DVB Logo
Home
Lead Story
ထိုင်းဘုရင်ကြီး နတ်ရွာစံသွားသည့်အပေါ် ထိုင်းရောက်မြန်မာများ၏ပြောစကား
DVB
·
October 14, 2016
ထိုင်းဘုရင်ကြီး နတ်ရွာစံသွားသည့်အပေါ် ထိုင်းရောက်မြန်မာများ၏ပြောစကား
Donate to DVB

ဒေါက်တာ စင်သီယာမောင် (မဲဆောက်မြို့ မယ်တော်ဆေးခန်းတည်ထောင်သူ)
“ဘုရင်မင်းမြတ်အနေနဲ့ကတော့ သူ့နိုင်ငံထဲမှာ ရှိနေတဲ့နိုင်ငံသားတွေချည်းပဲ မဟုတ်ဘူးပေါ့။ အထူးသဖြင့်တော့ နယ်ခြားဒေသတွေမှာရှိနေတဲ့ တိုင်းရင်းသားတွေရော အကြောင်းအမျိုးမျိုး ကြောင့် ထိုင်းနိုင်ငံမှာ လာရောက်ခိုလှုံလာတဲ့ သူတွေရော ဖွံ့ဖြိုးရေးလုပ်ငန်းတွေ၊ ပညာရေး ကျန်းမာရေးလုပ်ငန်းတွေမှာ သူ့ဘက်က ကူညီပံ့ပိုးနေတဲ့ အတွက်ကြောင့် သူ့တိုင်းသူ ပြည်သား တွေ နည်းတူ ကျမတို့ မြန်မာသားတွေအားလုံးကလည်း နှမျောကြတယ်။ ၀မ်းနည်းကြတယ်။ သူ့ရဲ့အတုယူစရာတွေ၊ သူ့နိုင်ငံရဲ့ ဖွံ့ဖြိုးရေးကိစ္စတွေအားလုံး သူ့ဆီကနေ အတုယူမှာ ဖြစ်တယ်ပေါ့နော်။ သူ့နိုင်ငံသားတွေအနေနဲ့လည်း သူရဲ့ လုပ်ငန်းတွေကိုလည်း ဆက်လက် ပြီးတော့ လူသားတွေကောင်းကျိုးအတွက် အိမ်နီးချင်းတွေနဲ့ ချစ်ကြည်ရေးတွေ ဆက်ပြီးတော့ လုပ်သွားမယ်လို့လည်း ကျမတို့ ယုံကြည်ပါတယ်။ ”

ဦးမိုးဆွေ (မဲဆောက်အခြေစိုက် ရောင်ခြည်ဦးအလုပ်သမားအဖွဲ့ ထူထောင်သူ)
“ထိုင်းဘုရင်ကြီးကတော့ သူ့လူထုကလည်း လေးစားတယ်။ သူက လူတွေအားလုံးကို လူတန်းစားမခွဲခြားဘူး။ အားလုံးကို ဆက်ဆံတယ်ဆိုတဲ့အတွက် ဒီထိုင်းဘုရင်ကြီးကို ကျနော်တို့လည်း လေးစားတယ်ပေါ့နော်။ ထိုင်းနိုင်ငံမှာ ဘုရင်စနစ်ဆိုပေမယ့် ထိုင်းဘုရင် စနစ်က တခြားနိုင်ငံက ဘုရင်စနစ်တွေနဲ့ မတူဘူး။ ဘုရင်က စည်းမျဉ်းခံ ဘုရင်စနစ် ဆိုပေမယ့်လည်း ဒီဘုရင်ကို လူထုကလည်း လေးစားတယ်။ နောက်ဒီဘုရင်က လူထုရဲ့အကျိုးကို သူက တကယ်ပဲ လုပ်ပေးတဲ့ဘုရင်လည်းဖြစ်တယ်။ ဒါကြောင့်တို့လည်း လူထုက သူ့ကို ချစ်တယ်။ ဒီအပြင်လည်း တခြားနိုင်ငံက လာနေတဲ့ နိုင်ငံခြားသားပဲ ဖြစ်ဖြစ်ပေါ့နော် ဘယ်သူမဆို သူက အားလုံးခွဲခြားဆက်ဆံမှုမရှိဘူးလို့ ကျနော်တို့ ခံစားရတာဗျာ။ ထိုင်းဘုရင်ကြီးနဲ့ တော်ဝင်မိသားစုက နေပြီးတော့ လုပ်ဆောင်ချက်တွေက အလွန်ချီးကျူးဖို့ကောင်းပါတယ်။ ကျနော်တို့ နိုင်ငံခြားက ရောက်လာတဲ့သူတွေအတွက်လည်း ဆေးရုံတွေ၊ ဆေးပေးခန်းတွေမှာ အထူးသဖြင့်တော့ ကျနော်တို့ မြန်မာအလုပ်သမားတွေပေါ့နော် လက်မှတ်ရှိတဲ့သူပဲဖြစ်ဖြစ် လက်မှတ်မရှိတဲ့ သူပဲဖြစ်ဖြစ် လက်မှတ်မရှိတဲ့သူတွေကိုလည်း ဆေးကုသလို့ရအောင် ဆေးရုံ တွေမှာ သူတို့ ဆောက်ပေးထားတာ လှူဒါန်းပေးထားတာတွေရှိတယ်။ ဒါကြောင့်မို့ ကျနော်တို့ ကတော့ ထိုင်းဘုရင်ကြီး ဆုံးရှုံးသွားတာကတော့ ထိုင်းပြည်သူတွေနဲ့အတူ ကျနော်တို့လည်း ၀မ်းနည်းတယ်။ ဒါကြီးမားတဲ့ ဆုံးရှုံးမှုတခုလို့ ကျနော်တို့က ယူဆပါတယ်။ ”

