
မက္ကဆီကိုနိုင်ငံအရှေ့တောင်ပိုင်းက ပွဲခင်းကြီးတခုမှာ မီးလောင်မှုဖြစ်ပွားခဲ့လို့ အနည်းဆုံး လူ ၅ ယောက် သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက မေ ၇ ရက်မှာ ပြောပါတယ်။
တာဘတ်စကိုပြည်နယ်၊ ဗီယာဟာမိုဆာမြို့မှာ ကြာသပတေးနေ့ မနက်အစောပိုင်းက မီး စတင် လောင်ကျွမ်းခဲ့တာဖြစ်ပြီး အခုတော့ မီးကို ထိန်းချုပ်နိုင်ပြီလို့ မြို့ပြကာကွယ်ရေးဌာနက ပြောပါတယ်။
ဒေသတွင်းမီဒီယာတွေအရ လူပေါင်းထောင်ချီ တက်ရောက်နေတဲ့ ဖျော်ဖြေပွဲ ကျင်းပနေချိန်မှာ မီးက ပျံ့နှံ့သွားတာပါ။ မီးလောင်ရတဲ့ အကြောင်းရင်းကိုတော့ အခုထိ မသိရသေးပါဘူး။
သတင်းမီဒီယာတွေနဲ့ လူမှုကွန်ရက် အသုံးပြုသူတွေ တင်ထားတဲ့ ရုပ်သံဖိုင်တွေမှာတော့ ကောင်းကင်ယံ တခုလုံး မီးခိုးလုံးမည်းမည်းတွေ ဖုံးလွှမ်းသွားချိန်မှာ လူအများအပြား ထိတ်လန့် တကြား ထွက်ပြေးနေကြတဲ့ ဖြစ်ရပ်ဆိုး အခိုက်အတန့်ကို မြင်တွေ့ရပါတယ်။
ရိုက်တာသတင်းဌာနကတော့ မူရင်းဖိုင်တွေရဲ့ မက်ထာ ဒေတာအချက်အလက် အသေးစိတ်ကို စစ်ဆေးပြီး ဒီရုပ်သံ ရိုက်ကူးတဲ့နေရာနဲ့ ရက်စွဲ မှန်ကန်ကြောင်း အတည်ပြုထားပါတယ်။
Source: Reuters










