DVB Logo
Home
Lead Story
ရထားလမ်းက အဆက်မှာပဲ အဓိကအားနည်းတာ - ဦးတင်မြင့် (လက်ထောက်အင်ဂျင်နီယာ)
DVB
·
October 14, 2016
ရထားလမ်းက အဆက်မှာပဲ အဓိကအားနည်းတာ - ဦးတင်မြင့် (လက်ထောက်အင်ဂျင်နီယာ)
Donate to DVB

ရန်ကုန်မြို့ရဲ့ မြို့ပြသယ်ယူပို့ဆောင်ရေး လုပ်ငန်းစဉ်တွေထဲမှာ မြို့ပတ်မီးရထားလမ်းပိုင်းလည်း ပါဝင်ပါတယ်။ မြို့ပြမီးရထားလမ်းပိုင်းကို အဆင့်မြှင့်တင်ဖို့အတွက် ဂျပန်နိုင်ငံ ဂျိုက်ကာ (JICA) အဖွဲ့အစည်းနဲ့ မြို့ပတ်မီးရထားက တာဝန်ရှိသူတွေ ပူးပေါင်းပြီး ဆောင်ရွက်နေပါတယ်။ ဒါနဲ့ပတ်သက်လို့ မြန်မာ့မီးရထား တိုင်းအမှတ်-၇ က လက်ထောက်အင်ဂျင်နီယာ ဦးတင်မြင့်ကို ဒီဗွီဘီက တွေ့ဆုံမေးမြန်းထားပါတယ်။

မေး - ရန်ကုန်မြို့ပတ်လမ်းက မြန်မာနိုင်ငံမှာ ဘယ်လိုမျိုး ထူးခြားတဲ့အရာတွေရှိလဲ။ ဒေသတွင်းမှာရော ဘာတွေထူးခြားတာရှိလဲ ဆရာ။

ဖြေ - မြို့ပတ်လမ်းကတော့ ကျနော်တို့ ဒီအာရှမှာတော့ မြန်မာနိုင်ငံကို Circle ပေါ့နော်။ မြို့ပတ်အဝိုင်းအဝန်းမှာ ပတ်တာကတော့ မြန်မာနိုင်ငံရှိတယ်။ ဂျပန်နဲ့ မြန်မာနိုင်ငံ နှစ်ခုပေါ့။ ဂျပန်စတိုင်ပေါ့ မြန်မာနိုင်ငံက။ အဲလိုရှိပါတယ်။ မြို့ပတ်လမ်းမှာ အခုလက်ရှိ ၃၈ ဘူတာတော့ ရှိတယ်။ လက်ရှိ ခရီးသည်အစီးများတာနဲ့ ပြေးဆွဲမှုအနေနဲ့ကတော့ ရန်ကုန်-ဒညင်းကုန်းအပိုင်း ၁၂ ဒသမ ၇၅ မိုင်ရှိတယ်။ ခေါက်တုံ့အသွားအပြန် ဆွဲတာရှိတယ်။ ရန်ကုန်ကနေ လှော်ကားကို ဆွဲတာလည်း ရှိတယ်။ ရန်ကုန်ကနေ လှော်ကား ကွန်ပျူတာတက္ကသိုလ်ကို ဆွဲပေးတာလည်း ရှိတယ်။ ဒီဘက်ဆိုရင် ရန်ကုန်၊ ပုရွက်ဆိတ်ကုန်း၊ မင်္ဂလာဒုံဈေးပေါ့။ အဲဒီလို ခေါက်ပြန်ဆွဲတာလည်း ရှိတယ်။ နောက် ကြားဖြတ်ပြီးတော့ မြို့ပတ်ဆွဲတဲ့ရထားတွေလည်း ရှိပါတယ်။

