DVB Logo
Home
Lead Story
မန္တလေးနဲ့ လော်ပြဿနာ
DVB
·
October 13, 2016
မန္တလေးနဲ့ လော်ပြဿနာ
Donate to DVB

 

အောက်တိုဘာ ၆ ရက်နေ့က မန္တလေး မဟာအောင်မြေမြို့နယ် တရားရုံးမှာ ပြည်သူလူထု အများစု စိတ်ဝင်စားနေတဲ့ အမှုတခုကို စီရင်ချက်ချမှတ်ခဲ့တယ်။

အဲဒီအမှုကတော့ မြန်မာပြည်ကိုလာလည်တဲ့ နယ်သာလန်နိုင်ငံသားဟာ မန္တလေး မဟာအောင်မြေမြို့နယ်၊ ရတနာဘုမ္မိအရှေ့ရပ်ကွက် တည်းခိုခန်းတခုမှာ တည်းခိုစဉ်မှာ တဘက်ဓမ္မာရုံမှာ ၀တ်ရွတ်နေတဲ့ဆီကို သွားရောက်ပြီး အသံချဲ့စက် မိုက်ကြိုးတွေကို ဆွဲဖြုတ်ခဲ့တယ်။ အဲဒီဖြစ်စဉ်က စက်တင်ဘာ ၂၆ ရက်၊ ည ၁၀ နာရီနောက်ပိုင်းမှာ ဖြစ်ခဲ့တာ။ အဲဒီလို ပြုလုပ်ခဲ့တဲ့အတွက် တရားစွဲဆိုခံရပြီး အောက်တိုဘာ ၆ ရက်နေ့မှာတော့   မဟာအောင်မြေမြို့နယ်တရားရုံးက ပုဒ်မ ၂၉၆၊ ဘာသာ သာသနာ နှောင့်ယှက်မှုအဖြစ်  ထောင်ဒဏ် ၃ လနဲ့  လူဝင်မှုကြီးကြပ်ရေးပုဒ်မ ၁၃(၁) အရ ဒဏ်ငွေတသိန်း ချမှတ်လိုက်တာပါပဲ။

အဲဒီလို အမိန့်ချမှတ်လိုက်တာကို မြို့ခံတော်တော်များများက ပြစ်တင်ဝေဖန်ကြတယ်။ ထောက်ပြပြောဆိုနေကြတာ ကျွက်ကျွက်ညံလို့ပါ။ ကိုယ့်နိုင်ငံသားမဟုတ်တဲ့ ဧည့်နိုင်ငံသားတယောက်ကို အခုလိုလုပ်လိုက်တာဟာ တကယ်ကော မှန်ကန်ရဲ့လားပေါ့။ ကိုယ့်နိုင်ငံရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းတွေကို ဒီ နယ်သာလန်နိုင်ငံသားက ဘယ်လောက်သိမှာလဲ၊ နောက်တချက်က ဘာသာစကားကို နားမလည်တာ။ အသံချဲ့စက်က ထွက်လာတဲ့ အသံကို ဓမ္မစာလို့ သူ ဘယ်လိုသိမလဲ။ သူ့အနေနဲ့ ဆူညံသံလို့ပဲ မှတ်ထင်တော့မှာပေါ့။

ဒီ အနောက်နိုင်ငံကလာတဲ့ ဧည့်သည်တွေ မဆိုထားဘိ၊ ကိုယ့်မြို့ခံအချင်းချင်းတောင် လော်စပီကာအသံကို မနှစ်မြို့ကြတော့ပါဘူး။ ဆူညံသံတွေကို တတ်နိုင်သမျှ လျှော့ချဖို့အတွက် အချို့မြို့တွေမှာဆိုရင် ဟွန်းသံမဲ့ဇုန်တောင် ပြုလုပ်ထားတာသာကြည့်။ ကိုယ့်နိုင်ငံက အသံချဲ့စက်ဖွင့်တာ  ဘယ်အတိုင်းအတာလောက်ထိပဲ အသံကိုမြှင့်မယ်၊ နှိမ့်မယ် ဒါမျိုးစဉ်းစားပြီး ဆောင်ရွက်တာ မတွေ့ရသလောက်ပါပဲ။ တခါတလေဆို အသံချဲ့စက်ထွက်လာတဲ့ ဟယ်လို တက်စတီ ၁၊ ၂၊ ၃ ဆိုတဲ့ မိုက်စမ်းနေတဲ့ အသံကြီးက သူသာ မကြားတယ်။ ကျန်တဲ့သူအားလုံး ကြားရတယ်။ အသံချဲ့စက်ကို မိုင်ကုန်ဖွင့်၊ လော်စပီကာက တလုံးတည်းလည်း မဟုတ်၊ အရပ်လေးမျက်နှာကို လေးလုံးလှည့်ထားတာမျိုးလည်း ရှိတယ်။ ဘုန်းကြီးကျောင်းဝင်းတခုထဲမှာ ကျောင်းနှစ်ကျောင်းဖြစ်နေလို့  ဘောက်စ်နှစ်ခု အပြိုင်အော်ကြတာလည်းရှိတယ်။ ခေါင်မိုးပေါ်မှာ လော်စပီကာ လေးလုံးတင်ထားပြီး ဓမ္မာရုံထဲမှာတော့ Sound Box လေးလုံးလောက် ဆင့်ထားတာလည်းရှိတယ်။ Echo သံတွေ များနေမှန်းလည်း သိပုံမရ၊ Volume တွေ မိုင်ကုန်တင်ထားမှန်းလည်း မသိနဲ့ အသံကျယ်ကျယ်ထွက် ပြီးရော ဆိုတာတွေလည်း ကြုံရတယ်။  အဲတော့ ဘယ်လိုလုပ်ကြမလဲ။