ဦးကျော်သောင်း (ဘန်ကောက်အခြေစိုက် ထိုင်းရောက်မြန်မာနိုင်ငံသားများအဖွဲ့ချုပ် ဒါရိုက်တာ)
“အရင်တုန်းက ဘာပဲပြောပြာ ဘုရင်ကြီးရှိတဲ့အတွက် ကျနော်တို့မှာ အားကိုးမှီခိုရာ မိဘသဖွယ် အရိပ်အာဝါသ တခုရှိသလို ခံစားရတာပေါ့။ ဘာကြောင့်လဲဆိုရင် ထိုင်းနိုင်ငံထဲမှာ ဥပဒေ ကြောင်းအရ မတော်တဲ့ကိစ္စတွေရှိလာရင်ဖြစ်စေ၊ နိုင်ငံရေး အကွဲအပြဲတွေ ပေါ်ပေါက်လာလို့ ဖြစ်စေ အဲလိုကိစ္စတွေမှာ ဒီထိုင်းနိုင်ငံမှာ ဘယ်ကိစ္စကိုမဆို ဘုရင်ကြီးက သြဇာလွမ်းမိုးနိုင်တဲ့ အတွက် အခြေအနေမှန်ကိုရောက်ရှိနိုင်တယ်ပေါ့။ ဆိုတော့ အထူးသဖြင့် နှစ်စဉ်နှစ်တိုင်း ဘုရင့်မွေးနေ့တော်မှာ အကျဉ်းကျနေတဲ့လူတွေကို လွှတ်ပေးခြင်းဟာလည်းပဲ အင်မတန်ကို မင်္ဂလာရှိတဲ့တရားပေါ့နော်။ ကျနော်တို့ မည်သို့ပင် ဖိနှိပ်ချုပ်ချယ်ခံနေ ရပေမယ့် အဆိုးဝါးဆုံး အနေအထားတခုကို ရောက်လာတဲ့အခါမှာ ကျနော်တို့ ဖိနှိပ်ခံတွေဘက်က နောက်ဆုံး အားကိုးရာက ဘုရင်ကြီးဖြစ်နေတယ်။ မနေ့က ဘုရင်ကြီး ကံတော်ကုန်သွားတဲ့အတွက်တော့ ကျနော်တို့တွေရဲ့ အရင်ကတည်းက ရှိနေတဲ့ နည်းနည်းလောက်လုံလုံခြုံခြုံရှိနေတဲ့ ဘ၀ အခင်းအကျဉ်းမျိုးတွေ လုံးဝ အကာအကွယ်မဲ့ သွားမှာကိုတော့ နည်းနည်းတော့ စိုးရိမ်တာပေါ့။ ဘာကြောင့်လဲဆိုတော့ ဘုရင်ကြီးမရှိတော့တဲ့အတွက် နန်းတွင်းရေးကိစ္စတွေ မမျော်လင့်ပဲ ပေါ်ပေါက်လာနိုင်တယ်။ နိုင်ငံရေး အကွဲအပြဲတွေ ပေါ်ပေါက်လာနိုင်တယ်။ နောက်ပြီးတော့ တခြားသော အလုပ်ရှင်အလုပ်သမားကြားထဲမှာလည်း စီးပွားရေး ကမောက်ကမတွေကြောင့် ကျနော်တို့ဘက်ကို လှည့်ပြီးတော့ ပြဿ နာတွေ ပေါ်ပေါက်လာမှာကို ကျနော်တို့တော့ စိုးရိမ်တယ်ဗျာ။”

