DVB Logo
Home
မေးမြန်းခန်း
ဒီကေဘီအေ နဲ့ အစိုးရ အပစ်ရပ်ရေး ဆွေးနွေး
DVB
·
October 30, 2011
ဒီကေဘီအေ နဲ့ အစိုးရ အပစ်ရပ်ရေး ဆွေးနွေး
1 / 2
Donate to DVB

ဒီကေဘီအေနဲ့ အစိုးရအကြား အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်လို့ အလွတ်သဘော ပဏာမ ဆွေးနွေးပွဲကို ကရင်ပြည်နယ်ဝန်ကြီးရုံးမှာ အောက်တိုဘာ ၂၆ ရက်က ပြုလုပ်ခဲ့ပါတယ်။

ဒီကေဘီအေဘက်က ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်မိုရှေးက ဦးဆောင်ပြီး အစိုးရဘက်က​ တိုင်းရင်းသားရေးရာနှင့်​ ပြည်တွင်း ငြိမ်းချမ်းရေး​ဖော်ဆောင်မှု ကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော်နဲ့ လက်ရှိအာဏာရကြံ့ခိုင်ရေးပါတီ အတွင်းရေးမှူး (၁) ဦးအောင်သောင်းတို့ ဦးဆောင်ပါဝင်ပါတယ်။

ဒီဆွေးနွေးပွဲအပြီးမှာ နှစ်ဖက် ပစ်ခတ်မှု မဖြစ်အောင် ထိန်းသိမ်းနေကြပြီး နောက်ထပ်လည်း ဆွေးနွေးပွဲတွေ ထပ်လုပ်ကြဦးမယ်လို့ ပြောပါတယ်။ ဒီကေဘီအေ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်မိုရှေးကို ကိုအေးနိုင်က မေးမြန်းထားပါတယ်။

ဗိုလ်မှူးကြီး မိုရှေးတို့ ပြီးခဲ့တဲ့ရက်ပိုင်းက ဦးအောင်သောင်းနဲ့ တွေ့တယ်လို့ သိရပါတယ်ဗျာ။ အဲဒီအခြေအနေလေး နည်းနည်း ပြောပြပါလား။

“ဦးအောင်သောင်းရယ်၊ ဦးသိန်းဇော်ရယ်၊ အပစ်ရပ်ရေးကို အလွတ်သဘော ဆွေးနွေးတာပါ။”

ပဏာမ ဆွေးနွေးပွဲလို့ ပြောလို့ရတာပေါ့နော်။

“ပဏာမ ဆွေးနွေးပွဲပါ။ နှစ်ဖက် သဘောတူ စာချုပ်စာတမ်းတော့ မရှိသေးပါဘူး။ အပစ်ရပ်ရေးကို တခုတည်းကို ကြိုတင် ဆွေးနွေးတာပါ။ ကျန်တဲ့ အကန့်တွေ မပါသေးပါဘူး။”

ဘယ်သူတွေ ပါသေးလဲဗျ။

“ကျနော်ရယ်။ ဗိုလ်မှူး စိန်ဝင်းရယ် ပါပါတယ်။”

အစိုးရဘက်ကရော။

“အစိုးရဘက်က ၀န်ကြီး ဦးအောင်သောင်းပါတယ်။ ဦးသိန်းဇော်ပါတယ်။ ဦးမောင်မောင်သိန်း ပါတယ်။”

အဲဒီပုဂ္ဂိုလ်သုံးဦးက ကျနော်တို့ သိရသလောက်ဆိုရင် သမ္မတ ဦးသိန်းစိန်ဖွဲ့တဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ မဟုတ်လားဗျ။

“ဟုတ်ပါတယ်။”

အရင်တုန်းက ပြည်နယ်အဆင့်အလိုက် ဆွေးနွေးမယ် ပြောပြီး ဒီကေဘီအေကျတော့ ဗဟိုအဆင့်နဲ့ တိုက်ရိုက်လာဆွေးနွေးတဲ့ သဘောလားဗျာ။

“ဟုတ်ပါတယ်။ ဟုတ်ပါတယ်။”

ကျနော်တို့ အပြင်ကနေ ကြိုတင်ပြီး ကြားတာက ပဏာမ ဗဟိုအားဖြင့် သဘောတူတာ သုံးချက်ရှိတယ်လို့ ကြားသိရတယ်။ အဲဒါနည်းနည်း ပြောပြပါလားခင်ဗျ။

