DVB Logo
Home
မြန်မာသတင်း
နိုင်ငံသားများကို နံပါတ်တစ်ဦးစားပေး ကာကွယ်မည်ဟု ကာချုပ်ပြော
DVB
·
October 13, 2016
နိုင်ငံသားများကို နံပါတ်တစ်ဦးစားပေး ကာကွယ်မည်ဟု ကာချုပ်ပြော
Donate to DVB

လက်ရှိဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်အရေးကိစ္စဟာ ဘာသာရေးပဋိပက္ခမဟုတ်ဘဲ သွေးထိုးလှုံ့ဆော်မှုတွေကြောင့် ဖြစ်ပေါ်လာရတာဖြစ်ကြောင်းနဲ့ တပ်မတော်အနေနဲ့ နိုင်ငံသားတွေကို နံပါတ်တစ်ဦးစားပေး ကာကွယ်သွားမယ်လို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

မနေ့မွန်းလွဲပိုင်းက နေပြည်တော် ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်မှာ နယ်သာလန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး ဘတ်ကိုအန်ဒါးစ်နဲ့ တွေ့ဆုံစဉ် တပ်မတော်အကြီးအကဲက လက်ရှိ ရခိုင်ပြည်နယ်ဖြစ်စဉ်နဲ့ပတ်သက်ပြီး ပထမဆုံးအကြိမ် ပြောကြားခဲ့တာပါ။

“လက်ရှိဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်အရေးကိစ္စများသည် ဘာသာရေးပဋိပက္ခများ မဟုတ်ဘဲ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း၊ အရေးအကြီးဆုံးမှာ မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများကို လိုက်နာရန်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံသားများကို ကာကွယ်ရမည်ဖြစ်ပြီး မြန်မာနိုင်ငံသားများသည် နံပါတ်တစ်ဦးစားပေးဖြစ်ကြောင်း၊ နိုင်ငံတကာနှင့် ပတ်သက်သည်များကိုလည်း နိုင်ငံတကာ ကျင့်ထုံးများနှင့်အညီ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း” တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောပါတယ်။

ဒါ့အပြင် ဘင်္ဂါလီတွေအနေနဲ့  ၁၉၈၂ ခုနှစ်၊ နိုင်ငံသားဖြစ်မှုဥပဒေအရ စစ်ဆေးမှုကို မခံယူကြောင်း၊ အရေးကြီးဆုံးမှာ ဥပဒေနဲ့အညီ စစ်ဆေးမှုကို ခံယူခြင်း၊ ဥပဒေနဲ့ ညီညွတ်သူများကို ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေပေးခြင်း၊ ဥပဒေနဲ့ မကိုက်ညီတာတွေကိုလည်း UNHCR အစီအစဉ်နဲ့ ဖြေရှင်းဆောင်ရွက် လုပ်ဆောင်ရမှာဖြစ်ကြောင်း၊ တပ်မတော်အနေနဲ့ ဥပဒေနဲ့အညီ ဆောင်ရွက်မှုတွေကို အကောင်းဆုံး ကူညီလုပ်ဆောင်ပေးမယ်လို့လည်း ပြောပါတယ်။

ဒီတွေ့ဆုံပွဲမှာ မြန်မာနဲ့ နယ်သာလန် နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ဖို့ စီးပွားရေး ပူးပေါင်းဆောင်ရွက်ဖို့၊ မြန်မာ့ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ တပ်မတော်နှစ်ရပ်အကြား ရေတပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ ဥပဒေသင်တန်းတွေ အပါအဝင် သင်တန်းဆိုင်ရာကိစ္စရပ်တွေ ညှိနှိုင်းဆောင်ရွက်ရေး၊ ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့မှာ မြန်မာ့တပ်မတော်က ပိုမိုတိုးတက်ပါဝင်ထမ်းဆောင်နိုင်ရေး ကိစ္စရပ်တွေ ဆွေးနွေးခဲ့တယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရဲ့ လူမှုကွန်ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013