
အဆင့် ၃ ရှိတဲ့ တိုင်ဖုန်မုန်တိုင်းက ပြီးခဲ့တဲ့ အောက်တိုဘာ ၁၆ ရက်နေ့အစောပိုင်းမှာ ဖိလစ်ပိုင်နိုင်ငံ ကုန်းတွင်းကို ဝင်ရောက် တိုက်ခတ်ခဲ့ပါတယ်။
စပါးစိုက်ပျိုးရာ လူဇုံကျွန်းကို လေပြင်းတွေ တိုက်ပြီး မိုးသည်းခဲ့လို့ လေကြောင်းခရီးစဉ်တွေ ဖျက်သိမ်းခဲ့ရပြီး သင်္ဘောတွေလည်း ကျောက်ချ ရပ်နားခဲ့ရပါတယ်။
စာရိကာ အမည်ရ တိုင်ဖုန်မုန်တိုင်းဟာ ကုန်းတွင်းမဝင်ခင်မှာ ၁ နာရီ လေတိုက်နှုန်း ၉၅ မိုင်ထိ တိုက်ခတ်ခဲ့ပြီး ဒီနှစ်အတွက် ပျက်စီးမှုအများဆုံး မုန်တိုင်း ဖြစ်နိုင်တယ်လို့ မိုးလေဝသ ပညာရှင်တွေက ဟောကိန်းထုတ်ပါတယ်။
ပြည်တွင်းနဲ့ ပြည်ပလေကြောင်းခရီးစဉ်ပေါင်း ၁၆၀ လောက် ဖျက်သိမ်းခဲ့ရပြီး ခရီးသည် အယောက် ၆၅၀၀ လောက် ပင်လယ်ဆိပ်ကမ်းတွေမှာ သောင်တင်နေတယ်လို့ ကပ်ဘေး ကယ်ဆယ်ရေးအရာရှိတွေက ပြောပါတယ်။
မနီလာ ကမ်းရိုးတန်းတလျှောက် ရွက်လှေနဲ့ လှေငယ်တွေကို ကမ်းပေါ် တင်ထားကြရပါ တယ်။
ကမ်းရိုးတန်းစောင့်တပ်က ကူးတို့ယာဉ်တွေကို ပင်လယ်ပြင် ထွက်ခွင့်မပေးလို့ စားဝတ်နေရေး ထိခိုက်ရတယ်လို့ ကူးတို့သမားတယောက်က ပြောပါတယ်။
မုန်တိုင်းဟာ ကုန်းတွင်း ဝင်ရောက်ပြီးချိန်မှာ လေတိုက်နှုန်း ၁ နာရီကို ၈၁ မိုင်ထိ ကျသွားတယ်လို့ မိုးလေဝသ ဗျူရိုက ပြောပါတယ်။
နောက်ထပ် မုန်တိုင်း ဟိုင်မာကိုလည်း စောင့်ကြည့်နေတယ်။ ဂူအမ်ကျွန်း တောင်ပိုင်းမှာ အောက်တိုဘာ ၁၅ ရက်နေ့က မုန်တိုင်းစနစ် ဖွဲ့စည်းလာပြီး အောက်တိုဘာ ၁၇ ရက် ဒီနေ့မှာ ဖိလစ်ပိုင်နိုင်ငံထဲကို ဝင်ရောက်နိုင်တယ်လို့ ဗျူရိုက ဆက်ပြောပါတယ်။
စာရိကာမုန်တိုင်းကြောင့် ပျက်စီးတဲ့ ဆန်နဲ့ ပြောင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၁.၁ သန်းဖိုး ရှိမယ်လို့ ခန့်မှန်းကြောင်း ကပ်ဘေးအရာရှိတွေက ပြောပါတယ်။
တချို့ဒေသတွေမှာ လျှပ်စစ်မီး ပြတ်တောက်နေပြီး အကြီးစားဆည်ကြီးတွေကို ရေလျှံမှု ဖြစ်နိုင်ခြေအတွက် နီးနီးကပ်ကပ် စောင့်ကြည့်နေပါတယ်။
ရေကြီးမှုနဲ့ မြေပြိုမှုတွေကြောင့် လူဇုံကျွန်း မြောက်ပိုင်းနဲ့ တောင်ပိုင်းခရိုင်တွေမှာ လမ်း ၅ လမ်း ပိတ်ဆို့ခဲ့ပါတယ်။
စာရိကာမုန်တိုင်းဟာ တောင်တရုတ်ပင်လယ်ဆီကို ဆက်လက်ရွေ့လျားနေတယ်လို့ မိုးလေဝသအရာရှိတွေက ပြောပါတယ်။










