DVB Logo
Home
မြန်မာသတင်း
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်ဟောင်းများ ပါတီသစ်ထောင်ရန်ဆုံးဖြတ်
DVB
·
October 12, 2016
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်ဟောင်းများ ပါတီသစ်ထောင်ရန်ဆုံးဖြတ်
Donate to DVB

ရခိုင်ပြည်နယ်မှာ အဓိကအင်အားအကြီးဆုံးပါတီဖြစ်တဲ့ ရခိုင်အမျိုးသားပါတီ (အေအန်ပီ) ဗဟိုကော်မတီဝင်ဟောင်းတချို့က  ရခိုင်နိုင်ငံရေးပါတီသစ်တခု ထူထောင်ဖို့ မကြာသေးခင်က ဆုံးဖြတ်လိုက်ပါတယ်။

ပါတီသစ်ပြန်ထူထောင်လိုသူအများစုဟာ ယခင် ဦးအေးသာအောင် ခေါင်းဆောင်တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (အေအယ်လ်ဒီ) ပါတီဝင် လူဟောင်းတွေဖြစ်ကြပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၇ ရက် နဲ့ ၈ ရက်နေ့က ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာ ကျင်းပတဲ့ ရခိုင်ပြည်နိုင်ငံရေးပြန်လည်သုံးသပ်ခြင်းအစည်းအဝေးမှာ ပါတီသစ်ထူထောင်ဖို့ ဆုံးဖြတ်ခဲ့တာလို့  ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင်ဟောင်း ဦးကျော်မြင့်က ပြောပါတယ်။

“အေအန်ပီ (ရခိုင်အမျိုးသားပါတီ) ထဲမှာ အာရ်အန်ဒီပီ (ရခိုင်အမျိုးသားတိုးတက်ရေး ပါတီ) က လူများစုဆိုတော့ ပြောကြဆိုကြတဲ့အခါ ဆုံးဖြတ်ချက်ချတဲ့အခါ  ဦးတို့ အေအယ်လ်ဒီ (ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်) ရဲ့သဘောထားမပါသလိုဖြစ်တယ်။ အဲဒီလိုအခြေအနေ  ဆက်ပြီးနေလို့ ကတော့ အဆင်မပြေဘူးဆို ပြီးတော့မှ ဒီလ ၈ ရက် ၉ ရက် ကျောက်တော်မှာ ရခိုင်ပြည် နိုင်ငံရေးပြန်လည်သုံးသပ်ခြင်း အစည်းအဝေးဆိုပြီးတော့ ဦးတို့ အေအယ်လ်ဒီပါတီ လည်းပါတယ်။   နောက်ပြီးတော့ စီအက်စ်အို (လူထုအခြေပြုအဖွဲ့) တွေလည်းပါတာပေါ့။ အကုန်လုံးစုပြီးတော့ အဲဒီ မှာဆွေးနွေးတယ်၊ လာတက်တဲ့လူက ၂၅၀ လောက်ရှိမယ်၊ အဲဒီမှာ ရခိုင်ပြည်နယ်မှာ သီးခြား ပါတီတခုတည်ထောင်သင့်တယ်၊ ရခိုင်ပြည်နယ်ရဲ့ လုံခြုံရေးအခြေအနေနဲ့ ပတ်သက်ပြီးတော့ ပြည်ထောင်စုအစိုးရမှာ တာဝန်ရှိတယ်။ ဒီကလည်းပဲ ပူးပေါင်းဆောင်ရွက်မယ်ပေါ့လေ။ နောက်ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ပင်လုံညီလာခံနဲ့ ပတ်သက်ပြီးတော့လည်း  ဦးတို့အနေနဲ့ ပူးပေါင်းပြီးဆောင်ရွက်မယ်၊ နောက်ပြီးတော့ ဦးဆောင်ကော်မတီတခု ဖွဲ့လိုက်ကြတယ်”

အဆိုပါ ဦးဆောင်ကော်မတီထဲမှာ မြို့နယ်တခုက ကိုယ်စားလှယ် တဦး သို့မဟုတ် နှစ်ဦးစီ ပါဝင်ကြောင်း၊ အစည်းအဝေးကို ရခိုင်ပြည်နယ်ရှိ မြို့နယ်ပေါင်း ၁၃ မြို့နယ်က ကိုယ်စား လှယ်တွေရော၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊  ပလက်ဝမြို့နယ်၊ ထိုင်း နဲ့ အမေရိကန်ကလာတဲ့ ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ကြတယ်လို့ဆိုပါတယ်။

