေလို့ အနီရောင်အဆင့်ဟု သတ်မှတ်ထားဆဲ ဖြစ်ပါတယ်။

အဆိုပါ အားကောင်းသော မုန်တိုင်းငယ်ဟာ နောက် ၂၄ နာရီအတွင်း ပိုမိုအားကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိနိုင်ပြီး ပြန်ကွေ့ကာ မြောက်၊ အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013