DVB Logo
Home
Lead Story
မြန်မာနိုင်ငံပြန်တော့မည့် နို့ဖိုးဒုက္ခသည်အချို့ကို မေးမြန်းချက်  
DVB
·
October 20, 2016
မြန်မာနိုင်ငံပြန်တော့မည့် နို့ဖိုးဒုက္ခသည်အချို့ကို မေးမြန်းချက်  
Donate to DVB

 

ထိုင်းနယ်စပ် နို့ဖိုးဒုက္ခသည်စခန်းကနေ အိမ်ထောင်စု ၂၆ စု၊  ဒုက္ခသည် ၉၀ ဦးတိုဟာ လာမယ့် ၂၅ ရက်နေ့မှာ မြန်မာပြည်ကို အစိုးရရဲ့အစီအစဉ်နဲ့ ပထမဆုံးအကြိမ် တရားဝင် ပြန်လည်ဝင်ရောက်ဖို့ရှိနေပါတယ်။

မြန်မာပြည်ပြန်မယ့် ဒုက္ခသည်တွေကို ထိုင်းအာဏာပိုင်တွေက စခန်းကနေ မြဝတီအထိ ပို့ဆောင်မှာဖြစ်ပြီး မြန်မာတာဝန်ရှိသူတွေဘက်ကတော့ မြ၀တီမြို့  ကျောက်လုံးကြီး ယာယီစခန်း မှာထားဖို့  ပြင်ဆင်ထားပါတယ်။

နယ်စပ်ဒုက္ခသည်စခန်းမှာ နှစ်ပေါင်းများစွာ ခိုလှုံနေရာကနေ   မြန်မာပြည်တွင်း ပြန်ဖို့ ဆုံးဖြတ်ထားတဲ့ ဒုက္ခသည်တွေကို ဒီဗွီဘီက ဆက်သွယ် မေးမြန်းထားပါတယ်။

ကိုသန့်ဇင်မောင်

မြန်မာပြည်ပြန်မယ့်အထဲမှာ ကိုသန့်ဇင်မောင်လည်း ပြန်မယ်လို့ သိရတယ်။ ဆိုတော့ ဘာကြောင့် ပြန်ဖို့ ဆုံးဖြတ်ရတာလဲ။

“အခုလက်ရှိ အန်အယ်ဒီ အမေစု ခေါင်းဆောင်တဲ့ နိုင်ငံရေး အပြောင်းအလဲပေါ်မှာလည်း ကျနော်တို့ ပြန်ချင်တာရယ်၊ နောက် ဒီမှာတော့ ကျနော်တို့ ကလေးတွေရဲ့ ကျန်းမာရေး၊ ပညာရေး၊ ကျနော့်အမျိုးသမီးကလည်း လေဖြတ်နေတာဆိုတော့ အောက်ပိုင်း မလှုပ်နိုင်ဘူး။ ဒီမှာ ဆေးကုသရတာ အခက်အခဲရှိတယ်။  အဲတော့ ကျနော်တို့ ပြည်တွင်းပြန်လို့ရှိရင်တော့ အဆင်ပြေပြေနဲ့ ပြန်နေချင်လို့ပါ။”

ဒီနို့ဖိုးဒုက္ခသည်စခန်းမှာ လာနေတာ ဘယ်လောက်ကြပြီလဲ။

“ဒီမှာ ကျနော်နေတာ ၁၀ ကျော်သွားပြီဗျာ။ လာတာက ကျနော် မန္တလေးကနေ လာတာပါ။ နိုင်ငံရေးနဲ့ပတ်သက်လို့ ရောက်လာခဲ့တာ။ ကျနော်က နေရာအနှံ့ နေခဲ့ပါတယ်။ မန္တလေးမြို့မှာတော့ အများဆုံးနေခဲ့ပါတယ်။ ”

အခုက နိုင်ငံခြားသွားဖို့(တတိယနိုင်ငံ) သွားဖို့ အစီစဉ်မရှိဘူးလား။

“နိုင်ငံခြားသွားဖို့ အစီအစဉ်ကတော့ မရှိဘူး။ ကျနော်က ယူအန်ရဲ့ ဒုက္ခသည်အဖြစ် စာရင်းမ၀င်သေးဘူးဆိုတော့ နိုင်ငံခြားရှိမလား ဆိုတော့ မရှိတော့ပါဘူးတဲ့။ အဲဒါကြောင့် ပြန်ဖို့ဆုံးဖြတ်တာ။”

