DVB Logo
Home
မြန်မာသတင်း
မောင်တောအနီးတိုက်ပွဲတွင် စစ်သည် ၄ ဦး ကျဆုံး
DVB
·
October 12, 2016
မောင်တောအနီးတိုက်ပွဲတွင် စစ်သည် ၄ ဦး ကျဆုံး
Donate to DVB

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ပြောင်းပစ်ကျေးရွာအနီး တပ်မတော်စစ်ကြောင်းနဲ့ အကြမ်းဖက် စီးနင်းတိုက်ခိုက်သူတွေ တိုက်ပွဲဖြစ်ပွားပြီး မြန်မာတပ်မတော်ဘက်က စစ်သည် ၄ ဦး သေဆုံးသွားတယ်လို့ စစ်တပ်က သတင်းထုတ်ပါတယ်။

အောက်တိုဘာ ၁၁ ရက် မွန်းလွဲပိုင်းက ပြောင်းပစ်ရွာအနီး တိုက်ပွဲဖြစ်စဉ်မှာ အကြမ်းဖက်စီးနင်းတိုက်ခိုက်သူတွေဘက်က အင်အား ၃၀၀ ကျော် ၀ိုင်းဝန်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဖြစ်စဉ်မှာ တပ်ဘက်က ၄ ဦး၊ အကြမ်းဖက်အဖွဲ့ဘက်က ၁ ဦး သေဆုံးခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။

ပြောင်းပစ်ကျေးရွာ အရှေ့ဘက် မီတာ ၅၀၀ ခန့် နေရာကို တပ်မတော်စစ်ကြောင်းမှ ရှင်းလင်းစဉ် တောင်ကုန်းပေါ်မှာ အသင့်နေရာယူထားတဲ့ အကြမ်းဖက် စီးနင်းတိုက်ခိုက်သူ အင်အား ၃၀ ခန့်က လက်နက်ငယ်တွေ၊ စက်သေနတ်တွေနဲ့ တိုက်ခိုက်ခဲ့လို့ တပ်မတော်စစ်ကြောင်းက ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရတယ်လို့ ဆိုပါတယ်။

အဲ့ဒီလိုတိုက်နေတုန်း တပ်မတော်စစ်ကြောင်း နေရာယူထားတဲ့ နေရာရဲ့ မြောက်ဘက်နဲ့ အနောက်ဘက်တို့မှ အကြမ်းဖက်စီးနင်းတိုက်ခိုက်သူ အင်အား ၃၀၀ ခန့်က လက်နက်ငယ်များ၊ ဓားနဲ့တုတ်များ ကိုင်ဆောင်ပြီး ထပ်မံတိုက်ခိုက်လာတဲ့အတွက် ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများ အနောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ဖြစ်စဉ်မှာ အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများထံမှ အလောင်း ၁ လောင်း၊ သေနတ် ၂ လက်နဲ့ ကျည်အိမ် ၂ ခုတို့ကို သိမ်းဆည်းရမိခဲ့ပြီး တပ်မတော်မှ သေနတ် ၂ လက် ပျောက်ဆုံးကာ စစ်သည် ၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းရှိ နယ်ခြားစောင့်တပ်စခန်း ၃ ခုကို အောက်တိုဘာ ၉ ရက်က ဖော်ထုတ်ဆဲ အကြမ်းဖက်အဖွဲ့က ၀င်ရောက်စီးနင်းတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး ၃ ရက်ကြာတဲ့အထိ နှစ်ဘက်တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတာပါ။

မောင်တောမြို့နယ်၊ မြောက်ပိုင်း ငါးစားကြူးကျေးရွာနားမှာလည်း အောက်တိုဘာ ၁၁ ရက် မွန်းလွဲပိုင်းက တပ်မတော်စစ်ကြောင်းကို အကြမ်းဖက်အဖွဲ့က ချောင်းမြောင်းတိုက်ခိုက်ခဲ့တယ်လို့ မောင်တောမြို့နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ဝင်းက ဒီဗွီဘီကို ပြောပါတယ်။

