DVB Logo
Home
မြန်မာသတင်း
ဥပဒေစိုးမိုးတည်ငြိမ်ရေး အမြန်မလုပ်လျှင် ဆိုးဝါးသည့်အခြေအနေနှင့် ရင်ဆိုင်ရမည်ဟု ရခိုင်အမတ်များ သတိပေး
DVB
·
October 11, 2016
ဥပဒေစိုးမိုးတည်ငြိမ်ရေး အမြန်မလုပ်လျှင် ဆိုးဝါးသည့်အခြေအနေနှင့် ရင်ဆိုင်ရမည်ဟု ရခိုင်အမတ်များ သတိပေး
Donate to DVB

ရခိုင်ပြည်နယ် မောင်တောဒေသမှာ နယ်ခြားစောင့် ကင်းစခန်းတွေ စီးနင်းခံရလို့ ရဲဝန်ထမ်း ၉ ဦး သေဆုံးသွားခဲ့ပြီးနောက် တရားဥပဒေစိုးမိုးရေးနဲ့ ဒေသတည်ငြိမ်အောင် အမြန်ဆုံးလုပ်ပေးဖို့ မောင်တောနဲ့ ဘူးသီးတောင် လွှတ်တော်အမတ်တွေက တောင်းဆိုလိုက်ပါတယ်။

ဒေသခံပြည်သူတွေအနေနဲ့ အလွန်စိုးရိမ်ထိတ်လန့်နေကြပြီး ပြည်ထောင်စုအစိုးရက အမြန်ဆုံး အရေးယူ မလုပ်ဆောင်ရင် ပိုမိုဆိုးဝါးတဲ့ အခြေအနေနဲ့ ရင်ဆိုင်ရမယ်လို့ ဘူးသီးတောင်မဲဆန္ဒနယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ဒီဗွီဘီကို ပြောပါတယ်။

“ဒီမှာရှိနေတဲ့ လူနည်းစု ဒေသခံတွေနဲ့ နယ်ဘက်မှာရှိနေတဲ့ ရွာတွေမှာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပါတယ်။ ဘာကြောင့်လဲဆိုတော့ ရခိုင်ပြည်နယ်မှာရှိတဲ့ နယ်ခြားစောင့်တပ်ကို အကြမ်းဖက် ဘင်္ဂါလီတွေက ဓားတုတ်လက်နက်ဝင်စီးနင်းပြီး သတ်ဖြတ်လိုက်ပါတယ်။ ဒီဌာနတွေကို ဝင်စီးနင်းတိုက်ခိုက်တယ်ဆိုတော့ ကျနော်တို့ ဒေသခံ လူနည်းစု ရခိုင်ပြည်သူတွေကို သတ်ဖြတ်လာဖို့ဆိုတာ သူတို့ဝန်မလေးတော့ဘူး။ ဒါကြောင့် တနေ့နေ့ တချိန်ချိန်မှာ ထပ်မံလို့ လုပ်ကြံမယ်ဆိုတာ တယောာက်မှ မပြောနိုင်ဘူး။ ဒီနေ့အချိန်မှာ လုံခြုံမှုကိုမပေးတဲ့ အခြေအနေမှာ ရှိနေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ အလွန်တရာမှ စိုးရိမ်ထိတ်လန့်ကြနေတယ်။ ဒါကို ပြည်ထောင်စုအစိုးရအနေနဲ့ ပေါ့ပေါ့ပျက်ပျက် လုပ်နေမယ်ဆိုရင် ဒီထက်ဆိုးဝါးတဲ့ အခြေအနေနဲ့ ကျနော်တို့ ဒေသခံလူတွေ ခံရမယ်။”

