DVB Logo
Home
Lead Story
ဝမ်းနည်းရမှာလား၊ ဝမ်းသာရမှာလား ဒူတာတီ
DVB
·
October 24, 2016
ဝမ်းနည်းရမှာလား၊ ဝမ်းသာရမှာလား ဒူတာတီ
Donate to DVB

 

ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတီက သူ့ရဲ့ ၄ ရက်တာ တရုတ်နိုင်ငံခရီးစဉ်အတွင်းမှာ အမေရိကန်ရဲ့ ထီးရံနန်းရံနိုင်ငံအဖြစ်ကနေ ထွက်တော့မယ်လို့ အတိအလင်း ကြေညာလိုက်တာကို တအံ့တသြ တွေ့ရပါတယ်။ သူဟာ တကယ်ပဲ မစ္စစ္စပီမြစ်ရဲ့ ရေစီးကနေ ယန်စီမြစ်ရဲ့ရေစီးကြောင်းကို လိုက်တော့မှာလား။ သေချာတဲ့ အာမခံချက်တွေ သူ တကယ်ပဲ ရခဲ့ပြီလား ဆိုတာကတော့ ဖိလိပိုင်သမ္မတ ဒူတာတီးပဲ သိမှာပါ။

သူက တောင်တရုတ်ပင်လယ်အရေးမှာ ဖိလစ်ပိုင်က တရုတ်နိုင်ငံအပေါ် ထိုးနှက် တိုက်ခိုက်ခဲ့လို့ တရုတ်နိုင်ငံနဲ့ သူ့နိုင်ငံရဲ့ ဆက်ဆံရေး အတော်ကြီး တင်းမာခဲ့တာကို ချက်ချင်းပဲ ဖြေလျှော့ပြီး အရင် စစ်အေးတိုက်ပွဲကာလ အသုံးအနှုန်းအရ ပြောရရင် တရုတ်ရဲ့ထီးရံနန်းရံနိုင်ငံ အဖြစ် နေတာက အမေရိကန်နဲ့ မဟာမိတ်နိုင်ငံအဖြစ် နေရတာထက် ပိုကောင်းတယ်လို့များ ထင်မြင်ယူဆလိုက်လေသလား။

လောလောဆယ် သူ လုပ်နေတဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စီမံချက်မှာ တရားဥပဒေမဲ့ သတ်ဖြတ်တာတွေအပေါ် ဝေဖန်ပြောဆိုလာတဲ့ အမေရိကန်နိုင်ငံနဲ့ ဘာမှ မပြော၊ ပြင်းပြင်းထန်ထန် မဝေဖန်ဘဲ ငြိမ်ကြည့်နေတဲ့ (တနည်းအားဖြင့် သဘောတူနေတဲ့) တရုတ်နိုင်ငံ ဘက်ကို နင်းမှ သူ့ရဲ့ရပ်တည်မှု ပိုပြီးလုံခြုံစိတ်ချရမယ်လို့များ ထင်သွားလို့လားလို့ စဉ်းစားစရာ ဖြစ်လာပါတယ်။

သူကတော့ ခပ်မိုက်မိုက်ပဲ ဘေဂျင်းစည်းဝေးပွဲ တခုရဲ့ လက်ခုပ်သြဘာသံတွေနဲ့အတူ “ကျနော်က အမေရိကန်နဲ့ ကွဲပြား တသီးတခြားဖြစ်သွားပြီ ဖြစ်တဲ့အကြောင်း ကြေညာအပ်ပါတယ်”

လို့ ပြောကြားခဲ့သလို၊ “အမေရိကက ကျန်ာတို့ဘဝတွေကို မထိန်းချုပ်ပါဘူး။ ဒီလောက်နဲ့ တော်လိုက်ပါတော့” လို့ သူ့ရဲ့ တောင်ရောက် မြောက်ရောက်၊ ဟိုမရောက် ဒီမရောက် ဘာသာစကားတွေနဲ့ ပြောကြားသွားခဲ့ပါတယ်။ အမေရိကန်နိုင်ငံကို ရည်ညွှန်းပြီး “တရုတ်နိုင်ငံကို ပေးချေစရာတွေ ရှိနေရက်နဲ့ ခင်ဗျားက ဘယ်လိုလုပ် ကမ္ဘာ့အင်အားအကြီးဆုံး စက်မှုနိုင်ငံ ဖြစ်နိုင်မှာလဲဗျာ” လို့တောင် သရော်ပြောဆိုသွားခဲ့ပါသေးတယ်။