ည ၉ နာရီလောက်မှာ မောင်တောမြို့မ ဘောလုံးကွင်းအနီးက နေအိမ်တအိမ်ကို လူစိမ်း ၃ ဦး ကျူးကျော်လာလို့ လိုက်ဖမ်းပေမယ့် ၁ ဦးကိုပဲ ဖမ်းမိခဲ့ပြီး ၂ ဦးက ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိတဲ့ ၁ ဦးကို မောင်တောမြို့မရဲစခန်းကို ဆက်သွယ်အပ်နှံခဲ့တယ်လို့ ဦးကျော်ကျော်ဝင်းက ပြောပါတယ်။

“ကျနော် အခု ရဲစခန်းထဲကို ရောက်နေပါတယ်။ ဖမ်းမိထားတဲ့ ဘင်္ဂါလီတယောက်ကို စခန်းမှာ အပ်ထားတာ တွေ့ပါတယ်။ ဒီမှာ ရဲတပ်ဖွဲ့ဝင်တွေလည်း တော်တော်အလုပ်များနေတဲ့ အခြေအနေ တွေ့နေရတယ်။”

နေ့ခင်း နှစ်နာရီကျော်ကျော်လောက်ကနေ ပစ်ခတ်သံတွေ ကြားနေရပြီး အဲဒီအသံတွေကို ညနေပိုင်းအထိ မောင်တောမြို့နယ် ကြိမ်ချောင်းကလည်း ကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ကျနော်တို့ကြားသလောက် တပ်ကလား နယ်ခြားစောင့်ကလားမသိ ၂ ယောက်ကျသွားတယ်၊ လွန်ခဲ့တဲ့ ည ၇ နာရီလောက်အထိ ပစ်နေတုန်းလို့ပြောတယ်။ မြိုပေါ်မှာလည်း အခြေအနေ ရှုပ်ထွေးနေတယ်။ သတင်းတွေမျိုးစုံဖြစ်နေတယ်။ အခြေအနေကတော့ ဆိုးတဲ့ဘက်ကို ဦးတည်နေတယ်” လို့ မောင်တောမြို့မအရှေ့နေ ဦးခင်မောင်သန်းက ဒီဗွီဘီကို ပြောပါတယ်။

မောင်တောတောင်ပိုင်း အင်းဒင်ကျေးရွာမှာတော့ အောက်တိုဘာ ၁၀ ရက်နေ့ ညပိုင်းမှာ လူ ၂၀ လောက်က ရဲစခန်းကို ချောင်းမြောင်းနေတာကို မသင်္ကာဖွယ်ရာ တွေ့ရှိတဲ့အတွက် ရွာထဲမှာ ကင်းစောင့်နေရတယ်လို့ အင်းဒင်ရွာသားတွေက ပြောပါတယ်။

“ပင်လယ်ကမ်းစပ်မှာ ပုံမှန်မဟုတ်တဲ့ မီးအချက်ပြတာကို သတိထားမိတယ်ခင်ဗျ။ ၀လုံးပုံစံမျိုးဝိုင်းပြီး မီးပြတယ်ဆိုတာ ဒီဒေသမှာ လုပ်လေ့လုပ်ထမရှိဘူး၊ အဲ့ဒီထူးခြားချက်ကို စပြီး သတိထားမိလို့ ရဲစခန်းကလည်း နေ့တိုင်းထက်ထူးပြီး ကင်းတွေချထားလို့ ဘာမှတော့ မဖြစ်ခဲ့ဘူး။ ကိုးတန်ကောက်မှာ နယ်မြေရှင်းလင်းတော့ ထွက်ပြေးလာတဲ့ ဘင်္ဂါလီတွေ ဖြစ်နိုင်တယ်။ လူကောင်းမဟုတ်လို့ ထွက်ပြေးတာဖြစ်မှာပါ။ ဒါကြောင့် ဒေသခံတွေက စိုးရိမ်နေရတာ” လို့ အင်းဒင်ရွာသား ကျောင်းဆရာတဦးက ပြောပါတယ်။

လတ်တလော မောင်တောနဲ့ ဘူးသီးတောင်မြို့တွေမှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီး ညနေ ၇ နာရီက မနက် ၆ နာရီအထိ ညမထွက်ရအမိန့်နဲ့ လူ ၅ ဦးထက်ပိုပြီး စုဝေးခြင်းမပြုဖို့လည်း ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013