မူးယစ်ဆေးဝါးထုတ်လုပ်မှုစွပ်စွဲချက် UWSA ၀တပ်ဖွဲ့ ငြင်းဆို
ကိုမောင်
·
October 12, 2016

ဝဒေသဟာ အာရှမှာ မူးယစ်ဆေးဝါးအများဆုံး ထုတ်လုပ်တယ်ဆိုတဲ့ နိုင်ငံတကာရဲ့ စွပ်စွဲချက်တွေ မဟုတ်မှန်ကြောင်း ဝပြည်သွေးစည်းညီညွတ်ရေးအဖွဲ့ (UWSA) က ငြင်းဆိုလိုက်ပါတယ်။
တရုတ်-မြန်မာနယ်စပ်မှာ အခြေစိုက်တဲ့ UWSA အနေနဲ့ အရင်က မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွေမှာ ပတ်သက်ခဲ့ဖူးပေမယ့် ၂၀၀၅ ခုနှစ်နောက်ပိုင်းမှာ ရပ်ဆိုင်းခဲ့တယ်လို့ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသရဲ့ စိုက်ပျိုးရေးဝန်ကြီး Luo Yaku က ပြောပါတယ်။
“၁၉၉၉ ခုနှစ်ကနေ ၂၀၀၅ ခုနှစ်အထိ မူးယစ်ဆေးဝါး ရောင်းဝယ်မှုမှာ ကျနော်တို့ တကယ်ပဲ ပါဝင်ပတ်သက်ခဲ့တာပါ။ ဒါပေမယ့် ၂၀၀၅ ခုနှစ် နောက်ပိုင်းမှာတော့ အဲဒါကို ရပ်ဆိုင်းခဲ့ပါတယ်။ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ရင် ကျနော်တို့ အလွန်ပဲ တင်းကျပ်ထားပါတယ်။”
ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုနှိမ်နင်းရေးအဖွဲ့ UNODC အစီရင်ခံစာတွေမှာတော့ မြန်မာ၊ ထိုင်း၊ လာအို သုံးနိုင်ငံနယ်စပ် ရွှေတြိဂံနယ်မြေဟာ စိတ်ကြွဆေးတွေ အဓိကထွက်နေတာဖြစ်တယ်လို့ ပြောပါတယ်။
UWSA ဝ ခေါင်းဆောင်အများအပြားကို ဘိန်းဖြူနဲ့ ယာဘ စိတ်ကြွဆေးပြားတွေ ထုတ်လုပ်ရောင်းချမှု စွဲချက်တွေနဲ့ ၂၀၀၅ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စုက စတင်တရားစွဲဆိုခဲ့ပါတယ်။
အဲဒီအချိန်ကစပြီး သူတို့ ဝ ဒေသမှာ အပြောင်းအလဲတွေ ပြုလုပ်ခဲ့တယ်လို့ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသရဲ့ ပြင်ပဆက်ဆံရေးဌာနမှူးကြီးက ပြောပါတယ်။
UWSA ဟာ မူးယစ်အင်ပါယာ ထူထောင်ထုတ်လုပ်နေတယ်ဆိုတဲ့ စွပ်စွဲပြောဆိုချက်တွေ မှန်ကန်မှုမရှိဘူးလို့လည်း သူက ပြောပါတယ်။
ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသ ပြင်ပဆက်ဆံရေးဌာနမှူးကြီး ဦးကျောက်ကော်အန်းက “ယာဘ စိတ်ကြွဆေးပြားတွေရဲ့ ပြဿနာကို ဒေသတခုတည်းကပဲ ဖြေရှင်းလို့ မနိုင်ပါဘူး။ မူးယစ်ဆေး အမြောက်အမြားဟာ အပြင်ကပဲ ယူလာတာ ဖြစ်ပါတယ်။ ဒါပေမယ့် လူတွေက ဆက်ပြီးတော့ ဝ ဒေသကို စွပ်စွဲအသရေဖျက်နေကြပါတယ်။ ဒါဟာ မတရားပါဘူး” လို့ ပြောပါတယ်။
ဝ ဒေသမှာ မူးယစ်ဆေးဝါး ပြဿနာတွေဟာ ရှိနေဆဲဖြစ်ပြီး အုပ်ချုပ်ရေး တာဝန်ရှိသူတွေဘက်က သူတို့ပေါ်မှာ နှစ်ပေါင်းများစွာ ဝန်ဆောင်မှုပေးဖို့ ပျက်ကွက်ခဲ့တာကြောင့် ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီဒေသကထွက်နေတဲ့ မူးယစ်ဆေးဝါးတွေက အိမ်နီးချင်းနိုင်ငံတွေဘက်ကို ဝင်ရောက်မှုရှိနေတဲ့ သတင်းတွေကလည်း မကြာခဏ ထွက်ပေါ်နေတာပါ။