သူ အဲဒီလိုပြောတဲ့အချိန်ဟာ သူနဲ့ တရုတ်သမ္မတ ရှီကျင်းပင်တို့ တောင်တရုတ်ပင်လယ် အငြင်းပွားမှုဟာ သိပ်အရေးထားစရာမလိုတဲ့ကိစ္စ ဖြစ်တယ်လို့ ပြောဆိုနေခဲ့ကြအပြီးမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဆင်ဟွာသတင်းဌာနကတော့ ပင်လယ်ပြင် တဖက်တချက်က အိမ်နီးချင်းနိုင်ငံတွေ ဖြစ်နေတဲ့အတွက် ရန်လိုစရာ အကြောင်းမရှိသလို ထိပ်တိုက်ရင်ဆိုင်စရာလည်း မရှိတဲ့ နှစ်နိုင်ငံ ဖြစ်တယ်လို့ တရုတ်သမ္မတ ရှီကျင်းပင်က ပြောကြားခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

ဖိလစ်ပိုင်သမ္မတ ဒူတာတီကတော့ သူနဲ့ တရုတ်သမ္မတ ရှီကျင်းပင်ရဲ့ တွေ့ဆုံမှုဟာ သမိုင်းဝင်ဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံ မြို့တော်ဘေဂျင်းမှာရှိတဲ့ ဖိလစ်ပိုင် ပြည်သူတွေကို ပြောကြားတဲ့ မိန့်ခွန်းမှာတော့ ဖိလစ်ပိုင်ကို ကာလရှည်ကြာ ကိုလိုနီလုပ်ခဲ့တဲ့ အမေရိကန်နဲ့ မဟာမိတ်အဖြစ် နေခဲ့ရတာ ကြာလာခဲ့ပေမယ့် မဆိုစလောက်ပဲ ရခဲ့တယ်။ “ဖာသည်မသား ဖြစ်ခဲ့တာပဲ” လို့ ခပ်ပြတ်ပြတ် ခပ်ရိုင်းရိုင်းလည်း ထပ်ပြောသွားခဲ့သလို တရုတ်နိုင်ငံကိုတော့ အစောပိုင်းကတည်းက ကောင်းပါတယ်၊ “မျိုးဆက် အဆက်ဆက် ကျန်ာတို့နိုင်ငံကို တရုတ်နိုင်ငံက ဘယ်တုန်းကမှ မကျူးကျော် မထိပါးပါဘူး”လို့ ပြောကြားသွားခဲ့ပါတယ်။ ပွင့်လင်းရင်းနှီးမှုနဲ့ ဆက်ဆံခဲ့ပါတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဒူတာတီးက မဟာဗျူဟာအရ အရေးပါတဲ့ တောင်တရုတ်ပင်လယ်အတွင်း အမေရိကန်၊ ဖိလစ်ပင်း ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ရပ်ဆိုင်းထားလိုက်ပြီး နှစ်နိုင်ငံ ပူးတွဲစစ်ရေး လေ့ကျင့်မှုကို အဆုံးသတ်ပစ်မယ်လို့လည်း ခြိမ်းခြောက်ခဲ့ပါတယ်။

တကယ်တော့ တောင်တရုတ်ပင်လယ်ဟာ အမေရိကန်နိုင်ငံရဲ့ အရေးပါတဲ့ အကျိုးစီးပွား ဖြစ်ပြီး အာရှ-ပစိဖိတ်ဒေသ ဗဟိုချက်လည်း ဖြစ်နေခဲ့တဲ့အတွက် တရုတ်နိုင်ငံက ဒီဒေသကို သူ ပိုင်တယ်လို့ တောင်းဆိုခဲ့တာလို့ ပြောရမှာပါပဲ။

