DVB Logo
Home
မြန်မာသတင်း
သက်ငယ်မုဒိမ်းမှုကာကွယ်ရေး နေပြည်တော်တွင် ဆွေးနွေး
DVB
·
October 11, 2016
သက်ငယ်မုဒိမ်းမှုကာကွယ်ရေး နေပြည်တော်တွင် ဆွေးနွေး
Donate to DVB

အမျိုးသမီးတွေ အကြမ်းဖက်ခံနေရမှုနဲ့ သက်ငယ်အဓမ္မပြုကျင့်ခံနေရမှုတွေ ကာကွယ်ရေး အပါအ၀င် ပြင်ဆင်ပြောင်းလဲဖို့ လိုအပ်တဲ့ ဥပဒေတွေနဲ့ ပတ်သက်ပြီး အရပ်ဘက် အဖွဲ့အစည်းတွေက နေပြည်တော် လွှတ်တော်ဝင်းထဲက ဥပဒေရေးရာဆောင်မှာ အောက်တိုဘာ ၁၀ ရက်နေ့က ဆွေးနွေးခဲ့ကြပါတယ်။

ဆွေးနွေးပွဲမှာပါဝင်တဲ့ ညီမျှခြင်း မြန်မာက အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းက "ဘယ်လိုဥပဒေသစ်တွေ လိုအပ်တယ်ဆိုတာ ကျနော်တို့ အဓိကထား ဆွေးနွေးပါတယ်။ သက်ငယ်မုဒိမ်း၊ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု၊ ခွဲခြားမှုကို ဆန့်ကျင်ရေး အဲ့ဒါတွေကို ကာကွယ်စောင့်ရှောက်ဖို့အတွက် လိုအပ်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းဖို့ကို ဆွေးနွေးခဲ့ကြပါတယ်" လို့ ပြောပါတယ်။

ဒီဆွေးနွေးမှုကို ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်း ၃၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။

ဒီဆွေးနွေးပွဲနဲ့ပတ်သက်ပြီး ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းက "ဆုံးဖြတ်ချက်ရယ်တော့ မရှိခဲ့ပါဘူး။ နိုင်ငံအတွက်လိုနေတဲ့ ဥပဒေတွေကို အကြံပြုကြတာပါ။ ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ဖို့အတွက် သူတို့ဘက်ကလည်း အကြံပြုကြတာ" လို့ ပြောပါတယ်။

ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့ အမှုဆောင်ဒါရိုက်တာ ဒေါ်ပန်စီထွန်းက "ဥပဒေနဲ့ပတ်သက်ပြီး ပြန်ပြီးတော့ သုံးသပ်တဲ့အခါမှာ ကျမတို့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ ရှိနေပါတယ်။ အကြံပြုချက်တွေ ဘာဆက်လုပ်ကြမလဲ ဆိုတာတွေကို ဆွေးနွေးခဲ့ကြတယ်။ ပြည်တွင်း အရပ်ဘက်အဖွဲ့အစည်းတွေ အနေနဲ့ ဥပဒေရှိပေမယ့် နည်းဥပဒေမရှိတာ၊ ဥပဒေနဲ့ နည်းဥပဒေ ကွဲလွဲနေတာတွေကြောင့် သူတို့ အခုလိုလုပ်တဲ့အခါ အခက်အခဲတွေရှိတယ်" လို့ ပြောပါတယ်။

အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ အကြံပြုဆွေးနွေးခဲ့တဲ့ ဥပဒေတွေထဲမှာ အိတ်ခ်ျအိုင်ဗွီနဲ့ ပတ်သက်တဲ့ ဥပဒေတွေ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုင်ရာ ဥပဒေ၊ မီဒီယာဥပဒေနဲ့ အလုပ်ရှင် အလုပ်သမား အငြင်းပွားမှုဆိုင်ရာ ဥပဒေတွေ အပါအ၀င် ဥပဒေပေါင်း ၂၀ လောက် ပါဝင်ပါတယ်။

ဒီဥပဒေ ၂၀ ကျော်ထဲက တချို့ဥပဒေတွေဟာ မကြာသေးခင်ကမှ ပြည်သူ့လွှတ်တော်မှာ ခေတ်ကာလနဲ့အညီ ပြင်ဆင်ပြောင်းလဲ ပြဋ္ဌာန်းဖို့ လိုအပ်တဲ့ ဥပဒေ ၅၀ ကျော် တင်ပြထားတဲ့အထဲ ပါဝင်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013