DVB Logo
Home
မြန်မာသတင်း
ကွန်တိန်နာကား သွားလာခွင့် အချိန်ကန့်သတ်လျှင် ရေထွက်ပို့ကုန် အခက်အခဲဖြစ်နိုင်
DVB
·
October 13, 2016
ကွန်တိန်နာကား သွားလာခွင့် အချိန်ကန့်သတ်လျှင် ရေထွက်ပို့ကုန် အခက်အခဲဖြစ်နိုင်
Donate to DVB

ကွန်တိန်နာကားတွေကို အချိန်ပိုင်းသွားလာခွင့် ကန့်သတ်လိုက်ရင် ရေထွက်ပို့ကုန်တွေအတွက် အခက်အခဲ ဖြစ်စေနိုင်တယ်လို့ ရေထွက်ပို့ကုန် လုပ်ငန်းရှင်တွေက ပြောပါတယ်။

နိုဝင်ဘာ ၁ ရက်နေ့ကနေစပြီး ကွန်တိန်နာကားတွေကို အချိန်ပိုင်းကန့်သတ်ချက်အဖြစ် ည ၈ နာရီကနေ မနက် ၈ နာရီအထိသာ ပြေးဆွဲခွင့်ပြုသွားမှာပါ။

အဲဒီလိုကန့်သတ်လိုက်မယ်ဆိုရင် ရေထွက်ပို့ကုန်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်တွေအတွက် အခက်အခဲ ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ ရေထွက်ပစ္စည်းထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးမျိုးညွန့်က “ကျနော်တို့က ကုန်တင်ပြီးတဲ့အခါမှာ ပုပ်သိုးကုန်တွေ ဖြစ်တဲ့အတွက် အမြန်ဆုံး မီးပေးဖို့လိုပါတယ်။ တချို့စက်ရုံတွေမှာ မီး Power Supply ကွန်တိန်နာကို မောင်းနိုင်တဲ့ Facility ရှိသလို တချို့စက်ရုံတွေမှာ မရှိပါဘူး။ အဲဒီတော့ ကျနော်တို့က တင်ပြီးတော့မှ ည ၈ နာရီထိုးတဲ့အထိ စက်ရုံမှာ ဒီကွန်တိန်နာကြီးကို ဘာမှမလုပ်ဘဲ ထားရမယ်ဆိုရင် ကွာလတီပိုင်းနဲ့ပတ်သက်ပြီး အများကြီး ထိခိုက်နိုင်တာ ရှိပါတယ်။ အဲဒီတော့ ဒီဥစ္စာက ကျနော်တို့ ရေထွက်ပို့ကုန် ကွန်တိန်နာတွေအတွက် လုံးဝမဖြစ်နိုင်တဲ့ အစီအစဉ်တခုပါလို့ ကျနော်တို့က ဒီနေရာမှာ တင်ပြချင်ပါတယ်” လို့ ပြောပါတယ်။

အဲဒီလို ကန့်သတ်ဆောင်ရွက်မှုကို စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တိုင်ပင်ဆွေးနွေးခြင်း မရှိဘဲ လုပ်ဆောင်တာ ဖြစ်တဲ့အတွက် ရေထွက်ပို့ကုန်လုပ်ငန်းတွေသာမက တခြားလုပ်ငန်းရှင်တွေအတွက်လည်း အခက်အခဲဖြစ်စေနိုင်တယ်လို့ လုပ်ငန်းရှင်တချို့က သုံးသပ်ပြောကြားပါတယ်။

ဒါကြောင့် ရေထွက်ပို့ကုန်လုပ်ငန်းရှင်တွေအနေနဲ့ အခက်အခဲတွေကို တင်ပြပြီး ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနကနေ သက်ဆိုင်ရာဌာန အသီးသီးကို တင်ပြပေးသွားမယ်လို့ ဆိုပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ဌာနမှူး ဦးထွန်းဝင်းမြင့်က “ကာလတခုရောက်ရင် စမယ်ဆိုတာ တရားဝင်ကြေညာတာပေါ့လေ။ အခုက နိုဝင်ဘာ ၁ ရက်ဆိုတာ ဒါ နောက်ဆုတ်လိုက်တဲ့သဘောပဲ။ ဒီ ၁ ရက်ကစပြီး ကွန်တိန်နာတွေကိုပဲ ညပိုင်းပဲ ပေးဖြတ်တော့မယ်ဆိုတဲ့ဟာ။ တိုင်းဒေသကြီးအစိုးရကို ပြီးခဲ့တဲ့အပတ်တုန်းက ကျနော်တို့ ဝန်ကြီးဌာနအနေနဲ့ တက်ဖြစ်တယ်။ ဒီတပတ် ဆွေးနွေးတဲ့အခါမှာ ကျနော်တို့ အစည်းအဝေးတက်ဖြစ်တော့ ကျနော်တို့ အကျိုးအကြောင်းလေး သက်ဆိုင်တဲ့ ဝန်ကြီးချုပ်တို့၊ ဝန်ကြီးတို့ကို တင်ပြပေးပြီး အကျိုးအကြောင်း ရှင်းပြပေးလို့ရပါတယ်” လို့ ပြောပါတယ်။

အဲဒီကန့်သတ်ချက်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတို့က ပူးပေါင်းကာ ယာဉ်ကြောကျပ်တည်းမှုကို ဖြေရှင်းဖို့အတွက် ဆောင်ရွက်တာ ဖြစ်ပါတယ်။

ကွန်တိန်နာကားတွေအနေနဲ့ ရန်ကုန်တမြို့လုံးကို သွားလာခွင့်မရှိဘဲ သတ်မှတ်ထားတဲ့ နေရာတွေဖြစ်တဲ့  ကမ်းနားလမ်းတလျှောက်၊ ဘုရင့်နောင်လမ်းမကြီး၊ ကျောက်တန်း၊ သာကေတ၊ ဒေါပုံ စတဲ့ နေရာတွေကိုသာ ခွင့်ပြုပေးထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013