မေး - ဆရာတို့ အခု မြို့ပတ်လမ်းပိုင်းကို ဆရာတို့အင်ဂျင်နီယာဌာနက အဆင့်မြှင့်ချင်သေးတယ် ဆိုတော့ပေါ့နော်။ မြို့ပတ်လမ်းပိုင်းကို ဘယ်အချိန်လောက်ကနေ စပြီး အဆင့်မြှင့်တင်ဖို့ သတ်မှတ်ထားပြီးတော့ ပိုက်ဆံငွေကြေးအားဖြင့် ဘယ်လောက်လောက်ကုန်ကျမယ်လို့ ဆရာတို့ ရည်မှန်းချက်ထားလဲ။

ဖြေ - လက်ရှိအနေနဲ့ပေါ့နော်။ ကျနော်တို့ မြို့ပတ်လမ်းကို ဂျိုက်ကာနဲ့ ပူးတွဲပြီးတော့လုပ်ဖို့၊ ပြုပြင်ဖို့ဆိုတာကတော့ ဂျိုက်ကာအနေနဲ့ ချေးငွေအနေနဲ့ပေါ့ ဒေါ်လာ ၂၀၇ သန်း ပေးတယ်။ ၂၀၇ သန်းပေးတဲ့အထဲမှာ ရထားတွဲဆိုင်းတွေ DEMU ၁၁ ဆိုင်းပေါ့။ ဒေါ်လာ ၂၀၇ သန်းကတော့ Loan Agreement လက်မှတ်ထိုးထားပြီးပြီပေါ့နော်။ ထိုးပြီးတဲ့အထဲမှာ ခေတ်မီအချက်ပြဆက်သွယ်ရေးပစ္စည်း တပ်ဆင်ရေးစနစ်နဲ့ DEMU ၁၁ ဆိုင်းပေါ့။ ၆၆ တွဲပေါ့။ အဲဒီအတွက်ကိုပဲ သူက အဓိကရည်ရွယ်တာ။ ဒီလမ်းပြင်တာတွေ၊ ဘူတာအဆင့်မြှင့်လုပ်တာတွေ၊ ပလက်ဖောင်းတွေ၊ နောက် ရေမြောင်းပြင်တာတွေ လုပ်တာတွေပေါ့ အကုန်လုံးကိုတော့ မီးရထားဘတ်ဂျက်နဲ့ ဘတ်ဂျက်ရရှိမှုအပေါ် မူတည်ပြီးတော့ ပြုပြင်သွားမှာပါ။

မေး - ဒီနေရာမှာ ဆရာ့ကို မေးစရာလေးရှိတာက DEMU နဲ့၊ အခုဆွဲနေတဲ့ RBE နဲ့၊ ရိုးရိုးတွဲနဲ့ ဘယ်လိုကွာတာလဲ ဆရာ။

ဖြေ - DEMU ဆိုတာက ဂျပန်မှာ တွဲဆိုင်းဆင်တဲ့ အဆင့်မြင့်တွဲဆိုင်းတွေပေါ့။ လက်ရှိဒီမှာကတော့ ကျနော်တို့ RBE တွေကလည်း သူတို့နိုင်ငံက သုံးပြီးသားတွေ ပြန်ဝယ်တာလည်းရှိတယ်။ လက်ရှိ ရိုးရိုးတွဲတွေလည်း ရှိတယ်။ ဒီမှာသုံးနေတာ။ အခုမှာတဲ့ DEMU တွဲတွေက တွဲဆိုင်းအသစ်တွေပေါ့။ လမ်းပိုင်းပြင်တာကတော့ ကျနော်တို့ ၂၀၁၅-၂၀၁၆ ဘတ်ဂျက်ကနေ စလုပ်တာပေါ့လေ။ ၂၀၁၅-၂၀၁၆ ကနေ လမ်းပိုင်းပြင်တယ်။ ရန်ကုန်နဲ့ ကမာရွတ်ကြား ၁၁ မိုင်ပေါ့။ အစုန်အဆန်။ အဲဒါကို သံလမ်းပြင်တဲ့ပိုင်းက ၆ ချောင်းဆက်သံလမ်း လဲတာပေါ့နော်။ သံလမ်းတချောင်းက ၃၉ ပေရှိတယ်။ ၃၉ ပေရှိတဲ့ သံလမ်းကို ကျနော်တို့ ဆက်တာပေါ့။ နောက် ၂၀၁၅-၂၀၁၆ တုန်းကတော့ ကျနော်တို့ သားမစ်နဲ့ဆက်တယ်။ သားမစ်နဲ့ဆက်တယ်ဆိုတာ ကြည့်မြင်တိုင်ဘူတာမှာ။ လူနဲ့ပဲ ၀ရိန်ဆက်တာပေါ့လေ။ ၁၆-၁၇ ဘတ်ဂျက်မှာတော့ ဖလက်ဘက် စက်ကြီးတွေနဲ့ ဆက်တယ်။ သံလမ်းတချောင်းကို ၃၉ ပေဆိုတော့ ၆ ချောင်းဆက် ဆက်တာ။ ၁၆-၁၇ ဘတ်ဂျက်မှာ ကမာရွတ်ကနေ ဒညင်းကုန်းအထိ အစုန်အဆန် ၁၄ မိုင်ပေါ့။ အခုလက်ရှိ ၇ မိုင် ပြီးသွားပြီပေါ့။ အဆန်လမ်း ကမာရွတ်ကနေ ဒညင်းကုန်းအထိ ၇ မိုင် ပြီးသွားပြီ။ ကျန်တဲ့ ၇ မိုင်ကိုတော့ ၉ ချောင်းဆက်ဖို့ဆိုပြီး အခု စလုပ်နေပါပြီ။ ဆက်တဲ့ အင်ဂျင်နီယာကလည်း သတ်သတ်သီးခြား ရှိတယ်ပေါ့လေ။ စက်ကိုင်တဲ့အဖွဲ့တွေ ရှိတယ်။

မေး - ဆရာ အဲလိုမျိုး သံလမ်းကို ဆက်ပြီးသုံးတဲ့အခါကျတော့ ဘယ်လိုမျိုးထူးခြားမှုတွေ ရှိလဲဆရာ။

ဖြေ - ထူးခြားမှုဆိုတာကတော့ လက်ရှိ ရထားလမ်းမှာ အဓိကအားနည်းတာက အဆက်မှာပဲ အားနည်းတာ။ အဆက်မှာ ခုန်တာ၊ အဆက်မှာ ပက်ကင်ကျရင် ခုန်တာရှိမယ်။ လူးတာရှိမယ်။ မူလီလည်း စုံရမယ်။ ဆက်စပ်ပစ္စည်းက အကုန်လုံးစုံရမယ်။ မူလီလည်း သေချာကျပ်ရမယ်ပေါ့ အကုန်လုံး။ ပက်ကင်လည်း အောက်ကတင်းရမယ်ပေါ့။ အဲဒီလိုမျိုးအပိုင်းတွေကို တမိုင်မှာဆိုရင် ၁၃၆ ဆက်ရှိတာပေါ့။ ၁၃၆ ဆက်ရှိတော့ ခု ဒီလို ၄ ချောင်းဆက်ပေါ့။ မနှစ်ကလဲခဲ့တဲ့ ၁၅-၁၆ မှာ ရန်ကုန်ကနေ ကမာရွတ်အထိ ၄ ချောင်းဆက်။ ခုနှစ်ကတော့ ၆ ချောင်းဆက်ပေါ့။ ၆ ချောင်းဆက်မှာဆိုရင် ၁ မိုင်ကို ၂၃ ဆက်ပဲ ရှိတော့တယ်။

မေး - အဆက်က တိုသွားတဲ့သဘောပေါ့နော် ဆရာ။ အဲဒီတော့ ရထားက ပိုငြိမ်သွားတာပေါ့။

ဖြေ - ပိုငြိမ်သွားတယ်။ အဆက်နည်းသွားတဲ့အခါမှာ ရထားက ငြိမ်သွားတာပေါ့။ အခုန်အစောင်း အလူးအလိမ့်လည်း သိပ်မရှိဘူး။ သူ့ဘာသာသူ ရှောရှောနဲ့ ထွက်သွားတာပေါ့။ နိုင်ငံခြားတွေမှာဆို ဒါ တဘူတာနဲ့တဘူတာ အဆက်မရှိဘူး။ တောက်လျှောက်ပဲ။ ကျနော်တို့နိုင်ငံမှာတော့ အခုမှ စတာပေါ့လေ။

