DVB Logo
Home
မြန်မာသတင်း
မောင်တောတိုက်ခိုက်မှုကျူးလွန်သည့် ခေါင်းဆောင်အမည်များ တိကျခိုင်မာမှုမရှိသေး
DVB
·
October 18, 2016
မောင်တောတိုက်ခိုက်မှုကျူးလွန်သည့် ခေါင်းဆောင်အမည်များ တိကျခိုင်မာမှုမရှိသေး
Donate to DVB

 

ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်တိုက်ခိုက်မှုကျူးလွန်တဲ့ ခေါင်းဆောင်တွေရဲ့ အမည်တွေဟာ တိကျမှုမရှိဘဲ လူအများသုံးတဲ့ ဘုံသုံးအမည်တွေဖြစ်နေတယ်လို့  နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်း ဝန် ဦးကျော်ဇေယျက ပြောပါတယ်။

မနေ့က နေပြည်တော်  ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမမှာ ကျင်းပတဲ့   ပြည်ထောင်စုဝန်ကြီးတွေရဲ့ ရခိုင်ပြည်နယ်ခရီးစဉ်နဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရှင်းလင်းပြောသွားတာပါ။

ရခိုင်အရေးကိစ္စနဲ့ ပတ်သက်ပြီး   ပါကစ္စတန်သံ အမတ်ကြီးနဲ့တွေ့ဆုံခဲ့တဲ့ နိုင်ငံခြားရေး အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျက “ပါကစ္စတန် သံအမတ်ကြီးနှင့်လည်း ကိုယ်တိုင်တွေ့ဆုံ ပြီး ယင်းကိစ္စကို မေးထားပါကြောင်း၊ ယင်းဖြစ်ရပ်ကို ကျူးလွန်နေသည်ဆို သည့် ခေါင်းဆောင်များ၏ အမည်များ သည် သူတို့ဆီတွင် ဘုံသုံးသည့်အမည် များဖြစ်ပါကြောင်း၊ ထို့ကြောင့် ယင်းကဲ့သို့ ခိုင်ခိုင်မာမာ အချက်အလက်မရှိဘဲ ၄င်းတို့အနေဖြင့် တိတိကျကျ အရေးယူ ပေးရန် ခက်ခဲပါကြောင်း၊ သို့သော်လည်း မြန်မာနိုင်ငံအစိုးရ၏ ပန်ကြားချက် သတင်း အချက်အလက်ကို ၄င်းတို့ အနေဖြင့် လက်ခံရရှိကြောင်း၊ လိုအပ် သည့် အရေးယူဆောင်ရွက်မှုအားလုံးကို ၄င်းတို့အနေဖြင့် ဆောင်ရွက်ပေးမည် ဆိုသည့်အပိုင်းမှာ ၄င်းတို့ ဘက်က ပူးပေါင်းဆောင်ရွက်မှု ဖြစ်ပါကြောင်း၊ အလားတူ မိမိတို့ထုတ်ပြန်သည့် သတင်း များတွင် ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ ဆော်ဒီတို့ကို သံတမန်ရေးရာနည်းလမ်း ဖြင့် အသုံးပြုပြီး လိုအပ်သည့် ပူးပေါင်း ဆောင်ရွက်မှုအားလုံးကို မိမိတို့အနေဖြင့် တောင်းဆို ထားပါကြောင်း”ပြောပါတယ်။

အလားတူ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးကိုလည်း  ခေါ်ယူတွေ့ဆုံကာ ရခိုင်ပြည်နယ် အရေးကိစ္စနဲ့ ပတ်သက်လို့  ရှင်းလင်းပြောကြားခဲ့တဲ့အကြောင်းနဲ့ အချက်အလက် တိကျခိုင်မာ မှုမရှိဘဲ တဖက်နိုင်ငံကို ကန့်ကွက်လို့ မရသေးဘူးလို့လည်း နိုင်ငံခြားရေးဌာန တာဝန်ရှိသူက ရှင်းလင်းပြောပါတယ်။

