
ဒီမိုကရေစီအစိုးရသစ်လက်ထက်မှာ ဥပဒေဝန်ထမ်းအားလုံး ပြည်သူ့မျက်နှာကို ကြည့်ကြဖို့ အငြိမ်းစား ဥပဒေအရာရှိကြီးတွေက တိုက်တွန်းလိုက်ပါတယ်။
အရင်အစိုးရအဆက်ဆက်မှာ တရားစီရင်ရေးမဏ္ဍိုင်ကို အုပ်ချုပ်ရေးမဏ္ဍိုင်က လွှမ်းမိုးခဲ့တဲ့အတွက် ဥပဒေအရာရှိတွေအနေနဲ့ ပြည်သူနဲ့ အစိုးရကြားမှာ ခက်ခက်ခဲခဲ ရပ်တည်ခဲ့ကြရပါတယ်။
အခုအချိန်မှာတော့ ဒီမိုကရေစီအစိုးရ တက်လာပြီ ဖြစ်တဲ့အတွက် အစိုးရ ဥပဒေအရာရှိတွေ၊ ဝန်ထမ်းတွေအားလုံးဟာ ပြည်သူ့မျက်နှာကိုသာ ကြည့်ဖို့အချိန် ဖြစ်လာပြီလို့ အငြိမ်းစား ဥပဒေအရာရှိကြီးတွေက အောက်တိုဘာ ၉ ရက်နေ့က ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ သက်ကြီး အငြိမ်းစားဥပဒေအရာရှိကြီးများ ကန်တော့ပွဲအပြီးမှာ ပြောဆိုလိုက်တာပါ။
ရှေ့နေချုပ်ရုံး အငြိမ်းစားဒု-ညွှန်မှူး ဦးခင်မောင်မြင့်က “ဒီနေ့ ဝန်ထမ်းတွေ အပါအဝင် အငြိမ်းစားတွေလည်း ပါတာပေါ့လေ။ စားနေတဲ့ ထမင်းရှင်တွေက ဘယ်သူတွေလဲ။ နိုင်ငံသူ နိုင်ငံသားတွေ၊ ပြည်သူပြည်သားတွေ။ နောက် ပြည်သူပြည်သားတွေရဲ့အကျိုးကို တတ်စွမ်းနိုင်သမျှ မစွမ်းဆောင်နိုင်တာတော့ မပြောလိုပါဘူး။ တတ်စွမ်းနိုင်သမျှ စွမ်းဆောင်ရမယ့်အပြင် တိုင်းပြည်ရဲ့အကျိုး တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နိုင်ကြပါစေ၊ ထမ်းဆောင်ကြပါလို့ အကြံပြုချင်ပါတယ်” လို့ ပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ သက်တမ်း ၆ လ ကျော်လာပြီးတဲ့နောက် တရားစီရင်ရေးမဏ္ဍိုင်ရဲ့ ရပ်တည်မှုဟာ အရင်အစိုးရတွေ လက်ထက်ကထက် အခြေအနေ ပိုကောင်းလာတယ်လို့ အငြိမ်းစားဥပဒေအရာရှိတဦးက သုံးသပ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဥပဒေချုပ် ဦးဟန်ထူးက “ကောင်းလာပါတယ်။