ဆူညံသံတွေကတော့ စုံလို့ပါပဲ။ အလှူခံမဏ္ဍပ်ကလည်း မိုင်ကုန်ဖွင့်၊ အလှူခံလှည့်တဲ့ ကားတွေကလည်း မိုင်ကုန်ဖွင့်၊ ဓမ္မာရုံကလည်း စက်ကိုင်တွေက မိုင်ကုန်ဖွင့်၊ အလှူအတန်းရှိတော့လည်း မိုင်ကုန်ဖွင့်ပေါ့။ တခါတလေဆိုရင် လမ်းမကြီးပေါ် အရှေ့အနောက် အလှူခံကားနှစ်စီးက မျက်နှာချင်းဆိုင် အပြိုင်ဖွင့်ပြီး ဆုံကြတယ်။ ဘယ်သူ့ဘယ်သူမှ အသံလျှော့ပေးရမယ်လို့ မတွေးကြပါဘူး။

ကိုယ့်ဘာသာ သာသနာအတွက် လုပ်နေကြတာပါလေဆိုတဲ့ ဘာသာရေး အသိစိတ်ဓာတ်လေးတွေနဲ့ အောင့်အည်းသည်းခံနေရပေမယ့်လည်း အသံချဲ့စက်က ထွက်လာတဲ့ အသံတွေကြောင့် ရင်တလှပ်လှပ် ဖြစ်ခဲ့ရတာတွေကလည်း တခါနှစ်ခါ မဟုတ်ခဲ့ကြပါဘူး။ ရပ်ကွက်တွင်း ဓမ္မာရုံတွေနဲ့ မျက်နှာချင်းဆိုင်နေရတဲ့သူမျိုးဆိုရင် စဉ်းစားသာကြည့်ပါတော့။

ဒီအသံချဲ့စက်တွေရဲ့ ဆူညံသံတွေကို မခံနိုင်ကြတဲ့အဆုံး အသံချဲ့စက်သံတွေကို ထိန်းပေးဖို့ မြို့ခံတွေ တောင်းဆိုလာကြတယ်။ အသံချဲ့စက်ဥပဒေတွေ ထွက်ပေါ်လာခဲ့တယ်။ ဒါပေမယ့်လည်း အဲဒီဥပဒေကို ထိထိရောက်ရောက် အသုံးမပြုခဲ့တာကိုလည်း တွေ့ခဲ့ရတာပါပဲ။ တခုပဲ…. အကြောင်းအမျိုးမျိုးအတွက် ဆန္ဒပြကြတဲ့သူတွေကို ဖမ်းဆီးချင်တဲ့အခါမျိုး၊ တားဆီးချင်တဲ့ အခြေအနေမျိုးတွေမှာတော့ ပုဒ်မ ၁၈ မတပ်တော့ဘဲ အသံချဲ့စက်ဥပဒေနဲ့  တရားစွဲဆိုတာကိုတော့ တွေ့ဖူးခဲ့ပါတယ်။

၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ ပြဋ္ဌာန်းထားခဲ့တဲ့ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေထဲမှာလည်း ဒီအသံချဲ့စက်နဲ့ ပတ်သက်ပြီး ဥပဒေထုတ်ထားတာကို တွေ့ရပါတယ်။ အခန်း ၉ မှာဆိုရင် ရပ်ကွက်တွင်း နေထိုင်သူဟာ အသံချဲ့စက်ကို အသုံးပြုလိုတယ်ဆိုရင် သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဆီမှာ ခွင့်ပြုမိန့် ရယူရမှာပါ။ အဲဒါအပြင် သတ်မှတ်ထားတဲ့ စည်းကမ်းတွေကိုလည်း လိုက်နာရမှာ ဖြစ်ပါတယ်။ နည်းဥပဒေမှာဆိုရင်လည်း သာမန်အားဖြင့် နံနက် ၆ နာရီကနေ ည ၉ နာရီအထိသာ ခွင့်ပြုခြင်း၊ အများပြည်သူ အနှောင့်အယှက်မဖြစ်စေရေးအတွက် ခွင့်ပြုတဲ့ ဥပစာအတွင်း အများပြည်သူ ကြားသိနိုင်ရုံသာ ခွင့်ပြုခြင်း၊ ခွင့်ပြုသည့်ကိစ္စမှတပါး အခြားကိစ္စများအတွက် မသုံးမပြုရခြင်း၊ တာဝန်ရှိသူက လိုအပ်၍ ခွင့်ပြုချက်ရပ်စဲခြင်းကို လိုက်နာဆောင်ရွက်ခြင်းဆိုတဲ့ စည်းကမ်းတွေကိုလည်း ထည့်သွင်းထားတာ ဖတ်မှတ်ရပါတယ်။ အငှားလိုက်သည့် အသံချဲ့စက်သာမက Sound Box များကိုလည်း အများပြည်သူ အနှောင့်အယှက်ဖြစ်ပါက ဥပဒေအရ တရားစွဲခံရမှာ ဖြစ်ပါတယ်။ ဒါမှမဟုတ် ကျေးရွာ အုပ်ချုပ်ရေးမှူး ဥပဒေအရ ငွေကျပ်ငါးထောင်ထက် မပိုသော ဒဏ်ငွေနဲ့ ငွေဒဏ်ပေးဆောင်ဖို့ ပျက်ကွက်ခဲ့ပါက ခုနစ်ရက်ထက် မပိုတဲ့ ထောင်ဒဏ်ကို ချမှတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

ဘယ်လိုဥပဒေတွေ၊ နည်းဥပဒေ ပြဋ္ဌာန်းထားပေမယ့်လည်း အထက်မှာ တင်ပြခဲ့သလို ဘာသာ သာသနာအတွက်ဆိုတဲ့ အသိတရားတွေနဲ့ နားလည်ခွင့်လွှတ်ပေးခဲ့ကြပါတယ်။ ဒေသခံတွေက နားလည်ပေးသလောက် နည်းနည်းလေးများ ပြောမိရင် စက်ကိုင်ဆရာသမားတွေကတော့ ကိုယ့်အကျိုးစီးပွားအတွက် လုပ်နေတာမဟုတ်ဘူးကွ -တို့၊ ဘာသာရေးပွဲကွ- တို့နဲ့ ခွန်းတုံ့ပြန်တာတွေလည်း ကြုံခဲ့ရပါတယ်။

အသံချဲ့စက်နဲ့ပတ်သက်ပြီး သတ်မှတ်ညွှန်ကြားထားတဲ့အတိုင်း လိုက်နာဆောင်ရွက်ကြဖို့တော့ လိုပါတယ်။ အဲဒီလိုပဲ စည်းကမ်းသတ်မှတ်ချက်တွေကို လိုက်နာဆောင်ရွက်ကြဖို့အတွက်ကိုလည်း အသိပညာပေးတွေ ပြုလုပ်ကြဖို့ လိုအပ်လာဦးမယ် ထင်ပါတယ်။ နယ်သာလန်နိုင်ငံသားရဲ့ ဖြစ်စဉ်ကို ကြည့်ပြီး အသံချဲ့စက်က ထွက်ပေါ်လာတဲ့ ဆူညံသံဟာ လူတဦးအတွက် ဘယ်လောက်စိတ်ညစ်ရသလဲဆိုတာ ပေါ်လွင်လွန်းနေပါတယ်။ ရာသီိဥတုက ပူ၊ အသံက ဆူဆူနဲ့၊ ကိုယ့်ရဲ့ နားနေရမယ့် ညဘက် ၁၀ နာရီကျော် အချိန်မျိုးမှာ ထွက်ပေါ်လာတဲ့အသံကို ဆူညံသံလို့ အဲဒီနိုင်ငံသား သတ်မှတ်လိုက်ပုံရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် မန္တလေးမြို့ကတော့ အလှူခံမဏ္ဍပ်တွေ ရှိနေဦးမှာပဲ။ အလှပြယာဉ်တွေ လှည့်နေဦးမှာပဲ။ ပွဲတော်တွေလည်း ကျင်းပနေဦးမှာပါပဲ။ နားလည်မှု၊ စာနာမှု တရားလေးတွေနဲ့  အသံချဲ့စက်ဆရာတို့ရဲ့ အသံအတိုးအကျယ် Tone လေးတွေကို ညင်သာစွာ ကိုင်တွယ်အသုံးပြုတတ်ဖို့ကိုသာ မျှော်လင့်ရပါတော့တယ်။

သင်းသင်းသော်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013