DVB Logo
Home
မြန်မာသတင်း
ဝါရင့်နိုင်ငံရေးသမားကြီး နိုင်ငွေသိမ်း မွန်အမျိုးသားပါတီမှ ရာသက်ပန်နုတ်ထွက်မည်
DVB
·
October 11, 2016
ဝါရင့်နိုင်ငံရေးသမားကြီး နိုင်ငွေသိမ်း မွန်အမျိုးသားပါတီမှ ရာသက်ပန်နုတ်ထွက်မည်
Donate to DVB

အသက် ၉၃ နှစ်အရွယ်ရှိ ၀ါရင့်နိုင်ငံရေးသမားကြီး မွန်အမျိုးသားပါတီဥက္ကဋ္ဌ နိုင်ငွေသိမ်းဟာ ပါတီကနေ အနားယူခွင့်ပေးဖို့  ရာသက်ပန်နုတ်ထွက်လွှာ တင်သွင်းလိုက်ပါတယ်။

နိုင်ငွေသိမ်းဟာ နိုင်ငံရေးခံယူချက် ပြင်းထန်နေဆဲဖြစ်ပေမယ့် ဇရာဖိစီးတာကြောင့်ရော ပါတီတွင်းကိစ္စတွေမှာ အားမရတာကြောင့် နုတ်ထွက်စာတင်ခဲ့တယ်လို့ မွန်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး နိုင်လယီသမက ဒီဗွီဘီကို ပြောပါတယ်။

“သူ နုတ်ထွက်စာတင်ရတဲ့ အကြောင်းရင်းက တစ်အချက်က အသက်အရွယ်ပိုင်းက သိပ်ကြီးသွားတဲ့ အခါကျတော့ ပါတီလုပ်ငန်းကို သိပ်မထမ်းဆောင်နိုင်တော့ဘူး၊ နောက်တခုက ပါတီအပေါ် သူ့ရဲ့သုံးသပ်ချက်က ပါတီမှာ ဒီမိုကရေစီ ဗဟိုချုပ်ကိုင်မှုအပိုင်းတွေ လျော့ရဲနေတာ ရှိတယ်။ အချို့ ပါတီတာဝန်ရှိသူတွေက စုပေါင်းခေါင်းဆောင်မှုကို လိုက်နာတဲ့နေရာမှာ   အားနည်းတာရှိတယ်။ သူက ပါတီကို ကျစ်ကျစ်လျစ်လျစ် ခိုင်ခိုင်မာမာဖြစ်အောင် ပြုပြင်တည်ဆောက်ချင်တယ်။ သူ့ဆန္ဒအတိုင်း ဗဟိုအလုပ်အမှုဆောင်တွေက လုပ်နေတာ နှောင့်နှေးကြန့်ကြာတယ်လို့ သူထင်တယ်၊ စီအီးစီကို သူသိပ်အားမရဘူး၊ အဲဒါတွေကြောင့် နုတ်ထွက်တယ်လို့ ကျနော်မြင်ပါတယ်။”

နိုင်ငွေသိမ်းဟာ အဆိုပါနုတ်ထွက်စာကို ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းက တင်ခဲ့တာဖြစ်ပြီး ပါတီအနေနဲ့ လက်ခံမယ်၊ လက်မခံဘူး ဆိုတာကိုတော့ မကြာခင်ကျင်းပမယ့် ပါတီဗဟိုကော်မတီဝင် အစည်းအဝေးမှာ ဆုံးဖြတ်သွားဖို့ ရှိနေပါတယ်။

နိုင်ငွေသိမ်းဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးမရခင် ၁၉၄၅-၁၉၅၈ က မွန်ပြည်သူ့တပ်ဦးအဖွဲ့မှာ ပါဝင်လှုပ်ရှားပြီး ၁၉၅၈ မွန်ပြည်သူ့တပ်ဦး အစိုးရနဲ့ ငြိမ်းချမ်းရေးယူတဲ့အခါမှာ ဗဟိုအလုပ်အမှုဆောင် ဖြစ်လာပါတယ်။

၁၉၆၂ ဗိုလ်ချုပ်နေ၀င်း အာဏာသိမ်းစဉ်က ဖမ်းဆီးထောင်ချခံခဲ့ရဖူးပါတယ်။ ၁၉၈၈ မြန်မာတပြည်လုံး လူထုအုံကြွမှုအပြီး နိုင်ထွန်းသိန်းနဲ့အတူ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထူထောင်ကာ ဒု-ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပါတယ်။

၁၉၉၀ ရွေးကောက်ပွဲမှာ ၀င်ပြိုင်အနိုင်ရခဲ့ပေမယ့် ပါတီဖျက်သိမ်းခံခဲ့ရပြီး စစ်အစိုးရခေတ် တလျှောက်လုံး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့အတူ မဟာမိတ်အဖြစ် ဒီမိုကရေစီဘက်က ရပ်တည် တိုက်ပွဲဝင်ခဲ့ပါတယ်။

၂၀၀၈ အခြေခံဥပဒေကို လက်မခံတာကြောင့် ၂၀၁၀ ရွေးကောက်ပွဲမှာလည်း ၀င်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း မရှိပါဘူး။

၂၀၁၂ မှာ မွန်ဒီမိုကရေစီပါတီကို မှတ်ပုံပြန်တင်ခဲ့ပြီးနောက် သံဃာနဲ့ ပြည်သူတွေ တောင်းဆိုနေတဲ့ မွန်ပါတီ ၂ ခုကို တပါတီတည်းအဖြစ် ပူးပေါင်းဖို့ တိုက်တွန်းချက်အရ ၂၀၁၄ မှာ မွန်အမျိုးသားပါတီအဖြစ် အမည်ပြောင်းခဲ့ရာမှာ ဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေးကောက်တင်မြှောက်ခံခဲ့ရပါတယ်။

နိုင်ငွေသိမ်းအနေနဲ့ ပါတီကနုတ်ထွက်ဖို့ အရင်ကလည်း အကြိမ်ကြိမ်ကြိုးစားခဲ့ဖူးပေမယ့် ပါတီဝင်တွေက ပါတီကို ထိန်းသိမ်းပေးဖို့ တိုက်တွန်းနေခဲ့တာကြောင့် ဆက်လက်တာဝန်ထမ်းဆောင်နေရတာလို့ သူ့ရဲ့ နုတ်ထွက်စာမှာ ရေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013