အခုပြန်မယ့်မိသားစုက ဘယ်နှယောက်ရှိလဲ။

“ကျနော့်မိသားစုက အားလုံး ၄ ယောက်ပါ ခင်ဗျာ။ ဒီမှာတော့ ကလေးတွေရဲ့ ပညာရေးက သိပ်အဆင်မပြေဘူးလေ။ ဗမာပြည်ကျရင်တော့ ပိုပြီးအဆင်ပြေမယ်။ ကျနော့်ကလေးအကြီးက ၁ တန်းပဲ ရှိပါသေးတယ်။ အငယ်ကတော့ မူကြိုပါ။ ”

ကျမတို့ သိရသလောက် ဆိုရင်တော့ ပြန်မယ့်သူတွေကို မြဝတီက ယာယီစခန်းမှာပဲ နေရာချထားပေးမယ်လို့ ပြောတယ်။ အကို့ရဲ့အစီအစဉ်က ဘယ်လိုရှိလဲ။

“ကျနော်ကတော့ ဖြစ်နိုင်ရင် ရန်ကုန်အထိ ပြန်ချင်တာပေါ့။ လောလောဆယ် သူတို့ ထားမယ့်နေရာပဲ နေရမှာပေါ့။ ဘာဖြစ်ဖြစ် ကိုယ့်နိုင်ငံမှာ ကိုယ်နေရမယ်ဆိုရင် ကျနော်ကတော့ ဘာဖြစ်ဖြစ် အဆင်ပြေပါတယ်။ အလုပ်အကိုင်တွေလည်း သူတို့ကတော့ စီစဉ်ပေးမယ်လို့တော့ ပြောပါတယ်။  ကျနော်လည်း သင်တန်းမျိုးစုံတော့ တက်ထားတယ်။ တခုမဟုတ် တခုတော့ ဝင်မယ်နဲ့တူပါတယ်။ ”

အခု ဒုက္ခသည်တွေကို နှစ်ဖက်အစိုးရကနေပြီး ပြန်ပို့မယ့်အထဲမှာ အကိုတို့ အသုတ်က ပထမဆုံးဖြစ်မှာပေါ့လေ။ ဆိုတော့ ပထမအသုတ်အနေနဲ့ ပြန်ရတဲ့အခါမှာ ဘယ်လိုမျိုး အကူအညီတွေပေးစေချင်လဲ။

“ဖြစ်နိုင်ရင်တော့ ဒီကပစ္စည်းတွေပေါ့နော်၊ ကိုယ့်နိုင်ကိုယ် ပြန်မှာဆိုတော့ တော်တော်တန်တန် ပစ္စည်းတွေ ယူသွားခွင့်ပေါ့။ အဲဒါမျိုးတွေ ယူသွားချင်တယ်။ ဘာလို့လဲဆိုရင် ကျနော်တို့ ဝင်တုန်းက တန်ဖိုးတော့မရှိပေမယ့်လည်း ဟိုမှာ ပြန်ဝယ်ရမယ်ဆိုရင် အဲဒီဟာတွေက အများကြီးကုန်ကျမယ်။ နောက်ပြီး အလုပ်အကိုင်လေးတွေလည်း အဆင်ပြေအောင် ရှာပေးစေချင်ပါတယ်။”

စောဖုလဲ

“ကျနော်ကတော့ ဗမာပြည်ပြန်ဖို့ ဆုံးဖြတ်ထားပါတယ်။ ကျနော့်တမိသားစုလုံး ပြန်မှာပါ။ ကျနော်တို့မိသားစုအားလုံး ၅ ယောက် ရှိပါတယ်။”

ဒီနို့ဖိုးဒုက္ခသည်စခန်းမှာ နေလာတာ ဘယ်လောက်ကြာပြီလဲ။

“အရေးအခင်းဖြစ်စ ဒုက္ခသည်စခန်း မရှိခင်ကတည်းက နယ်စပ်မှာ လာရောက်ခိုလှုံနေခဲ့ပါတယ်။ အနှစ် ၂၀ လောက်ရှိပါပြီ။ ဒီမှာ နေရတာ အနှစ် ၂၀ ဆိုတော့ နေတာ ဝပြီ။ ငြီးငွေ့ပြီ။ ဒါကြောင့် ပြန်ချင်တယ်။ တခြား အခက်အခဲတော့ ဘာမှမရှိပါဘူး။  ”

အခု ပြန်မယ်ဆိုတော့ မြန်မာအစိုးရဘက်က ဘာတွေ ပြင်ဆင်ပေးထားလဲ။ ဘယ်လို အသိပေးထားလဲ။

“သူတို့ကတော့ ကျနော်တို့ကို ဘာမှ ကူညီနိုင်မှာ မဟုတ်သေးဘူး။ ဒါပေမယ့် ကျနော်တို့ကို အစိုးရအဟုတ်တဲ့ အဖွဲ့အစည်းတွေက ကူညီပေးမယ်လို့ ပြောပါတယ်။ ”