“ဟုတ်ကဲ့။ နံပတ်တစ်က အပစ်ရပ်ရေး၊ နံပတ်နှစ်က ဆက်ဆံရေးရုံးတွေ ဖွင့်လှစ်ရေး၊ နံပတ်သုံးအချက်က အသွားအလာ လုပ်တဲ့နေရာမှာတဖွဲ့နဲ့ တဖွဲ့ အကြောင်းကြားပြီးတော့ ကူးသန်းသွားလာဖို့ပါ။ တပ်နေရာ ချထားရေးတို့ဆိုတာက နောက်တဆင့်သွားမယ်။”

အခု ဒီကေဘီအေဘက်ကနေပြီး အစိုးရဘက်က ပုဂ္ဂိုလ်တွေနဲ့ တွေ့ပြီးတော့ ပဏာမ သဘောတူညီချက်တွေက ဘယ်နေ့က စပြီး အကျုံးဝင်ပြီး သက်ရောက်မှု ရှိပြီလဲခင်ဗျ။

“အခုဟာက ပဏာမ ဆွေးနွေးထားတယ်ဆိုတော့ နှစ်ဦးနှစ်ဖက်က ထိန်းထိန်းသိမ်းသိမ်း ရှိထားဖို့ပါပဲ။ အပြီးအစီး မဟုတ်သေးပါဘူးခင်ဗျ။”

ဆွေးနွေးတာက ကျနော်တို့သိတာက ၂၆ ရက်နေ့လို့ ကြားတယ်ဗျ။

“ဟုတ်တယ်။ ၂၆ ရက်နေ့က ပြည်နယ်ဝန်ကြီးရုံးမှာ တွေ့တာပါ။”

ဒီလိုမျိုးတွေ့ဆုံပွဲဆိုတော့ နောက်တကြိမ်တွေ့ဆုံဖို့ ထပ်ရှိသေးလားဗျ။

“ရှိပါတယ်။ ဆက်ပြီးတော့ အကောင်အထည် ဖော်သွားမှာပါ။ ဒါပေမယ့် အချိန်မရောက်သေးပါဘူး။”

ပြီးခဲ့တဲ့ သီတင်းအပတ်တုန်းက ဗိုလ်မှူးတို့ တိုက်ပွဲ ဖြစ်တဲ့အကြောင်း သတင်းမေးရင်းနဲ့ ကျနော်မေးကြည့်တော့ ကေအန်ယူနဲ့ ဗိုလ်မှူးတို့က အတူတူပဲဆိုတော့ အခု ဆွေးနွေးပွဲမှာ ကေအန်ယူက ပုဂ္ဂိုလ်တွေ ပါလားဗျာ။

“မပါသေးပါဘူး။ ကျနော်တို့ အချက် သုံးချက်ကို သွားပြီး ကြိုလုပ်ထားတာပါ။ ကျန်တဲ့ လွှတ်တော်မှာ စကားပြောမယ်ဟေ့ ဆိုတာမျိုးကျတော့ ကျနော် မိခင်(ကေအန်ယူ)အတွက်ကို ထားခဲ့ပေးတာပါ။”

ကေအန်ယူကလည်း အောက်တိုဘာ လဆန်းတုန်းက ရထားပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်းနဲ့လည်း တွေ့ဆုံတယ်လို့ ကြားတယ်။ အဲဒါရော ဒီကေဘီအေဘက်က ကြားပါသလားခင်ဗျ။

“ကြားပါတယ်။ ဘန်ကောက်မှာ တွေ့တယ်လို့ ကြားပါတယ်။”

ဗိုလ်မှူးမိုရှေးတို့ တွေ့ဆုံမှုက ယူအန်အက်ဖ်စီ (ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ)ရဲ့ သဘောထားတွေ့နဲ့ရော  ကိုက်ညီမှု ရှိပါသလားခင်ဗျာ။

“ယူအန်အက်ဖ်စီရဲ့ သဘောထားကျတော့ အဲဒီထဲမှာ ကျနော်တို့ ဒီကေဘီအေ မပါဘူး။ ကျနော်တို့က လွတ်နေတယ်။”

စစ်အစိုးရက အပစ်ရပ်ခဲ့တဲ့ တိုင်းရင်းသားအဖွဲ့တွေကို နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ် အသွင်ပြောင်းခိုင်းတာကြောင့် လက်မခံတဲ့ အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲမှု ပျက်ခဲ့ပါတယ်။

လက်ရှိ ပြန်ပစ်နေတဲ့အဖွဲ့ထဲမှာ မြန်မာပြည်မြောက်ဖျားပိုင်းက ကချင်လွတ်လပ်ရေးအဖွဲ့နဲ့ အစိုးရအကြား တိုက်ပွဲတွေက အပြင်းထန်ဆုံး ဖြစ်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013