DVB Logo
Home
မြန်မာသတင်း
ထိုင်းနယ်စပ်ဒုက္ခသည်အချို့ အစိုးရအစီအစဉ်ဖြင့် ပြည်တွင်းပြန်တော့မည်
DVB
·
October 12, 2016
ထိုင်းနယ်စပ်ဒုက္ခသည်အချို့ အစိုးရအစီအစဉ်ဖြင့် ပြည်တွင်းပြန်တော့မည်
Donate to DVB

ပြည်တွင်းစစ်ကြောင့် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းမှာ နှစ်ပေါင်းများစွာ ခိုလှုံနေကြရတဲ့ ဒုက္ခသည်တွေထဲက ပထမဆုံးအသုတ်အဖြစ် အယောက် ၉၀ လောက်  မြန်မာပြည်တွင်းကို အစိုးရရဲ့ အစီအစဉ်နဲ့ တရားဝင်ပြန်ဝင်ဖို့ ရှိနေပါတယ်။

နို့ဖိုးဒုက္ခသည်စခန်းကနေ ပြည်တွင်းပြန်ဝင်ဖို့ ဒုက္ခသည် ၉၀ လောက်  စာရင်းပေးသွင်းထားတယ်လို့ စခန်းကော်မတီ ဥက္ကဋ္ဌ စောကယ်ဝေါ်က ပြောပါတယ်။

“နို့ဖိုးဒုက္ခသည်စခန်းမှာ ပြန်မယ့်သူက အစောပိုင်းက ၁၈၃ ယောက် စာရင်းပေးသွင်းထားတာ ရှိတယ်။ နောက်ပိုင်း အစိုးရပိုင်းက လာမေးတော့ အားလုံး ၉၀ ကျန်တယ်။ အဲဒီအယောက် ၉၀ ကတော့ မြန်မာပြည်ပြန်ဖို့ ဆုံးဖြတ်ကြတယ်။ မြန်မာအစိုးရဘက်ကလာပြီး မေးမြန်းသွားတဲ့ သူတွေကတော့ သူတို့ကတော့ မြန်မာအစိုးရကို ပြန်တင်ပြပြီးမှ စီစဉ်ဆောင်ရွက်မယ်။ ပြီးမှ ပြန်မယ့်ရက်တွေ စီစဉ်အသိပေးမယ် ပြောထားတယ်။”

ပြန်ဖို့ဆုံးဖြတ်ထားသူတွေဟာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (ယူအန်အိတ်ခ်ျစီအာ) နဲ့ ချိတ်ဆက်အသိပေးရမှာဖြစ်ပြီး ထိုင်းနဲ့ မြန်မာနိုင်ငံအတွင်းက နှစ်ဘက် ယူအန်အိတ်ခ်ျစီအာအဖွဲ့တွေ ချိတ်ဆက်စီစဉ်ရမှာ ဖြစ်ပါတယ်။

ကရင်ပြည်နယ် မြ၀တီမြို့ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြစန္ဒာဝင်းကတော့ ဒုက္ခသည်တွေ ပြန်လာနေဖို့ အခုလ ၁၅ ရက်နေ့ အပြီး နေရာစီစဉ်ထားပေးဖို့ နေပြည်တော်က ညွှန်ကြားထားတယ်လို့ ပြောပါတယ်။

“ပြင်ဆင်ထားဖို့ ကျမတို့ကို နေပြည်တော်က တယ်လီဖုန်းနဲ့ ညွှန်ကြားထားပါတယ်။ ဘယ်နေ့လာမယ်ဆိုတာကိုတော့ မပြောထားသေးဘူး။ ကျမတို့ ပြန်လည်ကြိုဆို လက်ခံရေးစခန်းမှာ ခဏနေရာချပေးဖို့ အဲဒါလေးကို ပြင်ဆင်ခိုင်းထားတာပါ။”

