DVB Logo
Home
Lead Story
ပြည်သူချစ်တဲ့ ထိုင်းဘုရင်မင်းမြတ် ကံအကုန်နဲ့ အနာဂတ်ထိုင်းနိုင်ငံအရေး
DVB
·
October 17, 2016
ပြည်သူချစ်တဲ့ ထိုင်းဘုရင်မင်းမြတ် ကံအကုန်နဲ့ အနာဂတ်ထိုင်းနိုင်ငံအရေး
Donate to DVB

 

ထိုင်းပြည်သူလူထု တရပ်လုံးက လေးစားကြည်ညို တန်ဖိုးထား အလေးအမြတ်ထားခဲ့တဲ့ ကမ္ဘာ့နန်းသက်အရှည်ဆုံးဘုရင်ဖြစ်တဲ့ ဘူမိဘောအဒူလျာဒက်ကတော့ ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့ မွန်းလွဲ ၃ နာရီ ၅၂ မိနစ်မှာ နတ်ရွာစံ သွားခဲ့ပြီ ဖြစ်ပါတယ်။ နတ်ရွာစံချိန်မှာ အသက် ၈၈ နှစ်ရှိပြီ ဖြစ်ပါတယ်။

ထိုင်းပြည်သူလူထုတရပ်လုံး ကြေကွဲဝမ်းနည်း ယူကျုံးမရဖြစ်၊ နှမြောတသ ၀မ်းနည်း ကြေကွဲနေကြရတဲ့အချိန်လည်း ဖြစ်ပါတယ်။ သူဟာ ၂၀၁၆ အထိဆိုရင် နန်းစံသက် ၇၀ ရှိခဲ့ပြီး ဖြစ်ပါတယ်။ သူဟာ ၂၃၄ နှစ်သက်တမ်းရှိခဲ့ပြီဖြစ်တဲ့ ချာကရီ မင်းဆက်ရဲ့ န၀မမြောက် ထိုင်းဘုရင် ဖြစ်ပါတယ်။ သူမသေခင်မှာ ကမ္ဘာပေါ်မှာ နန်းသက်အရှည်ကြာဆုံး အသက်ရှင် နေထိုင်အုပ်စိုးခဲ့တဲ့ ဘုရင်တပါး အဖြစ်လည်း မှတ်တမ်းတင်ခံခဲ့ရသူ ဖြစ်ပါတယ်။

ထိုင်းဘုရင်ကြီးဟာ အသက်အရွယ်အရ ဖြစ်ပေါ်လာခဲ့တဲ့ ကျန်းမာရေးချို့တဲ့မှုတွေကြောင့် သူ့ရဲ့နောက်ဆုံးအချိန်တွေကို နန်းတော်ထဲမှာပဲ နေထိုင်ခဲ့ရပေမယ့် သူ ကျန်းမာရေး ကောင်းနေတဲ့ အချိန်တွေတုန်းကတော့ သူ့နိုင်ငံတနံတလျှားက သာမန်ပြည်သူလူထုတွေရဲ့ နေထိုင်ရုန်းကန် လှုပ်ရှားနေရတဲ့ ဘ၀တွေကို ကိုယ်တိုင်ကိုယ်ကျ လည်ပင်းမှာ ကင်မရာတလုံး လွယ်ပြီး သွားရောက် လည်ပတ်၊ လိုအပ်တဲ့ အကူအညီတွေကို ပေးအပ်ခဲ့ပါတယ်။ သူ အဲဒီလို သွားလာနေတဲ့ အချိန်တွေ အတွင်း မှတ်တမ်းတင်ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုမှတ်တမ်းတွေအရ ပြောရရင် ဘုရင်ကြီးဟာ အလွန်နှိမ့်ချ မာန်မာန ကင်းစင်ခဲ့သလို ကိုယ့်အားကိုယ်ကိုးခဲ့တဲ့ မင်းကောာင်းမင်းမြတ်တပါးလို့ ပြောရမှာပါပဲ။ သူ့ကို ရှိခိုးဦးချနေတဲ့ သက်ကြီးရွယ်အိုတွေရှေ့မှာ ကိုယ်တိုင်ဒူးထောက်ပြီး သူတို့ ပြောစကားတွေကို နားထောင်ခဲ့၊ အားပေးစကားတွေ ဆိုခဲ့သူလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း စည်းမျဉ်းခံဘုရင်တပါး ဖြစ်ပေမယ့် ထိုင်းနိုင်ငံ ပြည်သူလူထုရဲ့ ချစ်ခင်ကြည်ညို လေးစားမှုနဲ့ တန်ဖိုးထားမှုကို အစဉ်တစိုက် ခံခဲ့ရသူလည်း ဖြစ်ပါတယ်။

