DVB Logo
Home
မြန်မာသတင်း
အလုပ်သမားအရေးလှုပ်ရှားသူ ဦးကျော်သောင်းကို အသရေဖျက်မှုဖြင့်တရားစွဲမည်
DVB
·
October 13, 2016
အလုပ်သမားအရေးလှုပ်ရှားသူ ဦးကျော်သောင်းကို အသရေဖျက်မှုဖြင့်တရားစွဲမည်
Donate to DVB

 

ထိုင်းအခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအရေး လှုပ်ရှားသူ ဦးကျော်သောင်းကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က  အသရေဖျက်မှုနဲ့ တရားစွဲဆိုမယ်လို့ ပြောပါတယ်။

အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်နဲ့ မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် MOEAF ကတာဝန်ရှိသူတွေဟာ အလုပ်သမားတွေကို ပြည်ပမှာ အသုံးမ၀င်တဲ့ တယ်လီဖုန်းဆင်းကတ်နဲ့ အာမခံတွေ ရောင်းချတယ်ဆိုပြီး ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်းက ရဲစခန်းမှာ အမှုဖွင့်ခဲ့ပါတယ်။

ဒါဟာ ဌာနဆိုင်ရာဝန်ထမ်းတွေကို နာမည်ပျက်စေတဲ့အတွက် ဦးကျော်သောင်းကို ပြန်ပြီး တရားစွဲမယ်လို့ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ဒီဗွီဘီကို ပြောပါတယ်။

“အလုပ်သမားတွေ ထိုင်းဖြစ်ဖြစ်၊ မလေးဖြစ်ဖြစ် ရောက်သွားတဲ့အခါမှာ တခုခု အခက်အခဲကြုံရင် ဒုက္ခရောက်ရင် အချိန်မီ အကြောင်းကြားနိုင်ဖို့ သူတို့ကို ကာကွယ်စောင့်ရှောက်နိုင်ဖို့  ၀န်ကြီးဌာနက မူတစ်ခုအနေနဲ့ ခွင့်ပြုပေးလိုက်တာပေါ့နော်။  ကြာပါပြီ ၂၀၁၄ ခုနှစ်ကတည်းကပါ။ ဒါကို သူက ဘာသဘောနဲ့ ခုမှထပြီး အတင်းကို တရားစွဲတယ်ဆိုတော့ ကျနော်တို့လည်း အံ့သြတယ်။ ဘာရည်ရွယ်ချက်နဲ့ လုပ်တာလဲ၊ သိက္ခာချတာလား၊ ဒါဆိုရင် ကျနော်တို့က ပြန်ပြီးတော့ တုံ့ပြန်ရမယ်လေ။ အမှန်က သူ့အနေနဲ့ အထောက်အထားတွေနဲ့ ပြောဆိုလုပ်ကိုင်ဖို့လိုတာပေါ့။ ကျနော်တို့ဝန်ကြီးဌာနက လက်ကမ်းကြိုနေတာဘဲ၊  ဌာနကို လာတိုင်လို့ရတယ်လေ။ သူတို့ တိုင်စာတွေ အများကြီး တက်ပါတယ်၊ ကျနော်တို့လည်း အရေးယူပေးနေပါတယ်၊ ဒီကိုမလာဘဲ တရားစွဲတယ် ဆိုတော့ ကျနော့်ကို အမြင်ကတ်တာလား၊ ကျနော့်ကို အမြင်ကတ်လို့ လုပ်တယ်ဆိုပေမယ့်  ကျနော်တို့ ဦးစီးဌာနရော ၀န်ကြီးဌာနရော၊ နာမည်ပျက်တယ်လေ။ ဒါကြောင့် နံပါတ်တစ်က အသရေပျက်အောင်လုပ်မှုနဲ့ သူ့ကို တရားစွဲရမယ်။”

ဦးကျော်သောင်းဟာ တရားဝင်တိုင်စာမတင်လာဘဲ ရဲစခန်းမှာ တရားစွဲခဲ့တာ ဖြစ်ကြောင်း၊ တရားဝင်အကြောင်းကြားချက်ရမှ ပြန်လည်တရားစွဲဖို့ လုပ်ရမှာဖြစ်ကြောင်း၊ လောလောဆယ် ရဲစခန်းက ဘာမှ အကြောင်းကြားလာတာမရှိသေးသလို သူတို့ဆီလည်း တိုင်တန်းစာမရောက်ဘဲ မီဒီယာဖော်ပြချက်ကသာ သိရှိရတယ်လို့ အလုပ်သမားအတွင်းဝန်က ပြောပါတယ်။

