Home
မြန်မာသတင်း
သရဲဝင်ပူးတယ်ဆိုပြီး ပယောဂဆရာက ရိုက်နှက်ကုပေးသဖြင့် ကလေး ၃ ဦးသေဆုံး
နော်နိုရင်း
·
October 22, 2016
14813721_10209546961324274_473406600_n
14813599_10209546959724234_1700154498_n
14805602_10209546960604256_98744852_n
14801175_10209546960444252_1939323746_n
14800781_10209546959204221_1919888438_n
14794149_10209546960924264_267675925_n
14793980_10209546960804261_596890016_n
ရန်ကုန်တိုင်း တွံတေးမြို့နယ် တွံတေးဝ ကျေးရွာအုပ်စု မိုင်  ၂၀ တောကွင်းတွင်နေ ကလေးငယ်တွေ သရဲဝင်ပူးတယ်ဆိုပြီးပယောဂဆရာဆိုသူက ရိုက်နှက်ကုပေးရာ ကလေး ၃ ဦးသေဆုံးပြီး ၁ ဦးအပြင်းအထန်ဒဏ်ရာရခဲ့ပါတယ်။ ရဲစခန်းက ပယောဂဆရာကို ဖမ်းဆီးစစ်ဆေးနေပြီး ဒဏ်ရာတဲ့ ၄ နှစ်အရွယ် ကလေးငယ်တဦးကတော့ ရန်ကုန်ဦးနှောက်နဲ့ အာရုံကြောဆေးရုံမှာ ဆေးကုသမှုခံယူနေပါတယ်။ သေဆုံးသူ ကလေးတွေကတော့ မောင်နေလလင်း ၄ နှစ်၊ မလှနှင်းရွှေ ၁ နှစ်ခွဲ၊ မယမင်း ၈ လတို့ဖြစ်ပါတယ်။ ဒီအအမှုနဲ့ပတ်သက်လို့ ကလေးငယ်တွေကို သွားရောက် အကူအညီပေးနေတဲ့  တွံတေး စိတ္တသုခအသင်း ဒုဥက္ကဋ္ဌ  ကိုပီတာကို ဆက်သွယ်မေးမြန်းထားပါတယ်။ မေး - တွံတေးမှာဖြစ်တဲ့ အမှုနဲ့ ပတ်သက်ပြီး နည်းနည်းလေး သိချင်လို့ပါ။ တွံတေးမြို့နယ်က မိုင် ၂၀ ကုန်းကျေးရွာမှာ ကလေးတွေကိုရိုက်လို့ သရဲဝင်ပူးတယ်ဆိုပြီး၊ ရိုက်လို့သေသွားတယ်ဆိုတဲ့ကိစ္စ သိသလောက်ပြောပြပေးလို့ရမလား။ ဖြေ - ဟုတ်ကဲ့ပါခင်ဗျ။ သူက ဘယ်လိုဖြစ်လဲဆိုတော့ ပယောဂ ဆရာလိုလိုဘာလိုလိုပေါ့။ အဲဒီဆရာကို ဦးလေးလုပ်တဲ့သူက အိမ်ကိုပင့်လာတယ်။ အဲဒီမှာသူက ဒီအိမ်မှာ မကောင်းဆိုးဝါး တွေ ၀င်ပူးနေတယ်ဆိုပြီးတော့ သူတို့ကို ကုပေးတာပေါ့နော်။ အခုက သူကတရားထိုင်တယ်ပေါ့။ ဆရာလုပ်တဲ့သူက သက်သတ်လွတ်စားတယ်ဆိုပြီးတော့ ဆန်မန်းတွေနဲ့ ဘာတွေနဲ့ပေါ့နော်။ ဆန်မန်းပေါက်တာတောင် ဆန် တအိတ်ခွဲလောက်ကုန်တယ်။ အဲလိုလုပ်ပြီးတော့ သူက သူ့ဆီမှာ အနံ့တခုရတယ်ပြောတယ်။ အဲဒီအနံ့ရတယ်ပေါ့နော်။ နောက်သူတို့တွေက ဘာမှမသိတော့ဘူး။ ကြောက်တဲ့စိတ်တခုပဲ ရှိတော့တယ်။ လူကြီးတွေအကုန်လုံးက။ သူတို့က အဲဒီမှာမှ မိုင် ၂၀ တာကုန်းပေါ့။ သူတို့က ကန်မှာလုပ်တဲ့ အလုပ်သမားတွေဆိုတော့ ညီအကိုမောင်နှမတွေပေါ့။ သူတို့ အိမ်လေးက တဲလေးလုံးပဲ စုထားတာပေါ့။ တခြားလူနေအိမ်တွေနဲ့ နည်းနည်းလေး လှမ်းတယ်။ နည်းနည်းလေး လှမ်းတဲ့အခါကျတော့ သူတို့မိသားစုတွေ အကုန်လုံးကလည်း ပညာမတတ်ဘူး။ ပညာမတတ်တဲ့အခါကျတော့ အဲဒီဆရာပြောတဲ့ဟာကို သူတို့က ယုံတာပေါ့။ ဆရာက ခြောက်လှန့်တဲ့အခါကျတော့ သူတို့က ကြောက်တဲ့စိတ်တခုပဲ ရှိတယ်။ အဲဒီမှာ သရဲဝင် ပူးနေတယ်ဆိုပြီးတော့ ကလေးတွေကို လက်ပြန်ကြိုးတုပ်ပြီးတော့ ရိုက်တယ်။ နောက်ပြီးတော့ ပုဆိန်နဲ့ထု တယ်တဲ့။ ပုဆိန်က ပုဆိန်အသွားနဲ့ မဟုတ်ဘူး နောက်ပိတ်နဲ့ပေါ့နော်။ ထုတဲ့အခါကျ တော့ ယောက်ျားလေးတယောက်က အရင်သေတယ်။ အသက်က ၄ နှစ်ကျော်ပေါ့။ အဲဒီ ကလေး လေးတယောက်အရင်သေတယ်။ သေတဲ့အခါမှာ အဖေတွေ ဦးလေးတွေကိုပဲ မြစ်ထဲမှာ သွားမျှော ခိုင်းတယ်။ အဖေတွေ ဦးလေးတွေကပဲ မြစ်ထဲမှာ သွားမျှောတယ်။ မျှောပြီးတော့ နောက်ထပ် ကလေးလေး နှစ်ယောက်ကို ရိုက်ရင်းရိုက်ရင်းနဲ့ နောက်ထပ် ကလေးလေးနှစ်ယောက် ထပ်သေတယ်။ ထပ်သေတဲ့အခါမှာ သူက အဲဒီအိမ်ရဲ့ အနောက်မှာ မြေမြှုပ်ခိုင်းတယ်။ အဖေတွေ ဦးလေးတွေကိုပဲ မြှုပ်ခိုင်းတာပေါ့။ အဖေတွေ ဦးလေးတွေကပဲ မြှုပ်ပေးရတယ်။ မြှုပ်ပေးပြီးတော့ နောက်ကလေးလေး တယောက်ကို ရိုက်တဲ့အချိန်မှာ သူတို့နဲ့ ဆွေမျိုးနီးစပ်တော်တဲ့ ရွာထဲကလူတွေက သိသွားပြီးတော့ အတင်းခေါ်ပြီးတော့ ဆေးရုံပို့မယ် ဘာညာလုပ်တယ်။ လုပ်တဲ့ အခါမှာ ရွာထဲက နားလည်တဲ့သူတွေကနေပြီးတော့ ဒါမဖြစ်သင့်ဘူး အဲဒီဆရာ ဘယ်မှာလဲဆိုပြီး ချက်ချင်းရှာဖမ်းပြီးတော့ စခန်းပို့လိုက်တာပေါ့။ မေး - အဲဒီဆရာက ဘယ်ကလဲ။ ဖြေ - ပယောဂ ဆရာ နာမည်က ကိုထွန်းနိုင်တဲ့။ မအူပင်ဘက်က ဆိုလားမသိဘူး။ ဖြစ်တဲ့အိမ်က ကိုစိုးမင်းရဲ့ အိမ်မှာဖြစ်တာ။ မေး - အခုသေဆုံးသွားတဲ့ သူတွေကျတော့ ကိုစိုးမင်းရဲ့ ကလေးတွေလား။ ဖြေ - ကိုစိုးမင်းရဲ့ ကလေးလည်းပါတယ်။ သူ့တူသားနောင်မယ်တွေလည်း ပါတယ်ပေါ့။ မေး - ကျန်တဲ့ကလေးနှစ်ယောက်က ဘယ်သူတွေလဲ။ ဆုံးသွားတဲ့ ကလေးတွေက အသက်ဘယ်လောက်ရှိလဲ။ ဖြေ - မိန်းကလေးတွေပေါ့။ အသက်က ၁ နှစ်ခွဲရယ်၊ ၈ လရယ်။ နောက်ထပ် ကလေးတယောက်ရှိ တယ်။ မိန်းကလေး ၄ နှစ်ကျော်ပေါ့။ အဲဒီကလေးတယောက်ကတော့ ရန်ကုန်ဆေးရုံကြီးမှာ ပို့ထား တယ်။ ဦးနှောင့်နဲ့ အာရုံကြောဌာနမှာပါ။ မေး - သူ့အခြေအနေ ဘယ်လိုရှိလဲ။ ဖြေ - သူ့အခြေအနေက မျက်လုံးတွေက ဖူးယောင်ပြီးတော့ မျက်စိတွေက ပိတ်နေတယ်။ ကျနော်တို့ ဓာတ်မှန်ရိုက်တဲ့ အဖြေကတော့ စိုးရိမ်စရာမရှိဘူး အပြင်ဒဏ်ရာပဲ ရှိတယ်ပေါ့နော်။ မေး - ဆုံးသွားတဲ့ လေးနှစ်အရွယ် ယောက်ျားလေးရဲ့ အဖေအမေတွေက ဘာမှအရေးမယူဘူး လား။ ဘာမှ မပြောဘူးလား။ ဖြေ - သူတို့တွေကိုယ်တိုင်ကိုက အခုက ဘယ်လိုခေါ်မလဲဆိုတော့ သူတို့ရွာနားနီးတဲ့ သူတွေက ၀ိုင်းပြီးတော့ ကယ်လို့သာ မဟုတ်ရင် သူတို့တွေပါ တအိမ်လုံးပါ သေမယ့်ပုံစံရှိတယ်။ သူတို့က အခုချိန်ထိ သူတို့ကိုယ်သူတို့ အဲဒါနဲ့ ပတ်သက်ပြီးတော့ အထွေအထူး ခံစားရတာမျိုး သူတို့မှာမသိ သေးဘူး။ တခုခု မှိုင်းမိနေတဲ့ ပုံစံမျိုးပေါ့။ မေး - ခုန ၀န်းထဲမှာက အကိုပြောသလို မိသားစုလေးစု ရှိတယ်။ အိမ်က လေးလုံးရှိတယ် အဲလိုမျိုးလား။ ဖြေ - ဟုတ်ပါတယ်။ မေး - အဲဒီလေးလုံးက သူတို့မောင်နှမတွေပဲလား ဘယ်လိုလဲ။ ဖြေ - ဟုတ်။ ညီအကိုတွေချည်းပဲ။ မေး - သေဆုံးတဲ့ ကလေးတွေကကျတော့ ၀မ်းကွဲတွေပေါ့ ညီအကိုမောင်နှမတွေ အဲလိုမျိုးလား။ ဖြေ - ဟုတ်တယ်၊ ဟုတ်တယ်။ ၀မ်းကွဲတွေ။ ၀မ်းကွဲပေမယ့် သေသွားတဲ့ကလေးရယ် အခုဆေးရုံမှာ ရှိတဲ့ကလေးရယ်ကျတော့ ညီအမအရင်းတွေ။ မေး - အခုလောလောဆယ် ကျမ အဲဒီမိဘတွေနဲ့လည်း ပြောချင်တယ်။ သူတို့နဲ့ အဆက်အသွယ် ရနိုင်မလား။ ဖြေ - အမရေ ရန်ကုန်ဆေးရုံကြီး ဦးနှောင့်နဲ့အာရုံကြောမှာ မသင်းသင်းစိုးဆိုပြီး သွားပြီး စုံစမ်းရင်တော့ ရပါတယ်။  မသင်းသင်းစိုးဆိုလေး ကလေးရဲ့နာမည်ပါ။ မေး - ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ကော