နိုင်ငံ့အရေးမှာလည်း အကွဲကွဲအပြားပြား ဖြစ်နေတဲ့ နိုင်ငံရေးအင်အားစုတွေရဲ့ အားပြိုင်မှုအရ ဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေနဲ့ ဆက်နွှယ်မငြိမ်မသက်ဖြစ်မှုတွေကို ပြေအေးတည်ငြိမ်မှုရအောင် ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ပေးနိုင်ခဲ့သူတဦးလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း သူ့ရဲ့ ကျန်းမာရေး အခြေအနေအရ ဆေးရုံတက်ခဲ့ရတဲ့ အချိန်တွေမှာ ဆေးရုံရှေ့မှာ အချိန်ကုန်ခံပြီး လာဆုတောင်းပေးနေတဲ့ သူတွေကို အမြဲလိုလို တွေ့ခဲ့ရတာပါပဲ။ ထိုင်းပြည်သူ လူထုဟာ သူတို့ရဲ့ ဘုရင်ကြီးကို အဆက်ဆက် အုပ်စိုးနေခဲ့တဲ့ ထိုင်းဝန်ကြီးချုပ်တွေထက် ပိုပြီးချစ်ခင်လေးစားခဲ့တယ် ဆိုတာကတော့ သေချာတယ်လို့ ပြောရမှာပါပဲ။

၆၇ သန်းလောက်ရှိတဲ့ ထိုင်းပြည်သူတွေရဲ့ ရာနှုန်းအများစု အထူးသဖြင့် သာမန် ပြည်သူလူထုတွေက တကယ့်ကို ချစ်ခင်လေးစားခဲ့ကြတယ် ဆိုတာကို နိုင်ငံတကာကလည်း သတိပြုမိခဲ့ကြတယ် ဆိုတာကို နိုင်ငံခြားသားတွေကိုယ်တိုင်က ပြောပြတာကိုလည်း ကြားခဲ့ရပါတယ်။

သူ့ရဲ့ သူ့နိုင်ငံပြည်သူတွေအတွက် လုပ်ဆောင်ချက်တွေထဲမှာ ထူးခြားထင်ရှားတဲ့ လုပ်ဆောင်ချက်တခုကတော့  “မိုးတု” ပါပဲ။ အများအားဖြင့် ပူပြင်းတဲ့ရာသီဥတု ရှိတဲ့ ထိုင်းနိုင်ငံမှာ တချို့အချိန် တချို့နေရာတွေမှာ ရာသီဥတုက အရမ်းပူပြင်းပါတယ်။ အဲဒီလိုအချိန်မှာ ထိုင်းနိုင်ငံဘုရင်ကြီးက ဂျက်လေယာဉ်တွေနဲ့ တခြား လိုအပ်တဲ့ အကုန်အကျများတဲ့ ပစ္စည်းတွေကို သုံးရတဲ့ မိုးတုရွာပေးဖို့ ဘုရင်ကြီးက စေခိုင်းတတ်ပါတယ်။ နောက်ပိုင်းမှတော့ မိုးတုဟာ ထိုင်းဘုရင်ကြီး ဘူမိဘောရဲ့ မူပိုင်အဖြစ် သတ်မှတ်ပေးတာ ခံခဲ့ရပါတယ်။

ကွင်းစလန်တက္ကသိုလ်က ထိုင်းနိုင်ငံ ပဒေသရာဇ်စနစ် သမိုင်းအထူးပြု သမိုင်းပညာရှင် ပက်ထရစ် ဂျော်ရီကတော့ “ဘုရင်ဘူမိဘော အုပ်စိုးမှုရဲ့ နိဂုံးဟာ ထိုင်းခေတ်ရဲ့နိဂုံးလည်း ဖြစ်သလို သမိုင်းသစ်တခုရဲ့ အစလည်း ဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