မေး - အဲဒီတော့ အခု ၂၀၁၅-၂၀၁၆ ကနေပြီးတော့ ခန့်မှန်းထားတယ်ဆိုတော့ နှစ်အလိုက် နှစ်အလိုက် နိုင်ငံတော်က အကုန်အကျခံပြီးတော့ ပြင်သွားမှာပေါ့နော်။

ဖြေ - ဟုတ်တယ်။ ကျနော်တို့ ရထားလမ်းပြုပြင်ခြင်းအပိုင်းမှာ လမ်းရယ်၊ Civil Ward အနေနဲ့ ဘူတာတွေပြင်တာ၊ ပလက်ဖောင်းတွေ မြှင့်တာ၊ ခြံစည်းရိုးခတ်မှာတွေအနေနဲ့ ရေမြောင်းပြင်တာတွေအနေနဲ့ စုစုပေါင်း ၄၇ ဘီလျံဝန်းကျင်လောက် လျာထားတာပေါ့။ နှစ်အလိုက် ဘတ်ဂျက်ရရှိမှုအပေါ် ကြည့်ပြီးတော့ ပြင်သွားရမှာလေ။ အခု ၂၀၁၅-၂၀၁၆ ကစတာ။ ၂၀၂၂ အထိ လောလောဆယ်တော့ လျာထားတယ်။

မေး - အဲဒီလိုမျိုး ပြင်လိုက်တဲ့အခါမှာ ကျနော်တို့ သုံးစွဲတဲ့သူတွေအနေနဲ့ ဘယ်လို ကောင်းကျိုးရလဒ်လေးတွေ ရလာမလဲ ခရီးသည်တွေအနေနဲ့။

ဖြေ - ဒီစီမံကိန်းပြီးသွားတဲ့အချိန်မှာပေါ့နော်။ လက်ရှိအနေနဲ့ မြို့ပတ်ရထားစီးတဲ့ ခရီးသည်အနေနဲ့ ၈ သောင်းဝန်းကျင်လောက်ရှိတယ်။ ပြီးတဲ့အချိန်မှာတော့ ၂ သိန်းဝန်းကျင်လောက်အထိ လျာထားတယ်။ ခုအချိန်မှာဆိုရင် ကျနော်တို့ ရုံးတက် ရုံးဆင်း၊ ကျပ်တဲ့အချိန်တွေကအစပေါ့နော်။ မြို့ပတ်မှာ လူစီးချိန် လက်ရှိအနေနဲ့ ၁၅ မိနစ်ကနေ ၄၅ မိနစ်လောက် စောင့်ရတယ်။ ခုအနေအထားပေါ့။ အဲဒီကျရင်တော့ ၁၀ မိနစ်၊ ၁၂ မိနစ်ပေါ့။ အဲဒီဝန်းကျင်လောက်ပဲ ကြာမယ်ပေါ့နော်။ အခုက မြို့ပတ်တပတ် ၂၉ မိုင်ခွဲမှာ မြို့ပတ်ရထား တပတ်ဆိုရင် ၂ နာရီနဲ့ မိနစ် ၅၀ ကြာတယ်လေ။ အဲဒါပြီးသွားပြီဆိုရင်တော့ မိနစ် ၁၁၀ ဆိုတော့ ၁ နာရီနဲ့ မိနစ် ၅၀ ပေါ့။ အဲဒီလောက်ပဲကြာမယ်။ အချိန်လည်း ပိုမြန်သွားမယ်။ လက်ရှိ မြို့ပတ်လမ်းမှာ Level Crossing က ၂၅ ခု ရှိတာကိုး။ Level Crossing တွေမှာက ကားအသွားအလာများတဲ့ Level Crossing တွေလည်း ရှိတယ်လေ။ ရှိတော့ အဲဒီမှာတွေက ကျနော်တို့ အရှိန်လျှော့ရတာတွေ။ နောက် ဘူတာတွေကလည်း နီးတော့ အရှိန်လျှော့ရတာနဲ့ဆိုတော့ အခုလက်ရှိပြေးဆွဲနေတဲ့ မိုင်နှုန်းက ၂၅ မိုင်။ ၆ ချောင်းဆက်၊ ၄ ချောင်းဆက် ပြီးတဲ့နေရာတွေမှာတော့ မိုင် ၃၀ ပေးထားတယ်လေ။ ၁ နာရီ မိုင်နှုန်းပေါ့။ အဲဒီအခါကျရင် ပြီးသွားရင်တော့ ကီလို ၆၀၊ ၃၆ မိုင်ပေါ့။ အဲဒီလို ပြေးဆွဲဖို့ အစီအစဉ်ရှိပါတယ်။

