DVB Logo
Home
မြန်မာသတင်း
မောင်တောကျေးရွာ ၃၀ ကျော် လုံခြုံရေးကြောင့် စားနပ်ရိက္ခာပို့ရန်ခက်ခဲနေ
DVB
·
October 20, 2016
မောင်တောကျေးရွာ ၃၀ ကျော် လုံခြုံရေးကြောင့် စားနပ်ရိက္ခာပို့ရန်ခက်ခဲနေ
1 / 2
Donate to DVB

 

အကြမ်းဖက်မှုဖြစ်ပွားခဲ့တဲ့ မောင်တောမြို့နယ်က ပိတ်မိနေတဲ့ ပထမအဆင့် ဦးစားပေး ကျေးရွာ ၃၀ ကျော်ထဲ လုံခြုံရေးအခြေအနေကြောင့် စားနပ်ရိက္ခာတွေ ပို့ဖို့ အခက်အခဲရှိနေပါတယ်။

လက်ရှိမှာလည်း ကျေးရွာ ၃ ရွာကိုပဲ စားနပ်ရိက္ခာတွေပို့ပေးနိုင်သေးပြီး ပိတ်မိနေတဲ့ ကျေးရွာတွေမှာ အပြင်ထွက်ပြီး အလုပ်မလုပ်ရဲကြသလို အကြမ်းဖက်ခံရမှာ ကြောက်တာကြောင့် နေအိမ်တွေ ကင်းစောင့်နေရတယ်လို့ မောင်တောမြို့နယ်၊ ကန်ချောင်းကျေးရွာနေ အုပ်ချုပ်ရေးမှူး ဦးအောင်သန်းကပြောပါတယ်။

“တောထဲ တောင်ထဲလည်း မသွားရဘူး၊ ထင်းခုတ်ဖို့လည်း မသွားရဘူး။ ကျနော်တို့ရွာသားတွေက ထင်းခုတ်ပြီးတော့ စားနေရတာ။ တနေ့ရှာမှ တနေ့စား လုပ်ကိုင်စားသောက်နေရတာ။ အခု ညမထွက်ရအမိန့် အတိုင်းတာနဲ့ဆိုတော့ ဘယ်လို ပြောရမလဲ။ တခုမှ သွားလို့မရတဲ့အတွက် စားဝတ်နေရေး အခက်အခဲနဲ့ ကြုံတွေ့နေရပါတယ်။”

    အကြမ်းဖက်ခံရပြီးနောက်မှာ ကျေးရွာထဲကနေ လူတွေ အပြင်ထွက်ပြီး အလုပ်မလုပ်ရဲလို့ အခုဆိုရင် စားဖို့ သောက်ဖို့ အခက်အခဲ ဖြစ်နေကြရပါတယ်။

    ကိုင်းကြီးကျေးရွာနေ အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်းက “ကျနော်တို့ အခုလက်ရှိ စားဝတ်နေရေးကတော့ ဒီလို အကြမ်းဖက်ဖြစ်တဲ့နေ့ကနေခုထိ အပြင်မထွက်ရဘူး။ ကျနော်တို့လူမျိုးတွေက ထင်းခုတ်ပြီးတော့ ရောင်းစားတာ။ အခု အပြင်ဘက်မထွက်ရဘူးဆိုတော့ ကျနော်တို့ စားဝတ်နေရေး တအားအခက်အခဲရှိတယ်” လို့ ပြောပါတယ်။

    လက်ရှိအခြေအနေအနေမှာတော့ ပိတ်မိနေတဲ့ ဦးစားပေးကျေးရွာတချို့ကိုလည်း စားနပ်ရိက္ခာတွေပို့ဖို့ လာနေတဲ့ လူမှုရေးအဖွဲ့အစည်းတွေလည်း ရှိနေပါတယ်။

    ဝေဠုကျော်ဖောင်ဒေးရှင်းမှ ကိုဝေဠုကျော်က “သူတို့ရွာကတော့ လုံခြုံရေးတွေ ဘာတွေ သူတို့ဘာသာသူတို့ စည်းကမ်းနဲ့ နေကြတဲ့အခါမှာတော့ အခုထိတော့ ထိပ်တိုက် ဘာမှ မတွေ့သေးဘူးပေါ့နော်။ နောက် သူတို့မှာ တွေ့လာဖို့လည်း သူတို့က စိုးရိမ်တဲ့အတွက် အခက်အခဲရှိနေတယ်။ ပြီးတော့ စားနပ်ရိက္ခာကလည်း သူတို့မှာ နည်းသွားပြီပေါ့နော်။ အခြေအနေက သူတို့မှာ ရွာအပြင်ကို ထွက်ရဲတဲ့အခြေအနေ မရှိဘူး။ အဲဒီအတွက်ကြောင့် လိုအပ်တာလေးတွေ ကျနော်တို့ လာကူညီတာပါခင်ဗျ” လို့ ပြောပါတယ်။

    နေရပ်စွန့်ခွာပြီး ယာယီဒုက္ခသည်စခန်းတွေမှာ ခေတ္တခိုလှုံသူတွေဟာ မောင်တောမြို့မှာ ၃၀၀ ကျော်၊ ဘူးသီးတောင်မြို့မှာ ၁၃၀၀ ကျော်၊ စစ်တွေမြို့မှာ ၈၀၀ ကျော် ရှိနေပါတယ်။

    မောင်တောနဲ့ ဘူးသီးတောင်ဒေသတွေမှာ ထွက်ပြေး တိမ်းရှောင်လာပြီး နီးစပ်ရာ ဆွေမျိုးတွေဆီ နေသူတွေ ၁၀၀၀၀ ကျော်လောက် ရှိနိုင်တယ်လို့ ကယ်ဆယ်ရေးစခန်းတွေက စုံစမ်းသိရပါတယ်။

သတင်း - ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013