အဲဒီမှတ်ချက်ဟာလည်း မှန်တယ်လို့ ပြောရမှာပဲ။ နိုင်ငံအတွင်း နိုင်ငံရေး ပဋိပက္ခတွေကို အလွန်အကျွံ မဖြစ်ရအောင် ထိန်းကျောင်းစောင့်ရှောက်နိုင်ခဲ့သလို ထိုင်းအခြေခံပြည်သူလူထုရဲ့ လိုအပ်မှုတွေကို တတ်စွမ်းသမျှ ကူညီဖြည့်ဆည်းပေးခဲ့တဲ့ ထိုင်းဘုရင်ကြီး ကွယ်လွန်ပြီးတဲ့ နောက်ပိုင်းမှာရော တည်ရှိနေဆဲ နိုင်ငံရေးပဋိပက္ခတွေ ငြိမ်းငြိမ်းချမ်းချမ်းမှ ဖြေရှင်းနိုင်ပါ့မလား။ အာဏာသိမ်းထားတဲ့ တရားမ၀င် စစ်အစိုးရရဲ့ အခန်းကဏ္ဍကရော ဒီမိုကရေစီစနစ်အောက်ကို ပြန်ပြီး လိုလိုလားလား လက်ခံရောက်ရှိလာဖို့ လွယ်လွယ်ကူကူ အဆင်ပြေ ချောမွေ့နိုင်ပါမလား။ လူတန်းစားက ကွာဟမှု(ဆင်းရဲချမ်းသာကွာဟမှု) ကြီးကြီးမားမား ရှိနေတဲ့ ထိုင်းနိုင်ငံမှာ လူတန်းစား ချင်း ပဋိပက္ခတွေ ပိုပြီးကြီးမား ပြင်းထန်လာလေမလား။

တောင်ပိုင်းက လွတ်လပ်တဲ့ သီးခြားအစ္စလာမ်နိုင်ငံ ခွဲထွက်တည်ထောင်ရေးအတွက် တိုက်ပွဲဝင်နေတဲ့ လက်နက်ကိုင် ပဋိပက္ခကရော ပြေလည်သွားနိုင်ပါ့မလား၊ စီးပွားရေးအရရော နိုင်ငံတကာက စီးပွားရေး ရင်းနှီးမြှုပ်နှံသူတွေက ဘုရင်ကြီးသက်ရှိထင်ရှား ရှိတုန်းကလို ယုံယုံကြည်ကြည် ရင်းနှီးမြှုပ်နှံမှု လုပ်ကြပါဦးမလား … စတဲ့ သံသယတွေလည်း ထိုင်း ပြည်သူလူထုကြားမှာ ဖြစ်ပေါ်လာနေပါပြီ။

ယေဘုယျကောာက်ချက်ကတော့ ထိုင်းဟာ မရေရာ မသေချာမှု နယ်ပယ်ထဲကို ရောက်နေပြီလို့ ပြောနေကြပါတယ်။ ခုသတင်းပတ်အတွင်းမှာပဲ ထိုင်းဘတ်ငွေ ထိုးကျလာပြီးတဲ့အချိန်မှာ ထိုင်းစတော့ခ်နဲ့ ဘတ်ငွေဟာ ဖိအားပေးခံနေရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ဈေးကွက်လေ့လာသူတွေက ဆိုပါတယ်။

အွန်ဒါက စင်ကာပူနိုင်ငံအခြေစိုက် အကြီးတန်းဈေးကွက် လေ့လာသုံးသပ်သူ  ဂျက်ဖရီ ဟော်လေကတော့ “ဒီဝမ်းနည်းစရာအဖြစ်အပျက် နောက်ပိုင်းမှာတော့ နိုင်ငံရေး မတည်မငြိမ် ဖြစ်မှုကြောင့် ရင်းနှီးမြှုပ်နှံသူတွေရဲ့ စိုးရိမ်စိတ်တွေ ပိုပြီး ပြင်းထန်လာမယ်လို့ ကျနော်တို့ မျှော်လင့် ထားပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

တကယ်တော့လည်း ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံအုပ်ချုပ်ရေးမှာ တိုက်ရိုက် အာဏာမရှိတော့ပေမယ့် အမျိုးသားအထိမ်းအမှတ်နဲ့ စည်းလုံးညီညွတ်မှုရဲ့ အမှတ်လက္ခဏာ ဖြစ်ခဲ့တဲ့ ဘုရင်ကြီး ဘူမိဘောဟာ အမျိုးသားတည်ငြိမ်ရေးကို ခြိမ်းခြောက်ခဲ့တဲ့ နိုင်ငံရေး ပဋိပက္ခ တွေကို ဖြေရှင်းဖို့ ကြိုးစားရတဲ့အခါတိုင်း သူ လူထုပရိသတ်ချစ်ခင်မှုနဲ့ ကိုယ်ကျင့်သိက္ခာဆိုင်ရာ သြဇာအာဏာကို အသုံးချခဲ့ရတာကိုလည်း အထင်အရှား တွေ့မြင်နိုင်ခဲ့ပါတယ်။