အရင်သမ္မတ အကွီနို လက်ထက်က နိုင်ငံတကာခုံရုံးရဲ့ အဆုံးအဖြတ်မှာ တောင်တရုတ်ပင်လယ်ဒေသ ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး ဖိလစ်ပိုင်က အနိုင်ရရှိခဲ့ပြီး တရုတ်နိုင်ငံက ဖိလစ်ပိုင်နိုင်ငံကို မျက်မာန်ရှခဲ့တဲ့ ဖြစ်ရပ်ကိုတော့ စာဖတ်ပရိသတ် သိခဲ့ပြီး ဖြစ်ပါလိမ့်မယ်။ အာရှ ဘီလူးကြီးအတွက်ကတော့ စိတ်ကသိကအောက်ဖြစ်စရာ ဖြစ်ခဲ့တယ်လို့ ပြောရမှာပါပဲ။

ဒါပေမယ့် နိုင်ငံတကာခုံရုံးက အဲဒီလို တရုတ်နိုင်ငံကို အရှုံးပေးလိုက်တဲ့ စီရင်ချက်မချခင် ကာလကလေး ဖြစ်တဲ့ ဇွန်လမှာမှ သမ္မတတာဝန် ထမ်းဆောင်ခဲ့ရတဲ့ ဒူတာတီအဖို့ကတော့ သူတို့ရဲ့ အောင်ပွဲကို သိပ်ဂုဏ်ယူစရာမရှိဘူးဆိုတဲ့ပုံစံ နေထိုင်ခဲ့တာ တွေ့ရပါတယ်။

အဲဒီလို အပြတွေကြောင့်ပဲ တရုတ်သမ္မတ ရှီကျင်းပင်နဲ့ ဖိလစ်ပိုင်သမ္မတ ဒူတာတီးတို့ရဲ့ တွေ့ဆုံမှုကို နှစ်နိုင်ငံအကြား  အစဉ်အလာ မိတ်ဆွေဖြစ်မှုကို အပြည့်အဝ ပြန်လည်ရယူနိုင်ခဲ့တာ ဖြစ်တယ်လို့ တရုတ်နိုင်ငံက သဘောထားတဲ့အကြောင်း တရုတ်ဒုတိယဝန်ကြီး လျူစင်မင်က ပြောကြားခဲ့တာ တွေ့ရပါတယ်။ နှစ်နိုင်ငံ သမ္မတတွေဟာ အပြန်အလှန် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၊ အခြေခံအဆောက်အဦ၊ စိုက်ပျိုးရေးနဲ့ တခြားလုပ်ငန်း ၁၃ ခုတွေအတွက် လက်မှတ်ရေးထိုးမှုတွေကို ကြီးကြပ်ပေးခဲ့ပါတယ်။

တရုတ်နိုင်ငံကတော့ ဖိလစ်ပိုင်နိုင်ငံ သမ္မတကို ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စီမံကိန်းတွေအတွက်

အကူအညီအဖြစ် ဒေါ်လာ သန်း ၉ ထောင်ကို သက်သာတဲ့ အတိုးနှုန်းနဲ့ ချေးပေးမှာ ဖြစ်တယ်လို့ ဖိလစ်ပိုင် နန်းတော်ပြန်ကြားရေးရဲ့ ထုတ်ပြန်ကြေညာချက်အရ သိရပါတယ်။ အဲဒီချေးငွေတွေထဲက ဒေါ်လာ ၁၅ သန်းဟာ ဒူတာတီးရဲ့ မူးယစ်ဆေးဝါး နှိမ်နင်းရေးမှာ ပြန်လည် တည်ဆောက်ရေးအတွက် ဒေါ်လာ ၁၅ သန်း သုံးစွဲရမယ်လို့ ကန့်သတ်ထားပေးပြီး ဖြစ်ပါတယ်။ အဲဒီငွေတွေကိုလည်း သမ္မတက မူးယစ်ဆေးဝါး သုံးစွဲပြီး အခု ရပ်ဆိုင်းသွားတဲ့သူတွေ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးမှာ အကြမ်းဖက် သတ်ဖြတ်မှုတွေကြောင့် သေဆုံး နစ်နာကျန်ခဲ့ရသူတွေအတွက် သုံးစွဲပါ့မလား။

ဒီလိုကောင်မျိုးတွေနဲ့ သူတို့မိသားစုတွေ သူ့မိုက်ပြစ်နဲ့သူ ခံကြပါစေလို့များ လူသားချင်းစာနာ

