
အိန္ဒိယနိုင်ငံအရှေ့ပိုင်း၊ ဂျာခန်ပြည်နယ်မှာ ဝန်ကြီးချုပ်မိုဒီရဲ့ (ဘီဂျေပီ)ပါတီကို ထောက်ခံသူတွေက ပြည်နယ်လွှတ်တော်အဆောက်အအုံဆီချီတက်နေတဲ့ ဆန္ဒပြသူတွေအပေါ် ရဲတပ်ဖွဲ့ရဲ့ အရေးယူပုံကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပြီး ပြည်နယ်တဝန်းကို ပိတ်ချဖို့ သြဂုတ် ၁၁ ရက်မှာ တောင်းဆိုခဲ့ကြပါတယ်။
ဩဂုတ် ၁၀ ရက်က ကျောင်းသားတွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေမှာ ရဲတွေက ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ပြီး တုတ်တွေနဲ့ ရိုက်နှက်ရင်း အဆုံးသတ်ခဲ့ပြီး ကျောင်းဝင်းတွေဆီ ဆန္ဒပြသူတွေ မရောက်အောင် တားဆီးခဲ့တာပါ။
ဘီဂျေပီပါတီကို ထောက်ခံသူတွေက ပြည်နယ်တခုလုံးကို ပိတ်ချဖို့ လုပ်ဆောင်တဲ့အနေနဲ့ တာယာ တွေကို မီးရှို့ပြီး လမ်းတွေကို ပိတ်ဆို့ခဲ့ကြလို့ ယာဉ်ကြောတွေ ပိတ်ဆို့ခဲ့ပါတယ်။
တချိန်တည်းမှာ ကျောင်းသားတွေက ဇွဲမလျှော့ဘဲ ဆက်ဆန္ဒပြခဲ့ပြီး ပြည်နယ်စာမေးပွဲစနစ်ကို ပြုပြင်ပြောင်းလဲခြင်း၊ စာမေးပွဲတချို့ကို ဖျက်သိမ်းခြင်းနဲ့ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးခြင်း အပါအဝင် တောင်းဆိုချက်တွေကို စဉ်းစားဖို့ ပြည်နယ်အစိုးရကို တိုက်တွန်းခဲ့ပါတယ်။
ဝန်ကြီးချုပ် မိုဒီကို ဆန့်ကျင်တဲ့ ဒေသဆိုင်ရာပါတီတခုက အုပ်ချုပ်တဲ့ ပြည်နယ်အစိုးရက ဆန္ဒပြသူ တွေနဲ့ ဆွေးနွေးခဲ့ပါတယ်။
တောင်းဆိုချက်အများစုကို လက်ခံခဲ့ပြီး ပိုဆွေးနွေးဖို့ လမ်းဖွင့်ထားတယ်လို့လည်း ပြောပါတယ်။ အမျိုးသားဆေးပညာဝင်ခွင့် စာမေးပွဲမေးခွန်းတွေ ပေါက်ကြားလို့ ပြီးခဲ့တဲ့လက ပညာရေးဝန်ကြီး ဒါမန်ဒရာပရာဒန် ရာထူးက နုတ်ထွက်ခဲ့ရတဲ့ မြို့တော်ဒေလီက လူငယ်တွေဦးဆောင်တဲ့ ဆန္ဒပြပွဲတွေအပြီးမှာ ခုဆန္ဒပြပွဲ တွေ ပေါ်ပေါက်လာတာလည်း ဖြစ်ပါတယ်။
Source:Reuters











