
ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ၀ါးပိတ်ကျေးရွာနားမှာ အကြမ်းဖက်စီးနင်းတိုက်ခိုက်သူ ၁ ဦးကို ဖမ်းဆီးရမိတယ်လို့ သမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။
တပ်မတော် စစ်ကြောင်းတွေက နယ်မြေရှင်းလင်းစဉ် အောက်တိုဘာ ၁၂ ရက်ညက ၀ါးပိတ်ကျေးရွာရဲ့ အနောက်ဘက် မီတာ ၂၀၀ ခန့်အကွာက တောင်ကုန်းမှာ ၀ါးပိတ်ကျေးရွာနေ အကြမ်းဖက်စီးနင်း တိုက်ခိုက်သူ ဖော်ဆော်လာမောက် ဆိုသူကို ဖမ်းဆီးရမိခဲ့တာပါ။
အောက်တိုဘာလ ၁၃ ရက်ကလည်း အကြမ်းဖက်စီးနင်းတိုက်ခိုက်သူတွေ မီးရှို့ဖျက်ဆီး သွားခဲ့တဲ့ ၀ါးပိတ်ကျေးရွာထဲ အသေးစိတ်ထပ်မံရှင်းလင်းရာမှာ မီးလောင်ထားတဲ့ MA-11 အမျိုးအစား သေနတ်တစ်လက်၊ ကျည်အိမ်မျိုးစုံ ၁၁ ခု၊ ကျည်မျိုးစုံ ၁၅၁၀ တောင့်၊ ပြောက်ကျားယူနီဖောင်း တစုံ၊ RSO အလံ ၂၄ ခု၊ RSO တံဆိပ်ပါ လည်စည်း ၄၀ ခုနှင့် ဓားရှည်တချောင်းတို့ကို ထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။