မေး - ဟုတ်ကဲ့ဆရာ။ ဒါကတော့ သံလမ်းပိုင်းတွေ ပြင်ဆင်တဲ့နေရာပေါ့။ အဲဒီမှာ တချို့ကလည်း ခုံးကျော်တံတားတွေထိုးဖို့လည်း ရှိတယ်လို့ ကြားရပါတယ်။ အဲဒီတော့ ခုံးကျော်တံတားအသစ်တွေ ရောက်လာမယ်။ လက်ရှိ ရှိနေတဲ့ Junction တွေကိုရော ဆရာတို့ ဘယ်လို အဆင့်မြှင့်တင်ဖို့ရှိလဲ ဆရာ။

ဖြေ - လက်ရှိအနေနဲ့ပေါ့နော်။ RBE နဲ့ မလွတ်လို့၊ မြို့ပတ်မှာ RBE တွဲတွေက မြင့်တယ်။ အဲဒီတွဲတွေ မလွတ်လို့မို့ ကျနော်တို့ ရထားလမ်းဟာ လက်ရှိအဲဒီတံတားတွေရဲ့အောက်မှာ ၁ ပေ၊ ၁ ပေခွဲလောက် နှိမ့်ပြီး သွားရတာတွေရှိတယ်။ လက်ရှိ နှိမ့်ထားတဲ့တံတား ၇ စင်းရှိတယ်။ အဲဒီတံတားတွေကိုလည်း မြို့ပတ်မိုင်နှုန်းမြှင့်တာ၊ အဆင့်မြှင့်တဲ့အပိုင်းမှာ ကားလမ်းကူးခုံးကျော်တွေကို ပြန်မြှင့်ရပါမယ်။ ဆူးလေခုံးကျော်ရှိတယ်။ နောက်ပြီးတော့ ဘုရားလမ်းခုံးကျော်ရှိမယ်။ လမ်းမတော်ရှိမယ်။ နောက်ပြီးတော့ ပြည်လမ်း၊ ရှမ်းလမ်း၊ အလုံလမ်း၊ နောက် လှည်းတန်းပေါ့နော်။ အဲဒီခုံးကျော်တွေအောက်မှာဆို ကျနော်တို့လမ်းတွေက အောက်ကို နှိမ့်ထားရတယ်။ နှိမ့်ထားတော့ Speed အနေနဲ့ကျတော့လည်း အဲဒါက နှေးသွားတာပေါ့နော်။ လက်ရှိအနေအထားက။ အပေါ်ကလည်း လွတ်အောင် နှိမ့်ထားတာ။ လမ်းကို ၁ ပေ၊ ၁ ပေခွဲလောက် ပြန်မြှင့်မှ သတ်မှတ်တဲ့ Level ကို ဖြစ်မယ်။ အမြန်နှုန်းလည်း ပိုပြီးတော့ ပုံမှန်ဖြစ်မယ်။ အဲဒီတော့ တံတားတွေ ပြန်မြှင့်ရမယ်ပေါ့။ ကားလမ်းကူးတွေမှာ ယာဉ်အသွားအလာများတဲ့ ကားလမ်းကူးတွေ၊ အဲဒါတွေလည်း မလွဲမသွေ ပထမဦးစားပေး၊ ဒုတိယဦးစားပေး ဆိုပြီးတော့ ခုံးကျော်တွေလုပ်ရမှာ ရှိတယ်။ အများဆုံးကတော့ ဒီဘက် ရန်ကုန်၊ ဒညင်းကုန်းကြားမှာ ၄ စင်း ရှိတယ်။ ရွာမကျောင်းလမ်းရှိတယ်၊ ပါရမီ ၂ ရှိမယ်၊ ကြို့ကုန်းရှိမယ်၊ ဘုရင့်နောင်ရှိမယ်။ ဒီဘက်ကနေ ရန်ကုန်၊ ပုရွက်ဆိတ်ကုန်း၊ မင်္ဂလာဒုံဈေး အဲဒီကြားမှာဆိုရင် ခရေပင်လမ်းခွဲရှိမယ်၊ သစ္စာလမ်းရှိမယ်၊ ရတနာလမ်းရှိမယ်။ ကားအင်မတန်ထူတဲ့နေရာပေါ့နော်။ ရထားသွားပြီဆိုရင် ကားတွေအကုန် တောက်လျှောက်ရပ်စောင့်နေရတယ်ပေါ့နော်။ ၇ ခုကတော့ ဦးစားပေးအနေနဲ့ ခုံးကျော်လုပ်မှ ရမှာပေါ့လေ။ ဒုတိယဦးစားပေးကတော့ ဒညင်းကုန်းလမ်းကူးနဲ့ ဂေါက်ကွင်းလမ်းကူးပေါ့။ ဂေါက်ကွင်းဆိုရင် အမှတ်-၄ လမ်းမကြီးဖြတ်တာပဲလေ။ အဲဒီဟာတွေ ဒုတိယဦးစားပေး။ ဒါမှလည်း သတ်မှတ်တဲ့မိုင်နှုန်းတွေ မြှင့်လို့ရမယ်။ တွဲဆိုင်းအသစ်နဲ့ လမ်းတွေလည်း လုပ်မယ်ပေါ့လေ။

