DVB Logo
Home
မြန်မာသတင်း
မြန်မာတပ်မတော် အန်စီအေစာချုပ် ချိုးဖောက်ဟု အာစီအက်စ်အက်စ် စွပ်စွဲ
DVB
·
October 11, 2016
မြန်မာတပ်မတော် အန်စီအေစာချုပ် ချိုးဖောက်ဟု အာစီအက်စ်အက်စ် စွပ်စွဲ
Donate to DVB

မြန်မာတပ်မတော်ဟာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု သဘောတူစာချုပ် (အန်စီအေ) ကို ချိုးဖောက်တယ်လို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ရှမ်းပြည်တပ်မတော်တောင်ပိုင်း  အာစီအက်စ်အက်စ်/အက်စ်အက်စ်အေအဖွဲ့က ပြောပါတယ်။

နိုင်ငံပိုင်သတင်းစာနဲ့ မြ၀တီသတင်းတွေမှာ အာစီအက်စ်အက်စ်က ဖမ်းထားတဲ့ ဒေသခံ ၂၅ ဦးကို တပ်မတော်က ကယ်တင်ပြီး အောက်တိုဘာ ၇ ရက်က သီပေါမြို့နယ် နန့်လန်ရွာမှာ ပြန်လွှဲပေးလိုက်တယ်လို့ ဖော်ပြခဲ့တာဟာ သူတို့အဖွဲ့ ဂုဏ်သိက္ခာကို ထိပါးစေတယ်လို့ အာစီအက်စ်အက်စ်/အက်စ်အက်စ်အေ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးကြီး စိုင်းငင်းက ပြောပါတယ်။

“တပ်မတော်ကဖမ်းသွားတဲ့လူတွေဟာ ကျနော်တို့ မူးယစ်ဆေးဖြတ်စခန်းကလူတွေ ဖြစ်ပါတယ်။ ဒါပေမယ့် နိုင်ငံပိုင်သတင်းစာနဲ့ တပ်မတော်ပိုင် မြ၀တီသတင်းတွေမှာတော့ ဆေးဖြတ်စခန်းဆိုတာကို ထိန်ချန်ပြီး ကျနော်တို့ဖမ်းထားတဲ့သူတွေကို သူတို့က သွားရောက်ကယ်တင်ပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ ရေးတယ်။ ဒီအချက်ဟာ ကျနော်တို့ အဖွဲ့အစည်းရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေပါတယ်။ အန်စီအေ သဘောတူချက် အခန်း ၃ အပိုဒ် ၅ (စ) အရ တဘက်နဲ့တဘက် ဂုဏ်သိက္ခာထိခိုက်စေတဲ့ မဟုတ်မမှန်သတင်းတွေကို  ပြည်တွင်းသတင်းမှာရော ပြည်ပသတင်းမှာပါ ဖော်ပြခြင်းမရှိရဘူးဆိုတဲ့အချက်ကို ချိုးဖောက်လိုက်တာဖြစ်တယ်။”

အာစီအက်စ်အက်စ်ဟာ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့်၊ တနိုင်ငံလုံးဆိုင်ရာ အဆင့်မှာ အပစ်ခတ်ရပ် လက်မှတ်ရေးထိုးထားတာဖြစ်ပြီး အဲဒီထဲက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးဆိုတဲ့ အချက်လည်း ပါဝင်တာကြောင့် မူးယစ်ဆေး ရောင်းဝယ်သူတွေကို ဖမ်းဆီးအပြစ်ပေးခြင်း၊ မူးယစ်စွဲသူတွေကို ဆေးဖြတ်ပေးခြင်း၊ ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးခြင်းတွေ လုပ်ပေမယ့် အစိုးရတပ်မတော်က သူတို့စခန်းကို လာရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆက်ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်ထောင်စုအပစ်ရပ်စောင့်ကြည့်ရေး ပူးတွဲကော်မတီကိုရော ပြည်နယ်အဆင့် အပစ်ရပ်စောင့်ကြည့်ရေးကော်မတီနဲ့ မြန်မာငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေး ဗဟိုဌာနဆီကိုပါ စာပေးပို့ဖို့ရှိတယ်လို့ ဗိုလ်မှူးကြီး စိုင်းငင်းက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013