“မိမိတို့ ရှင်းထားသည့်အထဲတွင် ပါဝင်သည့် ခေါင်းဆောင် သည် ပါကစ္စတန်တွင် သွားရောက်ပြီး လေ့ကျင့်မှုများလုပ်သည်ဟု ပြောထားပါကြောင်း၊ ယခုအချိန်တွင် သတင်းအချက် အလက်များမှာ ကနဦးအနေအထားသာရှိနေပါကြောင်း၊ အချက်အလက် တိတိကျကျ ခိုင်ခိုင်မာမာမရှိဘဲနှင့် တစ်ဖက်ဖက်ကို သွား၍ စွပ်စွဲ၍မရပါကြောင်း၊ ထို့ကြောင့် ကန့်ကွက်သည် ဆိုသည့်အဆင့်ကို သွား၍ မရသေးပါကြောင်း၊ သေချာခိုင်မာသည့် သတင်း အချက်အလက်များအားလုံး ရှိမှသာ လျှင် မိမိတို့က ကန့်ကွက်ရမည်ဖြစ်ပါကြောင်း၊ လက်ရှိရသည့် သတင်းအချက်အလက်များသည် ကနဦးအဆင့်သာ ရှိပါကြောင်း၊”ဦးကျော်ဇေယျကပြောပါတယ်။

မောင်တောအကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်ဟာ RSO အကြမ်းဖက်အဖွဲ့နဲ့ ဆက်နွယ်တဲ့  မောင်တောဒေသမှာလှုပ်ရှားတဲ့  Aqa Mul Mujahidin (အကာလ်မူလ် မူဂျာဟီဒင်န်) အဖွဲ့ရဲ့ လက်ချက်ဖြစ်ကြောင်း စစ်ဆေးဖော်ထုတ်ရရှိတယ်လို့ နိုင်ငံတော်သမ္မတရုံးကအောက်တိုဘာ ၁၄ ရက်မှာ ထုတ်ပြန်ထားတာပါ။

ဒီအဖွဲ့ကို ဦးဆောင်သူဟာ မောင်တောမြို့နယ်၊ ကျောက်ပြင်ဆိပ်ကျေးရွာနေ ဘာသာရေး၊ လူမျိုးရေး အစွန်းရောက် တစ်ဦးဖြစ်တဲ့ အသက် ၄၅နှစ်အရွယ်  ဟာဗစ်တူဟာရ် ဖြစ်ပြီး  ပါကစ္စတန်နိုင်ငံရှိ တာလီဘန်တွေထံမှာ ၆ လ သင်တန်းတက်ရောက်ခဲ့သူဖြစ်တယ်လို့ ဆိုပါတယ်။

ဟာဗစ်တူဟာရ်နဲ့ အတူပူးပေါင်းဆောင်ရွက်နေသူတွေကတော့  ဘင်္ဂလားဒေ့ရှ်နိုင်ငံနေ ငါးခူရကျေးရွာမှာ ရောက်ရှိနေသော ပါကစ္စတန်နိုင်ငံသား ခါလစ်နဲ့  ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ကူတာပါလောင် ဒုက္ခသည် စခန်းမှာနေထိုင်တဲ့  အီဗရာဟိန်း၊ အဇာ၊ အာရပ်တူလာ၊ နီလာဒုက္ခသည် စခန်းမှာ နေထိုင်တဲ့ ဇူဘိုင်၊ အစ္စလာမ်ဆိုသူ အပါအဝင် ၁၂ ဦးဖြစ်တယ်လို့ လည်း ဆိုပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေကတော့  ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ တာဝန်သိတဲ့ အိမ်နီး နားချင်းနိုင်ငံတစ်ခုအနေဖြင့် ကျူးလွန်သူတွေ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးမလာနိုင်အောင် အောက်တိုဘာလ အစောပိုင်းကစပြီး  နယ်စပ်တလျှောက် လုံခြုံရေးပိတ်ဆို့ပေးထားသလို  ထွက်ပြေးလာသူ ၂ ဦးကိုလည်း ပြန်လွှဲပေးခဲ့တယ်လို့  သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်တိုက်ခိုက်သူတွေကို လိုက်လံရှင်းလင်းစဉ်မှာ အကြမ်း ဖက်တိုက်ခိုက်သူတွေဘက်က  သေဆုံးသူ  အမျိုးသား ၂၈ ဦး၊ အမျိုးသမီး နှစ်ဦး စုစုပေါင်း ၃ဝ ရှိတယ်လို့  ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ရဲချုပ် ဇော်ဝင်းကတော့  အကြမ်းဖက်တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးထိန်းသိမ်းထားသူစုစုပေါင်း  ၂၉ ဦးရှိပြီး   စစ်တွေ အကျဉ်းထောင်မှာ ၂ဦး ချုပ်ထားက ကျန် ၂၇ ဦးကို မောင်တောဒေသရှိ အချုပ်ခန်းတွေမှာ ထားရှိ စစ်ဆေးမေးမြန်းနေတယ်လို့ သတင်းထောက်တွေရဲ့အမေးကို ဖြေကြားသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013