DVB Logo
Home
မြန်မာသတင်း
ရေနစ်လယ်မြေများ စိုက်စရိတ်ချေးငွေမရသဖြင့် စပါးပြန်မစိုက်နိုင်
DVB
·
October 15, 2016
ရေနစ်လယ်မြေများ စိုက်စရိတ်ချေးငွေမရသဖြင့် စပါးပြန်မစိုက်နိုင်
1 / 5
Donate to DVB

ရန်ကုန်မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ ရေကြီးနစ်မြုပ်ခဲ့တဲ့ လယ်ယာမြေတွေ ရေကျသွားပေမယ့် အစိုးရဆီက စိုက်ပျိုးစရိတ်ချေးငွေ မရလို့ လယ်ပြန်မစိုက်နိုင်တဲ့ အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ တောင်သူ လယ်သမားတွေကပြောပါတယ်။

နှစ်တိုင်းရေဘေးနဲ့ကြုံတွေ့နေရတဲ့ ဓမ္မိတ်ကျေးရွာက လယ်စိုက်တောင်သူဦးလှသန်းက “ကျနော်တို့မှာ မနှစ်ကလည်း ရေကြီးလို့ စပါးတွေ သေကုန်ပါတယ်။ ဒီနှစ်လည်း ရေကြီးပြန်တော့ စပါးတွေသေကုန်တယ်။ ရေကျသွားလို့ ပြန်ပေါ်တဲ့ စပါးပင်ကျတော့ ပိုးက တခါကျပြန်တယ်။ ပြန်စိုက်လို့ မရတော့ဘူး။ ကျနော်တို့ တောင်သူတွေအနေနဲ့ ရေတနှစ်ကြီးရင် သုံးနှစ် လုပ်ဆပ်ရပါတယ်။ မနှစ်ကလည်း ပုံစံ-၇ ရှိမှ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ပေးမယ်ဆိုလို့ ပုံစံ-၇ ရအောင်လျှောက်တော့ အချိန်မမီတော့လို့ဆိုပြီး မရခဲ့ပါဘူး။ ဒီနှစ်ကျတော့ ပုံစံ-၇ အသစ်တွေကို နောက်ဆုံးမှ ထုက်ပေးမယ်ဆိုလို့ စောင့်နေတော့ ဘတ်ဂျက်ကုန်သွားလိုဆိုပြီး မရတော့ပါဘူး။ စိုက်ပျိုးစရိတ်မရလို့ အပြင်ကငွေကို အတိုးကြီးတွေပေးပြီး စိုက်ပျိုးရတဲ့ ကျနော်တို့ တောင်သူလယ်သမားတွေဘဝက နာလန်မထူတော့ပါဘူး”လို့ ပြောပါတယ်။

အလဘုတ်ကျေးရွာက တောင်သူဦးဝဏ္ဏလင်းကလည်း “ကျနော်တို့က မနှစ်က သုံးဦးပေါင်း ဝိုင်းလေးချုပ်နဲ့ ထုတ်ရပါတယ်။ အဲဒီမှာ သုံးဦးမှာ တဦး မကျေရင် ပြန်ထုတ်မပေးဘူးဆိုလို့ ကျနော်တို့ မဖြစ်မနေ ပြန်ဆပ်ခဲ့ပါတယ်။ အဲဒီမှာ တဦးက ပြန်မဆပ်ခဲ့ပါဘူး။ ဒါကြောင့် ဒီနှစ် ကျနော်တို့ မရခဲ့ပါဘူး။ အဲဒီမှာ အမှန်တကယ်ပြန်ဆပ်တဲ့ ကျနော်တို့တောင်သူတွေမှာ အရမ်းနှစ်နာပါတယ်။ ပြန်မဆပ်တဲ့သူတွေကိုလည်း နိုင်ငံတော်အနေနဲ့ သတိပေးတာတို့၊ အရေးယူတာတို့ မပြုလုပ်ပါဘူး။ ဒါကြောင့် အမှန်တကယ် ပြန်ဆပ်တဲ့ တောင်သူတွေက စိုက်ပျိုးစရိတ်ချေးငွေ မရတဲ့အတွက် နစ်နာမူတွေ ရှိပါတယ်” လို့ ပြောပါတယ်။

အစိုးရအနေနဲ့ တောင်သူတွေကို စိုက်ပျိုးစရိတ် အလုံအလောက် ထုတ်ပေးချင်ပေမယ့် ချေးငွေပြန်မဆပ်ကြလို့ ကြွေးကျန်တွေများနေတယ်လို့ တိုက်ကြီးမြို့နယ်၊ မြန်မာ့ လယ်ယာဖွံဖြိုးရေးဘဏ် မန်နေဂျာဦးမောင်မောင်ဆွေက ပြောပါတယ်။

“ကျနော်တို့ စိုက်ဘဏ်အနေနဲ့ တောင်သူတွေကို စိုက်ပျိုးစရိတ် ထုတ်ပေးချင်ပါတယ်။ တိုက်ကြီးမြို့နယ်မှာ လယ်မြေဧက ၉၉၂၆၂ ဧကရှိပြီး နှစ်စဉ် စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးရာမှာ တောင်သူများက ချေးငွေကို အတိအကျ ပြန်မဆပ်ကြပါဘူး။ နှစ်စဉ် အကြွေးကျန်ပါတယ်။”

ပြီးခဲ့တဲ့ ၂၀၁၄ မှာ စိုက်စရိတ်ကြွေးကျန်ကျပ် ၁၃၅၁၅ သိန်း၊ ၂၀၁၅ မှာ စိုက်ပျိုးစရိတ်ချေးငွေ ၆၉၁၃ သိန်းကြွေးကျန်ပြီး ၂၀၁၆ မှာတော့ တောင်သူတွေကို ချေးငွေ ၁၄၁၄၉၉.၅ သိန်း ထုက်ချေးပေးထားတယ်လို့ဆိုပါတယ်။

စိုက်ပျိးရေးဘဏ်အနေနဲ့ စပါးစိုက်တောင်သူ လယ်သမားတွေကို တဧက ကျပ် ၁သိန်းခွဲ နှုန်းနဲ့ ထုတ်ချေးပေးနေ တာဖြစ်ပါတယ်။

တောင်သူလယ်သမားတွေအတွက် ၂၀၁၆-၁၇ဘဏ္ဍာနှစ်မှာ စိုက်ပျိုးစရိတ်ချေးငွေအတွက် ပြည်ထောင်စုအစိုးရက မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကနေ ကျပ်ငွေ ဘီလီယံ ၅၀၀ ချေးယူထားရတာလည်းဖြစ်ပါတယ်။

ကြွေးကျန် တောင်သူတွေကို အစိုးရက ကြွေးပြန်ဆပ်ဖို့ နှိုးဆော်တာနဲ့ ငွေကောက်ခံတာတွေ ပြုလုပ်နေပြီး စိုက်ပျိုးစရိတ်ချေးငွေ ပြန်မဆပ်ပါက သက်ဆိုင်ရာ ရဲစခန်းမှာ မြေယာဥပဒေ ပုဒ်မ ၄၅ နဲ့ အရေးယူသွားမယ်လို့လည်း သတိပေးထားပါတယ်။

ပေးပို့ - မေသွယ်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013