ဘုရင်ဘူမိဘော မရှိတော့တဲ့အချိန်မှာ ထီးနန်းအရိုက်အရာ ဆက်ခံရေးက မလွဲမသွေ စဉ်းစားလာရမှာ ဖြစ်ပေမယ့် လေ့လာသူတွေကတော့ ထီးနန်းဆက်ခံမှုဟာ ပြေပြေလည်လည် ဖြစ်သွားမှာပါပဲလို့ သုံးသပ်ကြပါတယ်။ ဒါပေမယ့် အာဏာသိမ်းစစ်အစိုးရ လက်အောက်မှာ ဘုရင်ဧက္ကရာဇ်ကို ထိပါးအသရေဖျက်မှုဆိုင်ရာ ဥပဒေတွေက ပြင်းထန်ကြမ်းတမ်းတဲ့အတွက် ဘုရင်ကြီးရဲ့ ကျန်းမာရေးနဲ့ နန်းဆက်ဆက်ခံရေး အစီအစဉ်တွေနဲ့ ပတ်သက်ပြီး ပြောဆိုဝေဖန်မှုတွေ ရှားပါးခဲ့တာကလည်း အရှိတရား တခု ဖြစ်ခဲ့ပါတယ်။

ထိုင်းဘုရင့်နန်းတော်ကို ကာလရှည်ကြာ လေ့လာစောင့်ကြည့်ခဲ့တဲ့  ကက်ဗင်း ဟယူးဝစ်ဆန် ကလည်း “ကျနော့အမြင်ကတော့ အိမ်ရှေ့မင်းသားက ဘုရင်ဖြစ်လာမှာပါပဲ။ ဆန့်ကျင်လာတာမျိုး မရှိနိုင်ဘူးလို့ ကျနော် ထင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

သူက “အာဏာသိမ်းစစ်အုပ်စုက သူတို့ဟာ အိမ်ရှေ့မင်းသားနောက်မှာသာ ရှိနေတယ် ဆိုတာကို ရှင်းရှင်းလင်းလင်း သိထားပြီးဖြစ်တယ်” လို့ ၂၀၁၄ ခုနှစ်မှာ အာဏာသိမ်းယူခဲ့ပြီး အရပ်သား အုပ်ချုပ်ရေးကို ဦးဆောင်နေခဲ့တဲ့  ဗိုလ်ချုပ်ကြီးဟောင်း ပရာယုချန်အိုချာနဲ့ ခိုင်းနှိုင်းပြီး ပြောသွားခဲ့ပါတယ်။

သြစတြေးလျ အမျိုးသားတက္ကသိုလ်က အာရှနိုင်ငံရေးကျွမ်းကျင်သူ တိုင်းရဲလ် ဟာဘာခွန် ကတော့ “လေ့လာအကဲခတ်သူတွေနဲ့ နိုင်ငံရေးမှာ ဘုရင်စနစ်ရဲ့ အစဉ်အလာ အခန်းကဏ္ဍ၊ ကူးပြောင်းမှု အလားအလာ၊ ပိုပြီးဖိနှိပ်မှု ကြီးမားလာနိုင်မလား စတာတွေကို မေးခွန်းထုတ်ချင်သူတွေ အဖို့ကတော့ အဲဒါတွေဟာ အခြေခံပူပင်ကြောင့်ကြမှုတွေပဲပေါ့ရှင်”လို့ ပြောကြားခဲ့ပါတယ်။

ပြဿနာကတော့အခု ထိုင်းနိုင်ငံဦးသျှောင် ဘုရင်ကြီး နတ်ရွာလားတဲ့အချိန်ဟာ ပြည်သူလူထု ရွေးချယ်တင်မြှောက်ထားတဲ့ တရားဝင်အစိုးရမဟုတ်ဘဲ အာဏာသိမ်းစစ်အစိုးရ ဖြစ်နေတဲ့အချိန် ဖြစ်သလို နိုင်ငံရေးအရလည်း ပဋိပက္ခ ပြင်းနေတဲ့ကာလ ဖြစ်လို့ပါပဲ။ ဒါကြောင့်လည်း ထိုင်းနိုင်ငံရေး လေ့လာသူတွေက မသေချာ မရေရာတဲ့ အချိန်ကာလလို့ ပြောဆိုနေကြတာ ဖြစ်မှာပါ။

ကျနော်ကတော့ ဒီမိုကရေစီ အခြေခံမူတွေနဲ့ အတော်ကြီးယဉ်ပါးနေခဲ့ကြတဲ့ ထိုင်းနိုင်ငံ ပြည်သူတွေကတော့ ဘယ်လို အာဏာရှင်မျိုးရဲ့ အုပ်စိုးမှုကိုမှ ကာလရှည်ကြာ သည်းခံလိမ့်မယ် မဟုတ်ဘူး ဆိုတာကိုတော့ အခိုင်အမာ ယုံကြည်ထားတယ်လို့ ပြောပါရစေ။ ။

စိုးနေလင်း

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013