နှစ်နိုင်ငံ သဘောတူစာချွန်လွှာ(အမ်အိုယူ)အရ ပြည်ပကို သွားအလုပ်လုပ်မယ့်သူတွေဟာ ဖုန်းဆင်းမ်ကတ်တခုကို ကျပ် ၃ ထောင်(ဘတ် ၁၀၀)၊ ၂ နှစ် အာမခံကြေးငွေ ကျပ် ၁ သောင်းခွဲ (ဘတ် ၅၀၀)နဲ့ မ၀ယ်မနေရပုံစံနဲ့ လုပ်နေတာဟာ အလုပ်သမားတွေပေါ် ခေါင်းပုံဖြတ်နေတာဖြစ်လို့ တရားစွဲရတာလို့  ဦးကျော်သောင်းက ဒီဗွီဘီကို ပြောပါတယ်။

“ပြည်ပကို ထွက်ခွာမယ့် အလုပ်သမားတွေကို ဆင်းမ်ကတ်လည်း ရောင်းစရာမလိုဘူး။ အဲဒီဆင်းမ် ကတ်ဟာ နိုင်ငံခြားမှာ သုံးလို့ရခြင်း မရခြင်းက တပိုင်း၊  နိုင်ငံခြားထွက်မယ့် အလုပ်သမားတွေကို မ၀ယ်မနေရပုံစံမျိုးနဲ့ အာဏာပိုင်နဲ့ ပွဲစားတွေက ကြပ်မတ်ပြီး ရောင်းနေတာ အလုပ်သမားတွေပေါ် မတရားခေါင်းပုံဖြတ်တာလေ၊ နောက်ပြီးတော့ အာမခံ၊ ဒီလ အောက်တိုဘာကမှ ဂျပန် အသက်အာမခံလုပ်ငန်းကုမ္ပဏီတခုနဲ့ မြန်မာအစိုးရ အသက်အာမခံလုပ်ငန်းတို့က ပထမဦးဆုံးအကြိမ် ၇ ရက်နေ့မှာမှ လက်မှတ်ထိုးတယ်၊ ဦးမျိုးအောင်နဲ့ ပွဲစားတွေပေါင်းပြီး အသက်အာမခံရောင်းတာက ၂၀၁၅ ခုကတည်းက၊ ဒါသည်လည်း လုပ်ပိုင်ခွင့်ကို အကြောင်းပြပြီးတော့မှ ပြည်ပကိုထွက်ခွာမယ့် အလုပ်သမားလူတန်းစားပေါ် ခေါင်းပုံဖြတ်တဲ့ လုပ်ငန်းတခုအနေနဲ့ ဒီပုဒ်မ ၂ ခုနဲ့ ကျနော် အမှုဖွင့် တိုင်ကြားတာ။”

ဦးကျော်သောင်းက အမှုဖွင့်ခဲ့တဲ့သူတွေထဲမှာ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်အပြင် မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် MOEAF က ဥက္ကဋ္ဌ ဦးမင်းလှိုင်၊ အတွင်းရေးမှူး ဦးဝင်းထွန်းနဲ့ ဦးကျော်ထင်ကျော်တို့  ၄ ဦးတို့ ပါဝင်ပြီး ဒီလ ၇ ရက်နေ့က  ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ရဲစခန်းမှာ အမှုဖွင့်ထားတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်းဟာ လူကုန်ကူးခံရတဲ့ မြန်မာအလုပ်သမားတွေကို နှစ်ပေါင်းများစွာ ကယ်ဆယ်ခဲ့တဲ့အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ်ရဲ့ ဂုဏ်ထူးဆောင်လက်မှတ် မကြာသေးခင်ကမှ ချီးမြှင့်ခံခဲ့ရသူ ဖြစ်ပါတယ်။

ဒါ့အပြင် အများအတွက် သက်စွန့်ဆံဖျား စွန့်စားသူတွေကို  ဆဲဗင်းဒေး သတင်းစာတိုက်က  နှစ်စဉ် ရွေးချယ်ချီးမြှင့်တဲ့  7Day Hero ဆုကိုလည်း ရရှိထားသူ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013