ဒါ့အပြင် အခုလို အကြမ်းဖက်တိုက်ခိုက်မှုဟာ ရခိုင်ပြည်နယ် အသက်အိုးအိမ်တွေကို ခြိမ်းခြောက်တဲ့အပြင် မြန်မာနိုင်ငံ အချုပ်အခြာအာဏာကို ထိပါးစော်ကားလိုက်တာကြောင့် ဘယ်သူဘယ်ဘယ်ဝါတွေက တိုက်ခိုက်တယ်ဆိုတာ အစိုးရက တရားဝင်ထုတ်ပြန်ပေးဖို့ လိုတယ်လို့ ပြောပါတယ်။

အခုလိုတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် မောင်တော်ဒေသက ရခိုင်လူမျိုးတွေက နေရပ်စွန့်ခွာသွားတဲ့သူတွေ ရှိလာနေတယ်လို့ မောင်တောမဲဆန္ဒနယ်အမှတ် ၁ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းလှစိန်က ဒီဗွီဘီကို ပြောပါတယ်။

“လက်နက်ရှိတဲ့ တပ်မတော်တခုကို အခုလို ဘင်္ဂါလီတွေဘက်က အကြမ်းဖက်မှု လုပ်လာတယ်ဆိုတာ လက်နက်မဲ့ပြည်သူတွေကို လုပ်လာဖို့ဆိုတာ လွယ်လွယ်လေးပါ။ အခုတိုက်ခိုက်ခံရတော့ ဒေသခံပြည်သူတွေကလည်း စိတ်ပိုင်းဆိုင်ရာ တော်တော်လေးကို ကျဆင်းနေကြတယ်။ နေအိမ်တွေ စွန့်ခွာပြီးတော့ သွားတဲ့သူက သွားနေကြတယ်။ သူတို့တွေ ဒီနေရာကို တနေ့နေ့တချိန်ချိန် ရအောင်ယူဖို့ဆိုပြီး စီမံချက်ဆွဲနေတာ။ ဌာနဆိုင်ရာက လူတွေက အကုန်သိတယ်။ ဒေသခံလူတွေအားလုံး ယုံကြည်ထားတယ်။ အခုအချိန်မှာ အစိုးရချမှတ်ထားတဲ့ စည်းကမ်းတွေကိုလည်း သူတို့မလိုက်နာ၊ မူဝါဒကိုလည်း မလိုက်နာ၊ ပြည်ပအဖွဲ့အစည်းတွေအားကိုးနဲ့ အခုလိုလုပ်လာကြတယ်။ အခုနောက်ပိုင်း အချုပ်အခြာအာဏာကိုတောင် ထိပါးလာတဲ့ အခြေအနေထိကို ရောက်လာတယ်။ အခုလို အကြမ်းဖက်အဖွဲ့တွေကို အမြန်ဆုံး နှိမ်နင်းမောင်းထုတ်ပေးဖို့နဲ့ ဒေသတည်ငြိမ်အောင်လုပ်ပေးဖို့ လိုပါတယ်။"

မောင်တော နယ်ခြားစောင့်ကင်းစခန်းတွေနဲ့ ရဲဝန်ထမ်းတချို့ အကြမ်းဖက်ခံရပြီးနောက် လုံခြုံရေးအခြေအနေကြောင့် မောင်တောခရိုင်တခုလုံးရှိ စာသင်ကျောင်းပေါင်း ၂၀၀ နီးပါးကို ပိတ်ထားလိုက်ပြီး ကျောင်းဆရာ၊ ဆရာမတွေကိုလည်း နေရပ်တွေကို ပြန်ခိုင်းထားပါတယ်။

ရခိုင်ပြည်နယ် မောင်တောနဲ့ ရသေ့တောင်မြို့နယ်တွေမှာ အောက်တိုဘာ ၉ ရက်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် စီးနင်းတိုက်ခိုက်ခံရမှုမှာ ရဲတပ်ဖွဲ့ဝင် အရာရှိ ၁ ဦး အပါအ၀င် ၉ ဦး ကျဆုံးပြီး ၅ ဦး ဒဏ်ရာရကာ ပျောက်ဆုံးရဲတပ်သားတဦး အသက်ရှင်လျက် မနေ့က ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပါတယ်။

သတင်း၊ ဓာတ်ပုံ - ၀ဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013