DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်ဖြစ်စဉ်နှင့်ပတ်သက်ပြီး တာဝန်ရှိသူများကိုအရေးယူမည်
DVB
·
October 19, 2016
ရခိုင်ပြည်နယ်ဖြစ်စဉ်နှင့်ပတ်သက်ပြီး တာဝန်ရှိသူများကိုအရေးယူမည်
1 / 29
Donate to DVB

ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်နဲ့ပတ်သက်ပြီး တာဝန်ရှိ သူတွေကို  အရေးယူဖို့လုပ်ထားတယ်လို့  ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ပြောပါတယ်။

ရခိုင်ပြည်နယ် မောင်တော အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်တွေ ဖြစ်ပွားပြီးနောက်ပိုင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေတဲ့ အခြေအနေနဲ့ ပတ်သက်လို့ တွေ့ဆုံမေးမြန်းရာမှာ  ပြည်ထဲရေးဝန်ကြီးက ပြောကြားခဲ့တာလို့ ဒီကနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြပါတယ်။

ဒုဗိုလ်ချုပ်ကြီး ကျော်ဆွေက “အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး တာဝန်ရှိတဲ့သူကိုလည်း တာဝန်ရှိ သလို အရေးယူဖို့ လုပ်ထားတယ်။ ချီးကျူးဂုဏ်ပြုထိုက်တဲ့သူကိုလည်း ချီးကျူးဂုဏ်ပြုမှုတွေ လုပ်ပေးမယ်။ ဒီလိုလုပ်မှပဲ ဒီဒေသမှာ တည်ငြိမ်းအေးချမ်းဖို့အတွက် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဒီဒေသတည်ငြိမ် အေးချမ်းဖို့အတွက် ကျနော်တို့ဘက်က လုပ်နိုင်တာတွေ အားလုံး လုပ်ပေးမယ်။ အထူးသဖြင့် ပြောချင်တာကတော့ ဒီဒေသမှာရှိတဲ့ ကျနော်တို့ တိုင်းရင်းသားတွေ နေရပ်ဒေသကို စွန့်ခွာပြီးမသွားဖို့ အရေးကြီးပါတယ်။ နေရပ်ဒေသ စွန့်ခွာသွားမယ်ဆိုရင် ‘ဒီနယ်မြေတွေမှာ ကျန်တဲ့သူတွေ လာနေသွားလိမ့်မယ်။ ဒါကို ဒီမှာရှိတဲ့သူတွေက မြန်မာနိုင်ငံ သားဆိုတဲ့ အတွေးနဲ့ စိတ်ဓာတ်ရှိဖို့ လိုပါတယ်။ ငါက ဘာလူမျိုးမို့လို့၊ ဘယ်ပါတီကမို့လို့ နေလို့မရဘူး။ မြန်မာဆိုတဲ့စိတ်နဲ့ တစ်လက်မမျှ မကျူးကျော်နိုင်အောင် ဆောင်ရွက်ရမယ်” လို့ပြောပါတယ်။

ဒါပေမယ့် ရခိုင်ပြည်နယ်ဖြစ်စဉ်နဲ့ ပတ်သက်လို့ ဘယ်ပုဂ္ဂိုလ်မှာ တာဝန်အရှိဆုံးလဲဆိုတာနဲ့ ဘယ်သူကို ဘယ်လို အရေးယူမယ်ဆိုတာကိုတော့ ပြည်ထဲရေးဝန်ကြီးက ရှင်းရှင်းလင်းလင်း ပြောမသွားပါဘူး။

လတ်တလော မောင်တောဒေသမှာ တာဝန်ထမ်းဆောင်နေတဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူး ရဲမှူးချုပ် မောင်မောင်ခင်ကို  တာဝန်ကနေ ရပ်ဆိုင်းဖယ်ရှားလိုက်ပြီး  ဗမာပြည်ကွန်မြူနစ်ပါတီ ဗကပ တပ်တွေနဲ့ တိုက်တုန်းက သူရဘွဲ့ရထားတဲ့ ရဲမှူးချုပ် သူရစန်းလွင်ကို  အစားထိုးခန့်အပ် တာဝန်ပေးထားပါတယ်။

အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရတဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်း ၃ ခုအနက် စခန်း ၂ ခုက ဆောင်ရွက်ချက်တွေ ကောင်းမွန်တာကြောင့် အဆိုပါစခန်းနှစ်ခုမှာ ရှိတဲ့ တပ်ဖွဲ့ဝင်အားလုံးကို တစ်ဆင့်မြှင့်ရာထူး ချီးမြှင့်ပေးလိုက်ပြီလို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဇော်ဝင်းက ပြီးခဲ့တဲ့ တနင်္လာနေ့ နေပြည်တော်သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

ဒါ့ပြင် ကျဆုံးသွားတဲ့  ရဲတပ်ဖွဲ့ဝင် ၉ ဦးအတွက် တစ်ဦးလျှင် ငွေကျပ် သိန်း ၈ဝ၊ ဒဏ်ရာရသူ ၇ ဦးအတွက် တစ်ဦးကို ငွေကျပ်သိန်း ၃ဝ စီထောက်ပံ့ထားပြီး  တပ်ဖွဲ့ဝင်တွေရဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ နိုင်ငံတော်က ဆုတံဆိပ်နဲ့ ဘွဲ့တံဆိပ်တွေ ချီးမြှင့်နိုင်ဖို့ လုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။

ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးကတော့ ရခိုင်ပြည်နယ်ဖြစ်စဉ်မှာ  သတင်းရယူမှုအပိုင်းနဲ့  ကြိုတင်သတင်းရရှိမှုအပိုင်းတွေမှာ  အားနည်းချက်တွေရှိခဲ့တယ်လို့  သတင်းစာရှင်းလင်းပွဲမှာ ၀န်ခံပြောကြားထားပါတယ်။

လတ်တလော ရခိုင်ပြည်နယ်နယ်စပ်ဒေသ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်အင်အား လက်ရှိ အင်အားအပြင် ရဲတပ်ရင်း ၂ ရင်း တိုးမြှင့်ချထားကာ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်နယ်မြေတွေကို စစ်ဆင်ရေးဧရိယာအဖြစ် သတ်မှတ်ဆောင်ရွက်နေပြီး ဆုံးရှုံးသွားတဲ့ လက်နက်တွေမရမချင်း စစ်ဆင်ရေးတစ်ရပ်လို ဆင်နွှဲပြီး ပြန်လုပ်ရလိမ့်မယ်လို့  ပြည်ထဲရေးဝန်ကြီးကပြောပါတယ်။

အောက်တိုဘာ ၁၈ ရက်နေ့က နယ်ခြားစောင့်တပ်ဖွဲ့ ကင်းလှည့်စစ်ဆေးနေစဉ် (ဓာတ်ပုံ - အောင်သူ)

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013