ရန်ကုန်မြို့ပြဖွံ့ဖြိုးမှု မဟာဗျူဟာစီမံကိန်းတွင် မြို့စွန်များကိုပါ ထည့်သွင်းလျာထား

ရန်ကုန်မြို့ဟာ လူနေသိပ်သည်းမှုများတဲ့အတွက် အသစ်ပြင်ဆင်ရေးဆွဲနေတဲ့ ရန်ကုန်မြို့ပြဖွံ့ဖြိုးမှု မဟာဗျူဟာစီမံကိန်းမှာ မြို့စွန်တွေကိုပါ ထည့်သွင်းလျာထားတယ်လို့ စီမံကိန်းရေးဆွဲရေး ညွှန်ကြားရေးမှူးက ပြောပါတယ်။
ရန်ကုန်မြို့လယ်က စီးပွားရေးအခွင့်အလမ်းတွေ များပြားတဲ့အတွက် ရန်ကုန်မြို့လယ်မှာ လူဦးရေသိပ်သည်းမှု များနေတာကြောင့် အခု အသစ်ပြန်လည်ရေးဆွဲနေတဲ့ စီမံကိန်းထဲမှာ မိမိတို့ပတ်ဝန်းကျင် အနီးအနားမှာပဲ စီးပွားရေးအခွင့်အလမ်းတွေ ရရှိအောင် ပြုလုပ်ပေးထားတယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းရေးဆွဲရေး မြေစီမံခန့်ခွဲမှုဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာတိုးအောင်က ပြောပါတယ်။
“အိမ်ရာစီမံကိန်းကတော့ ခုနက ကျနော်ပြောသလို အိမ်ချည်းပဲသက်သက်လုပ်ဖို့ မဟုတ်ဘူး။ အလုပ်အကိုင် အခွင့်အလမ်းတွေပါ ဖန်တီးပေးမှ ဖြစ်မယ်။ အဲဒီနေရာမှာ ကျနော်တို့ လူဦးရေကို မျှတစွာနဲ့၊ လူတွေကလည်း ကိုယ်နေတဲ့အနားမှာပဲ၊ ကိုယ်နေတဲ့ပတ်ဝန်းကျင်မှာ ကိုယ်အလုပ်လုပ်နိုင်တယ်ဆိုရင် သူ့အတွက် အချိန်ကုန်သက်သာသွားစေတယ်။ အလုပ်ကို ပိုပြီးတော့ လုပ်နိုင်သလို ပိုပြီးတော့လည်း သူတို့အတွက် ဝင်ငွေပိုပြီးတော့ အဆင်ပြေလာမယ်။ အခုခက်ခဲနေတာက ကျနော်တို့ ရုံးဝန်ထမ်းကအစ ကိုယ့်အိမ်၊ အလုပ်နေရာနဲ့ အိမ်နဲ့ သွားရေးလာရေး အချိန်တွေပေးနေရတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာပဲ ကိုယ် အလုပ်လုပ်နိုင်တယ်ဆိုရင် အဲဒီအတွက်ကို အချိန်ရော ငွေရော အများကြီး ပိုသက်သာတယ်။ စီးပွားရေးတွေလည်း ကောင်းမွန်လာမယ်။”
လက်ရှိ ရန်ကုန်မြို့အနေအထားနဲ့ လမ်းတွေ၊ အခြေခံအဆောက်အဦတွေ ထပ်ချဲ့ဖို့အတွက် မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။
ရန်ကုန်မြို့လယ်ဟာ လမ်းဘေးအထိ အကုန်တည်ဆောက်ပြီးသား ဖြစ်တာကြောင့် သိပ်သည်းဆကို ထပ်တင်လိုက်တာနဲ့ ကားအစီးရေတွေ ဒီထက်ပိုတိုးလာပြီး လူမှုရေး၊ စီးပွားရေးပြဿနာတွေလည်း အများကြီး ဖြစ်လာနိုင်တယ်လို့ သုံးသပ်ပြောကြားပါတယ်။
“ရန်ကုန်မြို့ရဲ့ လက်ရှိအနေအထားအရ လမ်းတွေ ထပ်ချဲ့နိုင်ခြင်းမရှိတဲ့အခါကျတော့ ကျနော်တို့ သိပ်သည်းမှုကို တင်လိုက်တာနဲ့ ကားအစီးရေ ပိုများလာမယ်။ အဲဒီကားတွေ ထားစရာနေရာ မရှိတော့ဘူး။ အဲဒီအဆောက်အဦမှာ ကားပါကင်ထားတယ်ဆိုရင်တော့ လမ်းပေါ်ကျပ်နေတဲ့အတွက် အဲဒီအဆောက်အဦက ထွက်လာမယ့် ကားတွေက အဲဒီမှာတင် အဝင်အထွက် မလုပ်နိုင်တော့ဘူး။ ကျနော်တို့ အထပ်မြင့်တွေ တင်တာနဲ့အမျှ ယာဉ်ကြော၊ လူတွေက လှုပ်လို့မရဘူး ဖြစ်လာတယ်။ အဲဒီတော့ ဘာဖြစ်မလဲဆိုတော့ ကျန်တဲ့ လူမှုရေးပြဿနာတွေ၊ နေထိုင်မကောင်းလို့ အသည်းအသန်ဖြစ်လို့ ဆေးရုံ ဆေးခန်း သွားဖို့ ပြဿနာတွေ ဒါတွေကအစ အများကြီးပြဿနာဖြစ်လာမယ်။ နောက်ပြီးတော့ စီးပွားရေးတွေကအစ အများကြီး ထိခိုက်လာမယ်” လို့လည်း သူက ဆက်ပြောပါတယ်။
အခု ပြန်လည်ရေးဆွဲနေတဲ့ စီမံကိန်းမှာတော့ အရှေ့မြောက်ဘက် သန်လျင်၊ ကြည့်မြင်တိုင်တဘက်ကမ်း၊ ဒလ၊ ထန်းတပင်၊ မှော်ဘီ၊ လှည်းကူး စတဲ့နေရာတွေမှာ မြို့သစ်စီမံကိန်းတွေလုပ်ဖို့ စီမံကိန်းတွေ လျာထားပြီး ဖြစ်ပါတယ်။
ဒါ့အပြင် ဆိပ်ကမ်းနယ်မြေတွေကိုလည်း အဆင့်ဆင့်ဖော်ထုတ်သွားမှာဖြစ်ပြီး ပင်လယ်ထွက်ပေါက်ဒေသတွေအဖြစ် ကွမ်းခြံကုန်း၊ ကော့မှူးဒေသတွေကို အခြေပြုကာ ရေးဆွဲသွားမှာ ဖြစ်ပါတယ်။
၂၀၁၃ က ရေးဆွဲခဲ့တဲ့ ရန်ကုန်မြို့ပြဖွံ့ဖြိုးမှု မဟာဗျူဟာစီမံကိန်းဟာ ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီနဲ့ ပူးပေါင်းကာ ၃ လကြာ ရေးဆွဲခဲ့တဲ့ စီမံကိန်းတခုလည်း ဖြစ်ပါတယ်။
အဲဒီစီမံကိန်းကို ၂၀၅၀ ခုနှစ်အတွင်း အပြီးတည်ဆောက်သွားဖို့ လျာထားပြီး ဖြစ်ပါတယ်။