ပြန်လည်ကြိုဆိုလက်ခံရေးစခန်းကတော့ မြ၀တီမြို့ အမှတ် ၃ ရပ်ကွက်ရှိ ကျောက်လုံးကြီး ယာယီစခန်းမှာ ပြင်ဆင်ထားပြီး ဒီယာယီစခန်းပြီးတဲ့နောက်ပိုင်း ဘယ်ကို ဆက်လက်သွားရမယ် ဆိုတာကိုတော့ စီစဉ်ထားတာ မရှိသေးပါဘူး။

ထိုင်းနိုင်ငံ မဲ့စရီးယန်းမြို့ ကရင်ဒုက္ခသည်ကော်မတီ ညှိနှိုင်းဆောင်ရွက်ရေးမှူး ဦးစောတူးတူးကတော့ ဒုက္ခသည်တွေအနေနဲ့ မိမိနေရပ်ပြန်မယ်ဆိုရင်တော့ စခန်းကော်မတီ၊ ယူအန်အိတ်ခ်ျစီအာကို အကြောင်းကြားရမှာဖြစ်ပြီး ဒီအဖွဲ့တွေကနေတဆင့် ထိုင်းအာဏာပိုင်၊ မြန်မာအာဏာပိုင်တွေနဲ့ ချိတ်ဆက်စီစဉ်ရမှာ ဖြစ်ပါတယ်။

အကြောင်းကြားပြီး ပြန်သွားသူတွေကိုတော့ ယူအန်ကနေ ပြန်လည်ထူထောင်ရေး အကူအညီတွေ ရရှိမှာဖြစ်ပြီး အကြောင်းမကြားဘဲ ပြန်သွားသူတွေကတော့ အကူအညီရမှာ မဟုတ်ဘူးလို့  ဦးစောတူးတူးက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လတုန်းကလည်း ထိုင်း-မြန်မာနယ်စပ် မယ်ရာမို ဒုက္ခသည်စခန်းက ဒုက္ခသည် ၆၉ ဦးဟာ ပြည်တွင်းမှာ ပြန်လည်အခြေချဖို့ ပြန်သွားခဲ့ပါတယ်။ သူတို့တွေကတော့ နီးစပ်ရာ ဆွေမျိုးတွေဆီမှာ ပြန်လည်ခိုလှုံခဲ့ရတယ်လို့ သိရပါတယ်။

ယူအန်ဘက်ကတော့ ထိုင်းနိုင်ငံမှာ ခိုလှုံနေတဲ့ မြန်မာဒုက္ခသည်တွေ နေရပ်ပြန်ရေးနဲ့ ပတ်သက်ပြီး ဒုက္ခသည်တွေ ဘေးကင်းလုံခြုံစွာနဲ့ ဆန္ဒအလျောက် ပြန်လည်ရောက်ရှိနိုင်ရေးအတွက် ကောင်းမွန်ပြည့်စုံတဲ့ အခြေအနေရောက်ချိန်မှာ လိုအပ်တဲ့ ကူညီစောင့်ရှောက်မှုတွေ ပေးအပ်နိုင်ဖို့ ပြင်ဆင်ထားတယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကစ မြန်မာပြည်တွင်း နိုင်ငံရေးမတည်ငြိမ်မှု၊ အစိုးရတပ်ရဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေအပေါ် ဖြတ် ၄ ဖြတ် စစ်ဆင်ရေးတွေကြောင့် မြန်မာပြည်သူ သိန်းနဲ့ချီ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေဆီမှာ ခိုလှုံနေခဲ့ကြရတာပါ။

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ ကန်ကျနပူရီ၊ ရာ့ခ်ျပူရီနဲ့ မယ်ဟောင်ဆောင်ခရိုင်တွေမှာ ဒုက္ခသည်စခန်း စုစုပေါင်း ၉ ခုရှိကာ လူပေါင်းတသိန်းကျော် ခိုလှုံနေကြဆဲဖြစ်ပြီး တချို့က တတိယနိုင်ငံတွေကို မိသားစုလိုက် ထွက်ခွာသွားခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013