
ရခိုင်ပြည်နယ် မောင်တောမှာ အကြမ်းဖက်တိုက်ခိုက်မှုကျုးလွန်ခဲ့တဲ့ အဖွဲ့အစည်းရဲ့အမည်ကို အမြန်ဆုံး ဖော်ထုတ်ပေးဖို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီက တောင်းဆိုလိုက်ပါတယ်။
“နိုင်ငံတော်လုံခြုံရေးကို ချိုးဖောက်နေခြင်းများအတွက် ကျူးလွန်ခဲ့သည့် အဖွဲ့အစည်းအမည်ကို ပြည်သူအများနှင့် နိုင်ငံတကာမှ သိရှိနိုင်ရန်တွက် အမြန်ဆုံးထုတ်ပြန်ကြေညာပေးရန်နှင့် ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှု အမြန်ဆုံးဖြစ်ပေါ်စေရန်အတွက် ဆောင်ရွက်ပေးရန်” လို့ ပါတီက အောက်တိုဘာ ၁၂ရက်ရက်စွဲနဲ့ ကြေညာချက်ထုတ်တောင်းဆိုခဲ့တာပါ။
ဒါ့အပြင် ဘင်္ဂါလီအကြမ်းဖက်သမားတွေက ဂျီဟတ်စစ်ပွဲအဖြစ် ကြွေးကြော်တိုက်ခိုက်ခဲ့တာလို့ လည်း ကြေညာချက်မှာ ဖော်ပြပါတယ်။
ရခိုင်ပြည်နယ်၊ မောင်တောနဲ့ ရသေ့တောင်မြို့နယ်ထဲမှာ အောက်တိုဘာ ၉ ရက် မနက် အစောပိုင်းမှာ ဘင်္ဂါလီစကားပြောတဲ့ ရာနဲ့ချီတဲ့ အကြမ်းဖက်သမားတစုက နယ်ခြားစောင့် တပ်စခန်း ၃ခုကို ၀င်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြတာပါ။
အောက်တိုဘာ ၁၂ ရက်အထိ နယ်မြေရှင်းလင်းတဲ့ တပ်မတော်စစ်ကြောင်းတွေနဲ့ အကြမ်းဖက် အဖွဲ့တွေ တိုက်ပွဲတွေဖြစ်ပွားပြီး နှစ်ဘက် သေဆုံးမှုတွေလည်းရှိနေပါတယ်။
အစိုးရကတော့ ဒီအကြမ်းဖက်တိုက်ခိုက်မှုကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်သလဲဆိုတာ စုံစမ်းစစ်ဆေးနေပြီး သေချာမှပဲ ထုတ်ဖော်ပြောဆိုမယ်လို့ ဆိုထားပါတယ်။