နို့ဖိုးဒုက္ခသည်စခန်း မရောက်ခင် မြန်မာပြည် ဘယ်နေရာမှာ နေခဲ့တာလဲ။

“ကျနော်က ကော့ကရိတ်မြို့နယ် မဲ့ကတီဆိုတဲ့ရွာမှာ နေခဲ့ပါတယ်။ ဟိုမှာတော့ ဆွေမျိုးတွေ ရှိတယ်။ ဒါပေမယ့် အိမ်ရာတော့ မရှိဘူးပေါ့။ ”

ကျမတို့ သိရသလောက်ဆိုရင်တော့ ပြန်မယ့်သူတွေကို မြဝတီက ယာယီစခန်းမှာပဲ နေရာချထားပေးမယ်လို့ ပြောတယ်။ ဆိုတော့ အကိုတို့ ရှေ့ဆက်အစီစဉ်က ဘယ်လို ပြင်ဆင်ထားလဲ။

“ဒီကိစ္စနဲ့ပတ်သက်လို့ ကျနော်လည်း အဲဒါ သေချာသိချင်ပါတယ်။ ဒါပေမယ့် ယူအန်အန်နဲ့ မတွေ့ရသေးဘူး ဆိုတော့ မပြောတတ်သေးဘူး။ ဘာလို့လဲဆိုတော့ ကျနော့်အနေနဲ့ ဟိုဘက်ကနေ ပတ်သွားရမှာဆိုတော့ မသွားချင်ဘူး။ အမှန်မှာက မဲ့ကတီဆိုတဲ့ရွာနဲ့ ဒီနို့ဖိုးနဲ့က ပိုနီးတယ်လေ။ ဒီဘက်ကနေ ကျော်သွားနိုင်ရင် ပိုအဆင်ပြေမယ်လို့ထင်ပါတယ်။ ဖြစ်နိုင်ရင်တော့ ဒီဘက်ကနေပဲ ပြန်ချင်တယ်။ ဘာလို့လဲဆိုတော့ ပစ္စည်းတွေကို သယ်ရပြုရမှာ ဆိုတော့လေ။ ပြန်သွားပြီဆိုရင် ပြန်ဝင်လာပြီး ပစ္စည်းယူလို့ ရ၊ မရလည်း မသိဘူးလေ။”

အစ်ကိုအသက်က ဘယ်လောက်ရှိပြီလဲ။

“ကျနော့်အသက်က ၃၈ နှစ်ပါ။ နယ်စပ်ကို ထွက်ပြေးလာတုန်းက ကျနော် ၁၆ နှစ်လောက်ပဲ ရှိပါသေးတယ်။”

နိုင်ငံခြား မသွားချင်ဘူးလား။

“ကျနော် နိုင်ငံခြား မသွားချင်ပါဘူး။ ဂျပန်လည်း တခါ လာခေါ်တယ်။ အမေရိကန်လည်း လာခေါ်တာပဲ။ ဒါပေမယ့် ကျနော် မသွားချင်လို့ တခါမှမသွားဘူး။”

ဒါဆို မြန်မာပြည်တွင်း ပြန်ရင် ဘယ်လို စီစဉ်ဆွဲထားလဲ။ အလုပ်အကိုင်တွေက ပြင်ဆင်ထားတာမျိုး ရှိလား။

“အခုလောလောဆယ်တော့ ဘာမှမရှိပါဘူး။ ကျနော်တို့ကို ဘယ်လို စီစဉ်ပေးမလဲပေါ့။ ”

မိသားစုက ၅ ယောက်ရှိတယ်ဆိုတော့ ကလေးတွေက ဘယ်နှစ်တွေ ရောက်ပြီလဲ။ ဗမာပြည်မှာကော ကျောင်းထားဖို့ ဘယ်လို စီစဉ်ထားလဲ။

“အကြီးဆိုက ၉ တန်း၊ အလတ်က ၆ တန်း၊ အငယ်က ၄ တန်းရှိပါပြီ။ ဗမာပြည် ပြန်ရင်တော့ အခြေအနေအရပေါ့။”

အခု လာမယ့် ၂၅ ရက်နေ့ မြန်မာပြည်ပြန်သွားကြမယ် ဟုတ်လား။

“အဲလိုတော့ ပြောကြတာပဲ။ ဒါပေမယ့် ယူအန်ဘက်က ဘာမှ လာမပြောသေးဘူး။”

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013