ထောက်ထားမှုမဲ့ သဘောထားမယ်ဆိုရင်ရော၊ ဖိလစ်ပိုင်နိုင်ငံက သာမန်ပြည်သူလူထုတွေအတွက် အကျိုးရှိပါ့မလား။ စဉ်းစားစရာ ရှိပါတယ်။ သမ္မတ ဒူတာတီရဲ့လုပ်ရပ်တွေရဲ့ အကောင်း အဆိုး အကျိုးရလဒ်တွေအတွက် ဝေဖန်ထောက်ပြတဲ့ လွှတ်တော်အမတ်တွေရော ရှိရဲ့လား။ ပြည်သူလူထုကရော သူတို့နိုင်ငံသမ္မတကို ဝေဖန်ထောက်ပြရဲပါ့မလား။

သမ္မတ ဒူတာတီဟာ ဝေဖန်သုံးသပ်သူတွေ အကဲဖြတ်သလို သမ္မတ အာဏာကို အလွဲသုံးစား ပြုနေပြီလား။ သူ သတ်ချင်သလို သတ်မယ်၊ လုပ်ချင်တာ လုပ်မယ်။ ကျုပ်ကို ဝေဖန်ဆန့်ကျင်လာရင် ကုလသမဂ္ဂကတောင် ထွက်ပစ်လိုက်မယ် ဆိုသလို နိုင်ငံခေါင်းဆောင် ဂုဏ်အင်္ဂါနဲ့မညီ လက်လွတ်စပယ် ပြောဆိုနေတာမျိုး၊ တွေးတော ပြောဆိုလာတာတွေ  တွေ့လာနေရတဲ့အတွက် ကျနော်ကတော့ ဖိလစ်ပိုင်ပြည်သူတွေအတွက် အများကြီး ရင်လေးမိပါတယ်။ ခု သူ လုပ်နေတဲ့ မူးယစ်ဆေးဝါး နှိမ်နင်းရေးကိစ္စကလွဲရင် ဖိလစ်ပိုင် အခြေခံ ပြည်သူတွေရဲ့ စားဝတ်နေရေး၊ စီးပွားရေး၊ လူမှုရေးတွေအတွက် ဖွံ့ဖြိုးတိုးတက်အောင် ဆင်းရဲ၊ ချမ်းသာ မျဉ်းကြောင်း ကျဉ်းလာအောင် သူ ဘာများ လုပ်ခဲ့ပြီလဲ ဆိုတာကို ကျနော်တို့ စဉ်းစားရတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် သူက ရုတ်တရက်ပဲ အမေရိကန်တွေကို ပြစ်တင် ရန်လုပ်ပြီး တရုတ်နဲ့လုံးဖို့ ကြိုးစားခဲ့တာဟာ သာမန် အတွေးအခေါ် (common sense) တောင် ရှိရဲ့လားလို့လည်း စဉ်းစားလာရပါပြီ။

အဲဒီလို ကျနော် ပြောရတာက ဖိလစ်ပိုင်သမ္မတ ဒူတာတီရဲ့ “အမေရိကတော့ ခု ရှုံးနေပါပြီ။ ခင်ဗျားတို့ရဲ့ တွေးခေါ်စဉ်းစားမှုအတိုင်း ကျနော် စဉ်းစားကြည့်ပါတယ်။ ထားပါတော့၊ ကျနော် ပူတင်နဲ့ တွေ့ပြီး သူ့ကို ကမ္ဘာကြီးတခုလုံးကို ဆန့်ကျင်ဖို့ တရုတ်၊ ဖိလစ်ပိုင်နဲ ရုရှားတို့ပဲ ရှိတယ်လို့ ပြောဖို့ ရုရှားကို သွားမှာပါ။ ဒီလမ်းပဲ ရှိတော့တာပဲဗျာ” လို့ ပြောတဲ့ သူ့စကားအရ တင်ပြခဲ့တာပါ။ တကယ်ရော သူ ပြောတဲ့အတိုင်း ဖြစ်နေပါသလား။ ဖိလစ်ပိုင်သမ္မတရဲ့ ခု အပြော အလုပ်တွေဟာ သမာသမတ်ကျရဲ့လား မှန်မှန်ကန်ကန် စဉ်းစား တုံ့ပြန်ဖို့ကတော့ ကမ္ဘာ့နိုင်ငံအားလုံးရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။   ။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013