မေး - အဲဒီနေရာမှာပေါ့နော်။ ဆရာတို့ အဆင့်မြှင့်နေတဲ့အပိုင်း လမ်းပိုင်းပေါ့။ ဘူတာရုံပိုင်းတွေကျတော့ တချို့နေရာတွေမှာ များသောအားဖြင့် အတက်အဆင်းခက်တဲ့ နေရာတွေ ရှိတယ်။

ဖြေ - ဟုတ်တယ်။ အဲဒါတွေက အခု ဂျပန်က လက်ဆောင်ပေးတဲ့ တွဲဆိုင်းတွေ အစိမ်းကြီးတွေဆိုရင် အတက်အဆင်း တော်တော်လေးခက်တယ်။ အမျိုးသမီးတွေဆိုလည်း ခက်တယ်။ အောက်ကနေ ၁ ပေခွဲလောက် မြင့်တာကိုး။ ခဲခဲယဉ်းယဉ်း တက်ရတာပေါ့နော်။ အဲဒါကြောင့် အခုလက်ရှိအနေနဲ့ ဒီဘတ်ဂျက်မှာ ဘူတာပလက်ဖောင်း မြှင့်ဖို့တွေလည်း ပါတယ်။ မြှင့်ဖို့ဆိုတော့ ခု တွဲဆိုင်းအဟောင်းတွေလည်း ရှိတယ်။ လက်ရှိ RBE တွဲရှိတယ်။ DEMU တွဲဆိုတော့ ၃ မျိုးလောက် ဖြစ်နေတယ်ပေါ့။ ခု အင်ဂျင်နီယာချုပ်လည်း နေပြည်တော်ကနေ ဆင်းလာပြီးတော့ အကုန်လုံး စီးပွားရေးအထွေထွေမန်နေဂျာတွေရော ညှိနှိုင်းပြီးတော့ လက်ရှိပလက်ဖောင်း သံလမ်း Level အထက်ကို ၂၇ လက်မ။ ဆိုတော့ ၂ ပေနဲ့ ၃ လက်မပေါ့။ အဲဒီဟာကို ကြားနေပေါ့။ အဲဒီလောက်ကို ပလက်ဖောင်းတွေ မြှင့်မှာပေါ့။ ဦးစားပေးအနေနဲ့ကတော့ လူစီးများတဲ့ ရန်ကုန်နဲ့ ဒညင်းကုန်းကြားကို ပထမဦးစားပေးအနေနဲ့ အခု ဒီဘတ်ဂျက်မှာ ဦးစားပေး လုပ်သွားမှာပါ။ ဘူတာပြုပြင်တာကတော့ အခု ပြည်လမ်းဘူတာကို ပထမဆုံးအနေနဲ့ စံနမူနာပေါ့နော် လုပ်နေပါပြီ။ ပိုင်းလော့သဘောမျိုးပေါ့နော်။ ပိုင်းလော့ပရောဂျက်သဘောမျိုး။ အဲဒါကို ဒီနှစ်ချပေးတဲ့ ဘတ်ဂျက်အနေအထားနဲ့ ပြည်လမ်းဘူတာကို အသစ်ပြန်ပြီးတော့ဆောက်မယ်။ နောက် ပလက်ဖောင်းတွေ၊ ပြည်လမ်း ပလက်ဖောင်းရော ကျန်တဲ့ ဒီကြားထဲရတဲ့ ဘတ်ဂျက်အနေအထားကို ကြည့်ပြီး ပြင်သွားမှာပါ။