အကိုတို့အနေနဲ့ ဘယ်လိုမျိုး ကူညီဆောင်ရွက်ပေး မှုတွေ ရှိလဲ။ ဖြေ - ကျနော်တို့အနေနဲ့ ဘယ်လိုကူညီလဲဆိုတော့ ကျနော်တို့က မနက်က စခန်းကနေပြီးတော့ ကျနော်တို့ကို အကြောင်းကြားတယ်ပေါ့။ ဒီဖြစ်စဉ်ဖြစ်လို့ပေါ့နော်။ သူတို့အလောင်းတွေ သွားဖော်ဖို့ သူတို့ကို ကူညီပေးနိုင်မလားဆိုပြီးတော့။ ကျနော်တို့ ကူညီပေးမယ်ဆိုပြီးတော့ ကျနော်တို့ လိုက်သွားတာပေါ့နော်။ လိုက်သွားပြီးတော့ အလောင်းတွေကို ကျနော်တို့ ရဲ့တပ်ဖွဲ့ဝင် တွေလည်းပါတယ်ပေါ့။ ကျန်းမာရေးဌာနက မြို့နယ်ဆရာဝန်ကြီးပါတယ်။ နောက်တရားသူကြီးပါ တယ်။ စခန်းမှူးကိုယ်တိုင်ပါတယ်ပေါ့။ စခန်းမှူး နယ်ထိန်းအဖွဲ့တွေပေါ့။ ကျနော်တို့ကနေပြီးတော့ သူတို့ပြတဲ့ မြေပုံဆိုတဲ့နေရာပေါ့။ သူတို့က ညဘက်က ဖြစ်ဖြစ်ချင်း မြေကြီးမြှုပ်ထားတဲ့နေရာဆို တော့ ကုန်းပေါ်နေတယ်ပေါ့။ ကျနော်တို့ရောက်တဲ့အချိန်မှာ ရေတက်ပြီးတော့ ရေမြုပ်နေတယ်။ ကျနော်တို့က ရေထဲမှာပဲ စမ်းပြီးတော့ မြေစာတွေကို လက်တွေနဲ့ကော်ပြီးတော့ ကလေးတွေကို ကျနော်တို့က ဖော်ရတာပေါ့။ သူတို့က မြေရေခွံအိတ်လေးနဲ့ ကလေးအလောင်းနှစ်ခုလုံးကို ရောပြီး ထုပ်ထားတာ။ မေး - ကလေးတွေရဲ့ အလောင်းက ဘယ်မှာသွားထားလဲ။ ဖြေ - အခုလောလောဆယ် တွံတေးဆေးရုံ ရင်ခွဲရုံမှာ ပိုထားတယ်။ ဆေးစာအတွက်။ မေး - အခု အဲဒီဟာနဲ့ ပတ်သက်ပြီးတော့ သူတို့အဖေအမေတွေကလည်း ဘာမှမသိဘူး၊ သူတို့ အဖေအမေတွေက အသက်အရွယ်က ငယ်သေးလို့လား။ အသက်ဘယ်လောက်လောက် ရှိလဲ။ ဖြေ - အသက်တွေက မငယ်ဘူး ခင်ဗျ။ သုံးဆယ်ကျော် လေးဆယ်တွေပေါ့။ မေး - သူတို့မှာ သရဲခြောက်တာတွေဘာတွေ အဲလိုမျိုး ပြောနေတာတွေရှိလား။ ဖြေ - သူတို့ကို ပယောဂဆရာက အဲလိုမျိုးပေါ့နော်။ မင်းတို့ကို အဲဒီဟာကြီးက အကောင်ကြီးက တော်တော်ကြီးနေပြီပေါ့နော်။ အစွယ်တွေထွက်နေပြီတို့၊ အမွေးတွေ တော်တော်ရှည်နေပြီတို့။ အဲလိုမျိုး ပြောပြီးတော့ သူက အဲဒီလိုမျိုး လုပ်တာပေါ့။ အယုံသွင်းပြီးတော့ လုပ်တာပေါ့။ မေး - အခုလောလောဆယ် ပယောဂဆရာကို ရဲကဖမ်းထားပြီလား။ ဘယ်လိုလဲ။ ဖြေ - ပယောဂ ဆရာကို ရဲကဖမ်းထားပါပြီ ခင်ဗျ။ ရွာကလူတွေကပဲ ဖမ်းပြီးတော့ တွံတေးရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်။ မေး - အမှုတွေဘာတွေကော ဘာအမှုနဲ့ ဖွင့်ထားတယ်လို့သိရလဲ။ ဖြေ - အမှုကတော့ အဲဒါတော့ ကျနော်သေချာမသိသေးဘူးခင်ဗျ။ မနက်က ကျနော်က စခန်းက ဖုန်းဆက်ပြီးတော့ ခေါ်တော့ အလောင်းသွားဖော်တယ်။ ဖော်ပြီးတော့ အလောင်းကို တွံတေးဆေးရုံ ရင်ခွဲရုံကိုပို့တဲ့အချိန်မှာ ဒဏ်ရာရတဲ့ကလေးလေး အခြေအနေကို ကျနော်က စိုးရိမ်ရ လို့ဆိုပြီးတော့ တွံတေးဆေးရုံကနေ လွှဲစာယူပြီးတော့ ကျနော်ရန်ကုန်ဆေးရုံပို့ပေးတယ်။ ပို့ပေးပြီးတော့ ကျနော်တို့က ရန်ကုန်ဆေးရုံက ဆရာဝန်တွေ ဆရာမတွေကိုလည်း ကျနော်ဖြစ်စဉ် တွေ သေချာရှင်းပြ ပြောပြတယ်ပေါ့နော်။ သူတို့မိဘတွေကိုယ်တိုင်က ကြောင်တောင်တောင်ပေါ့။ သူတို့ကိုယ်တိုင်လည်း သိတယ်။ အဖေရယ် အဒေါ်ရယ်ပါတယ်ပေါ့နော်။ ကလေးလေးနဲ့။ အဖေကိုယ်တိုင်ကိုက ကြောင်တောင်တောင်ဖြစ်နေတာ။ အမတို့ အခုချိန်သွားကြည့်မယ်ဆိုရင် တောင် ကြောင်တောင်တောင် ပုံစံနဲ့ တွေ့ရဦးမှာပဲ။ မေး - ခုနသေသွားတဲ့ လေးနှစ်အရွယ်ကလေးက ဘယ်အချိန်က သေတာလဲ။ တနှစ်ခွဲရယ် ၈ လ အရွယ်ကလေးက။ ဖြေ - အခုက ဖြစ်တာက ဗုဒ္ဓဟူးနေ့လို့ ပြောတယ်။ ဗုဒ္ဓဟူးနေ့မှာ ယောက်ျားလေးသေတယ်။ မနေ့ ကတုန်းက မိန်းကလေး နှစ်ယောက်သေတယ်။ ညကကျတော့ ဒဏ်ရာရတဲ့ ကလေးလေးတ ယောက်ကို အရပ်က တွေ့တယ်ပေါ့။ မေး - ဟုတ်ကဲ့ ကျေးဇူးပါပဲ ကိုပီတာ။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အခြားဘာများ ပြောချင်တာရှိသေး လဲ။ ဖြေ - ကျနော်ကတော့ ထွေထွေထူးထူး ပြောစရာတော့ မရှိပါဘူး။ ဒါပေမယ့် ဒီလိုမျိုး ကျနော်တို့ ကိုယ်တိုင် မြင်ရတဲ့အခါကျတော့ စိတ်ထဲမကောင်းဘူးပေါ့နော်။ ကျေးရွာဘက်မှာရှိတဲ့သူတွေ အသိပညာ ဖွံ့ဖြိုးဖို့အတွက်ကို အစိုးရအနေနဲ့ အများကြီးလုပ်ရဦးမယ်ဆိုတာ ဒါလေးကို ကျနော်က မီးမောင်း ထိုးပြစေချင်တယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024