
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ နော်ဝေနဲ့ အိန္ဒိယသံအမတ်ကြီးတွေကို ဒီကနေ့မနက်က တွေ့ဆုံခဲ့တယ်လို့ မြန်မာနိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။
မနေ့ကမှ တရားဝင် အသစ်ခန့်အပ်ခြင်းခံရတဲ့ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံ သံအမတ်ကြီး မစ္စတူနယ်တီးနပ်စ်နဲ့ ဒီကနေ့ နံနက် ၁၀ နာရီ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးရဲ့ ဧည့်ခန်းမမှာ တွေ့ဆုံတာ ဖြစ်ပါတယ်။
ဒါ့အပြင် အိန္ဒိယနိုင်ငံ သံအမတ်ကြီး မစ္စတာ ဗစ်ခရမ်မစ္ဆရီနဲ့လည်း နံနက် ၁၁ နာရီမှာ တွေ့ဆုံခဲ့ပြီး ဒီလိုတွေ့ဆုံရာမှာ ဘာတွေဆွေးနွေးခဲ့တယ်ဆိုတာကိုတော့ သတင်းမှာ အသေးစိတ် ဖော်ပြခြင်း မရှိပါဘူး။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် အောက်တိုဘာ ၁၅ ရက်နေ့ အိန္ဒိယနိုင်ငံမှာကျင်းပမယ့် ဘင်္ဂလားပင်လယ်အော်ဒေသ နည်းပညာနဲ့ စီးပွားရေး ဘက်စုံပူးပေါင်းဆောင်ရွက်မှု BIMSTEC နိုင်ငံများ ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ ရှိနေတာ ဖြစ်ပါတယ်။
ဓာတ်ပုံ - MOFA