မေး - အခု ဒီလမ်းပိုင်းအဆင့်မြှင့်တင်တဲ့အပိုင်းမှာ ဆရာတို့အနေနဲ့ အခက်အခဲရှိဆုံး အချက်အလက်နဲ့ ပြဿနာတွေက ဘာတွေပါလဲ။

ဖြေ - အဓိကကတော့ ကျနော်တို့ ရန်ကုန်မြို့ပတ်လမ်းပိုင်းမှာပေါ့နော် အရေးကြီးဆုံးကတော့ ရထားလမ်းဘေးမှာရှိတဲ့ ရပ်ကွက်တွေ၊ ကျူးကျော်အိမ်တွေပေါ့နော်။ သူတို့စွန့်ပစ်တဲ့ အမှိုက်တွေကြောင့် ရန်ကုန်မြို့ပြအင်္ဂါရပ်ကိုလည်း အရုပ်ဆိုးစေတာပေါ့နော်။ အခုဆိုရင် လမ်းကူးတွေလည်း လူတွေက စည်းကမ်းမရှိတာပေါ့နော်။ ဟိုတနေ့ကဆိုရင်လည်း အမျိုးသမီးတယောက် ဈေးဝယ်ပြီးပြန်တာ ရထားတိုက်သွားတာ။ ဒါ သူတို့ ဗဟုသုတအမြင်လည်း သိပ်မရှိတာ တောနေလူတန်းစားတွေပေါ့လေ။ ရန်ကုန်အနေနဲ့ကတော့ တော်တော်လေး သိနေပြီပေါ့။ အဲဒီတော့ သက်ဆိုင်ရာ ခရိုင်တို့၊ မြို့နယ်တို့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေရဲ့ ကြီးကြပ်မှုအရပေါ့လေ ပြည်သူတွေကလည်း စည်းကမ်းစနစ်ကျဖို့၊ လိုက်ပါဆောင်ရွက်ပေးဖို့ အဓိကလိုအပ်ပါတယ်။ ကျနော်တို့လည်း ဂျိုက်ကာနဲ့ ပူးတွဲပြီးတော့ လိုအပ်တဲ့နေရာလေးတွေ ခြံစည်းရိုး Safety အတွက် ခတ်ဖို့ရယ်၊ Permanent မီးရထားနယ်မြေအတွက် အုတ်တံတိုင်းခတ်ဖို့တွေရော အကုန် ဘတ်ဂျက်ရရှိမှုအပေါ် ကြည့်ပြီးလုပ်ဖို့ လျာထားပါတယ်။

တွေ့ဆုံမေးမြန်းသူ - ပြည့်ဖြိုးကျော်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013