DVB Logo
Home
မြန်မာသတင်း
မူဆယ်ခရိုင်တွင် တရားမ၀င်သတ္တုတူးမည့် တရုတ်နိုင်ငံသားများကိုဖမ်းဆီး
DVB
·
October 18, 2016
မူဆယ်ခရိုင်တွင် တရားမ၀င်သတ္တုတူးမည့် တရုတ်နိုင်ငံသားများကိုဖမ်းဆီး
1 / 3
Donate to DVB

 

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင်ထဲမှာ ဆီလီကွန်တူးတဲ့ တရုတ်နိုင်ငံသားတွေကို ရွာသားတွေက ဝိုင်းဝန်းဖမ်းဆီးခဲ့သလို သတ္တုတူးဖော်ရေး လုပ်ငန်းကိုလည်း သွားရောက်ကန့် ကွက်ခဲ့ကြပါတယ်။

မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ အနောက်တောင်ဘက် ပန်မောဝ်းကျေးရွာအုပ်စုထဲမှာ အမည်မသိ လူတစုက သဲကျောက်တွေ ခိုးထုတ်နေကြောင်း သတင်းကြားသိရတဲ့အတွက် အောက်တိုဘာ ၁၇ ရက်က ရဲစခန်းကိုအကြောင်းကြားခဲ့သလို လူအုပ်ကြီးနဲ့လည်း သွားဖမ်းခဲ့တယ်လို့ နမ့်ခမ်းဒေသခံ တဦးဖြစ်သူ စိုင်းထွန်းလှိုင်က ဒီဗွီဘီကို ပြောပါတယ်။

“အဲဒီဘက်မှာ ကုမ္ပဏီတွေရော၊ အမည်မသိလူတွေပါ ဆီလီကွန်ကျောက်ခဲတွေ လာတူးနေတယ်လို့ ကျနော်တို့ သတင်းကြားနေတာ၊ မနေ့မနက် ၁၀ နာရီလောက်ကတော့ သူတို့ ကျောက်ခဲတွေ ကားနဲ့ သယ်လာနေပြီလို့ အဲဒီနားက ရွာသားတွေ ဓာတ်ပုံရိုက်ပြီး အကြောင်းကြား လာတာနဲ့ အရင်ဆုံး နမ့်ခမ်းရဲစခန်းကို အကြောင်းကြားတယ်၊ နောက်ပြီးတော့ ကျနော်တို့ လူစုပြီး  လိုက်သွားတာ၊ နမ့်မတံတားနားမှာ ကျောက်ခဲတွေ တင်လာတဲ့ကား ၂ စီး တွေ့တယ်၊  ကျနော်တို့ကို တွေ့တော့ နောက်တစီးက အနောက်ပြန်လှည့်မောင်းမလို့ လုပ်တာ၊ ၂ စီးလုံး ဖမ်းလိုက်တယ်။”

ဖမ်းဆီးရမိသူတွေထဲမှာ တရုတ်နိုင်ငံသား  အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ ဦး ပါဝင်ပြီး သူတို့ကို နမ့်ခမ်းမြို့နယ်ရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်။ သူတို့ဟာ ဘယ်ကုမ္ပဏီကမှ မဟုတ်ဘဲ  လေး ငါးဦးလောက်က စုပြီး တူးကြတာလို့ ဖြေကြားခဲ့တယ်လို့ဆိုပါတယ်။

ကျောက်ခဲကား ၂ စီးသာ ဖမ်းမိပေမယ့် ရွာသားတွေကတော့ အားလုံး ၉ စီးရှိတယ်လို့ ပြောတဲ့အတွက် နောက်ထပ် ၇ စီး ပုန်းရှောင်နေတယ်လို့ ယူဆရကြောင်း စိုင်းထွန်းလှိုင်က ပြောပါတယ်။

အဲဒီဒေသမှာ လွန်ခဲ့တဲ့ ၂ နှစ်ကျော်ကတည်းက ဆီလီကွန်ကျောက်တူးဖော်မှုတွေ ရှိခဲ့တာကြောင့် နမ့်ဆီးရီးချောင်းရေထဲကို စွန့်ပစ်မြေစာတွေ ဝင်ရောက်ကာ ရေကို ညစ်ညမ်းစေသလို ချောင်းရေ တိမ်ကောပြီး လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေလည်း ထိခိုက်ခဲ့ပါတယ်။

ဒါကြောင့် ရွာသားတွေက လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်က  ဝိုင်းဝန်းကန့်ကွက်ပြီး မြို့နယ်အုပ်ချုပ်ရေးရုံးနဲ့ လွှတ်တော်အမတ်တွေဆီ စာရေးတိုင်တန်းခဲ့တာကြောင့် ကုမ္ပဏီအချို့ ရပ်နားသွားပေမယ့် နောက်ထပ် တရားမဝင်ခိုးတူးမှုတွေ ရှိနေတာ ဖြစ်ပါတယ်။

အလားတူ မူဆယ်မြို့နယ်၊ စယ်လန့်မြို့နယ် နောင်ဆိုင်းနေအုပ်စုဘက်မှာလည်း  တရုတ်လူမျိုးတွေ လာရောက်စခန်းချပြီး သတ္တတူးဖော်ဖို့ တိုင်းထွာနေတာကြောင့်  သံဃာတော်နဲ့ ရွာသားတွေ၊ ဒေသအာဏာပိုင်တွေနဲ့အတူ စုပေါင်းပြီး သွားရောက်တားဆီးခဲ့ပါတယ်။

အဲဒီနေရာမှာတော့ တရုတ်လူမျိုးတွေဟာ တဲထိုးပြီး စခန်းချနေဆဲ ဖြစ်ပြီး ကျောက်ခဲတွေ လေ့လာဆန်းစစ်နေတာကလွဲလို့ လက်တွေ့ ဘာမှ တူးဖော်တာ မရှိသေးတဲ့အတွက် သတိပေးတားမြစ်ပြီး ဖမ်းဆီးတာတော့ မရှိဘူးလို့ စိုင်းထွန်းလှိုင်က ပြောပါတယ်။   

ဓာတ်ပုံ - NamKhanNews

 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013