မြန်မာအလုပ်သမား မဝေဇင် (ဘန်ကောက်မြို့တွင် အိမ်အကူ အလုပ်လုပ်သူ)
“အရမ်းခံစားရတယ်။ ဘုရင်လုပ်ခဲ့တဲ့အရာတွေ ဗီဒီယိုတွေကြည့်ရင်းနဲ့ မျက်ရည်က အလိုလို ကျလာတယ်။ ဘုရင်ကိုချစ်တယ်။ ကြည်ညိုတယ်။ ကျတို့ရဲ့ လုံခြုံမှုအတွက်ကတော့ မစိုးရိမ်ရ ဘူးလို့ထင်ပါတယ်။ ကိုယ့်မှာ ပတ်စပို့ (သို့မဟုတ်)ပန်းရောင်ကဒ်ပြားရှိ မယ်ဆိုရင်ပေါ့နော်။ အားလုံးက အဆင်ပြေမယ်လို့ မျှော်လင့်ထားပါတယ်။ ”

မခင်ဖုန်း (ရွှေ့ပြောင်းအလုပ်သမား)
“လိုသတင်းကြားရတဲ့အခါကျတော့ တကယ်ကိုစိတ်မကောင်းဘူး။ ဒီထိုင်းနိုင်ငံမှာဆက်ပြီး အလုပ်လုပ်ပြီးနေထိုင်ဖို့တောင်မှ ကျမတို့အတွက် စိုးရိမ်ပူပန်မှုတွေ ရှိတာပေါ့နော်။ ဒီဘုရင်ကြီး ကိုတော့ ထိုင်းလူမျိုးတွေချစ်သလိုပဲ ညီမတို့လည်း ချစ်တယ်ပေါ့။ အရမ်းချစ်တယ်။ ဘာလို့လဲ ဆိုတော့ ညီမတို့ကလည်း ထိုင်းလူမျိုး မဟုတ်ပေမယ့် ထိုင်းနိုင်ငံမှာ ၀င်လာနေတဲ့ အချိန်မှာဆိုလို့ရှိရင် ဘုရင်ကလည်း ခွဲခြားမှုတွေဆိုတာ မရှိဘူး။ ညီမတို့လည်း နွေးထွေးမှုတွေ ခံစားရတယ်။ အရမ်းချစ်တယ်။ အရမ်းလေးစားပါတယ်။ မနေ့က သတင်းကြားကြားချင်း ၀မ်းနည်းတာပေါ့။ ပြီးတော့ ရင်လည်း တထိတ်ထိတ်နဲ့ပေါ့့။ ငါတို့ ရှေ့ဆက်ဘယ်လိုမျိုးများ ဖြစ်မလဲဆိုတာလေးကို စိတ်ပူမိတာပေါ့။ ”

ဆရာ အောနက် (မယ်လဒုက္ခသည်စခန်းကော်မီတီဥက္ကဋ္ဌ)
“ထိုင်းဘုရင်မင်းမြတ်ကြီး နတ်ရွာစံသွားတဲ့ပေါ်မှာ ထိုင်းနိုင်ငံသားတွေနဲ့ အတူ ကျနော်တို့ ၀မ်းနည်းရပါတယ်။ ကျန်တဲ့အခြေအနေတော့ လောလောဆယ် အာဏာပိုင်တွေရဲ့ ထူးခြားတဲ့ ညွန်ကြားချက်တစုံတခုမှမရှိသေးပါဘူး။ ရှေ့ဆက်ဘာဖြစ်မလဲဆိုတော့ မသိသေးဘူးပေါ့နော်။ ဒုက္ခသည်တွေပေါ်မှာ ထားတဲ့သဘောထားကတော့ လောလောဆယ် ဘာမှ မပြောင်းလဲသေး ဘူးလို့ ထင်ပါတယ်။ လာမယ့်နှစ်တွေမှာာတော့ ပြောလို့မရသေးဘူးလေ။ လောလောဆယ် အထိတော့ စိုးရိမ်စရာတော့ဘာမှမရှိပါဘူး။ ဒုက္ခသည်ပေါ် ထိုင်းနိုင်ငံက ချမှတ်ထားတဲ့ စဉ်းမျဉ်းတွေအရ ဒုက္ခသည်တွေကို အတင်းအကျပ်ပြန်မပို့ဘူး၊ ဒုက္ခသည်တွေရဲ့ ဆုံးဖြတ်ချက်ကို ရယူမယ်လို့ ပြောထားတယ်။ ဒါပေမယ့် လတ်တလောအနေအထားအရ ရှေ့ဆက်လာမယ့် နှစ်တွေမှာ ဘာတွေဆက်ဖြစ်မလဲဆိုတော မသိဘူး။ ကျနော်တို့အနေနဲ့ စောင့်ကြည်ပြီး ကိုယ့်ကိုယ်ကို ပြင်ဆင်ရမှာပေါ့နော်။ ”

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013