ပါတီသစ်အမည်နဲ့ ပတ်သက်လို့ကတော့  ယခင် အေအယ်လ်ဒီ (ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်) ကိုပြန်ယူမလား၊ အမည်အသစ်ပြန်မှည့်မလား၊ ဘယ်လိုမှတ်ပုံတင်မလဲ ဆိုတာတွေ့တော့ အဆိုပါ ဦးဆောင်ကော်မတီက အစည်းအဝေးတွေဆက်လုပ်မယ်လို့  ဦးကျော်မြင့်က ပြောပါတယ်။

အခုလို ရခိုင်ပါတီသစ်ထူထောင်မယ့်ကိစ္စနဲ့ ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီ ဗဟိုအ လုပ်အမှုဆောင် ဦးခိုင်ပြည်စိုးကတော့ ဒီမိုကရေစီအခင်းအကျဉ်းမှာ  မည်သူမဆိုပါတီ ထူထောင်ခွင့်ရှိကြောင်း၊  အခုပါတီသစ်ထူထောင်မယ့်သူတွေဟာ ရခိုင်အမျိုးသား ပါတီစည်း ကမ်းလိုက်နာခြင်းမရှိလို့ ပါတီကနေ ထုတ်ပယ်ခံထားရသူတွေဖြစ်တယ်လို့  ပြောပါတယ်။

“အခုပါတီသစ်ထောင်မယ်ဆိုတဲ့ လူတွေထဲမှာ ပါတီစည်းကမ်းလိုက်မနာလို့ ပါတီကနေ ထုတ်ပယ်ခံ ထားရတဲ့ လူ ၆ ဦးပါတယ်။ သူတို့က ပါတီထုတ်ပြန်ချက် ၁/၂၀၁၆ ကို  မထောက်ခံဘူးလို့ပြောတယ်၊ ပါတီတခုမှာ ထောက်ခံတာ မထောက်ခံတာ ပြဿ   နာမရှိဘူး။ အတွင်းထဲမှာ ဖြေရှင်းနိုင်တဲ့ စွမ်းအားရှိဖို့ဘဲလိုတယ်၊ အဲဒီတော့ ဒီမိုကရေစီအခင်းအကျဉ်းမှာ ပါတီထောင်မယ်၊ ဘာလုပ်မယ်၊ ညာလုပ်မယ်ဆိုတာက ဘယ်လိုဘဲလုပ်လုပ် တကယ့်ကို လူထုထောက်ခံမှု ဘယ်လောက်ရမလဲ၊ ရခိုင်ပြည်သူတွေရဲ့ဆန္ဒက ဘယ်လိုရှိမလဲဆိုတာကို တော့ အတတ်နိုင်ဆုံး အဲဒီအပေါ်မှာဘဲ အခြေခံပြီး သွားနေတာပါ”

၁၉၉၀ ပြည့် ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၂၀၁၀ ရွေးကောက်ပွဲ အနိုင်ရ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီတို့ဟာ ၂၀၁၄ ပူးပေါင်းပြီး ရခိုင်အမျိုးသား ပါတီကို ဖွဲ့စည်းတည်ထောင်ခဲ့တာပါ။

ပူးပေါင်းထားတဲ့ ရခိုင်အမျိုးသားပါတီအနေနဲ့  ၂၀၁၅ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်မှာ ပြိုင်ဘက်တွေကို အပြတ်အသတ်အနိုင်ရပြီး  ပြည်နယ်လွှတ်တော်ကို စိုးမိုး ထားနိုင်ခဲ့တာပါ။

ဒါပေမယ့် ပြည်နယ်အစိုးရကို ဦးဆောင်ဖွဲ့ခွင့်မရရင်  အတိုက်အခံပါတီအဖြစ် ရပ်တည်မယ်လို့ ၁/၂၀၁၆ ကြေညာချက်ထုတ်ပြန်ခဲ့ရာမှာ ဦးကျော်မြင့်အပါအ၀င် ပါတီ ဗဟို အလုပ်အမှုဆောင် ၆ ဦးက လက်မခံတဲ့အတွက် ပါတီကနေ ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013