DVB Logo
Home
မြန်မာသတင်း
လုံခြုံရေးကြောင့် မောင်တောခရိုင်တခုလုံး စာသင်ကျောင်းများ အရေးပေါ်ပိတ်
DVB
·
October 10, 2016
လုံခြုံရေးကြောင့် မောင်တောခရိုင်တခုလုံး စာသင်ကျောင်းများ အရေးပေါ်ပိတ်
Donate to DVB

ရခိုင်ပြည်နယ်တွင်း နယ်ခြားစောင့်ကင်းစခန်းတွေ စီးနင်းခံရလို့ ရဲဝန်ထမ်း ၉ ဦး သေဆုံးသွားခဲ့ပြီးနောက် လုံခြုံရေးအခြေအနေကြောင့် မောင်တောခရိုင်တခုလုံးရှိ စာသင်ကျောင်းတွေ ပိတ်ထားလိုက်ပါတယ်။

ဒီနေ့မနက်ပိုင်းက ပြည်နယ်ပညာရေးမှူးရဲ့ ညွှန်ကြားချက်နဲ့ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်ထဲက စာသင်ကျောင်းတွေကို အခုလို ပိတ်လိုက်တာဖြစ်ပြီး ကျောင်းတွေ ဘယ်တော့ပြန်ဖွင့်မလဲဆိုတာကို အတိအကျ မပြောနိုင်သေးဘူးလို့ ဘူးသီးတောင်ပညာရေးမှူး ဦးညွန့်ဖေက ဒီဗွီဘီကို ပြောပါတယ်။

“လုံခြုံရေးအခြေအနေအရ မောင်တောခရိုင်မှာရှိတဲ့ ကျောင်းတွေကို အကုန်ပိတ်လိုက်ပါပြီ။ ဒီနေ့မနက်ပိုင်းကပဲ ဆရာ၊ ဆရာမတွေကို ရေယာဉ် ၂ စီးနဲ့ နေအိမ်တွေကို အသီးသီး ပြန်ပို့လိုက်ပါတယ်။ ဘယ်တော့ပြန်ဖွင့်မလဲဆိုတာကို ကျနော်တို့ မပြောနိုင်သေးဘူး။ ပြည်နယ်ပညာရေးမှူး ညွန်ကြားချက်နဲ့ အာဏာပိုင်တွေရဲ့ ညွှန်ကြားချက်နဲ့ မောင်တောခရိုင်တွေမှာရှိတဲ့ ကျောင်းတွေကို အကုန်ပိတ်လိုက်တာပါ။”

မောင်တောနဲ့ ဘူးသီးတောင်ရဲ့ လက်ရှိအခြေအနေတွေကြောင့် ဆရာ ဆရာမ ၁၀၀ ကျော်ကို ပြန်ခွင့်ပြုလိုက်ပြီး ကျန်ရှိနေတဲ့ ကျေးရွာတချို့မှာ စာသင်ပြနေတဲ့ ဆရာတွေကို ဆက်သွယ်လို့ မရသေးတာကြောင့် ပြည်နယ်ပညာရေးမှူး ညွှန်ကြားချက်နဲ့ အဲ့ဒီကျောင်းတွေကိုလည်း ပိတ်ပေးဖို့ ညွှန်ကြားထားတယ်လို့ ပြောပါတယ်။

ဘူးသီးတောင် အထကကျောင်း အလယ်တန်းပြဆရာမ ဒေါ်အိချောခိုင်က “အရေးပေါ်နဲ့ ပညာရေးမှူးရုံးက ပြန်ခွင့်ပေးလိုက်တာပါ။ ဘယ်တော့လောက် ကျောင်းတွေပြန်ဖွင့်မလဲဆိုတာ မပြောလိုက်သေးဘူး။ ညွှန်ကြားချက်လာလိမ့်မယ်လို့တော့ ပြောပါတယ်။ အခုလို နယ်ခြားစောင့်တပ်က ရဲတွေ တိုက်ခိုက်ခံရတော့ စာပြနေတဲ့ ဆရာတွေအတွက် အများကြီး စိုးရိမ်မှုတွေ မြင့်တက်သွားတာပေါ့။ ကလေးတွေအနေနဲ့ စာမေးပွဲဖြေရဖို့ဟာတွေ ရှိတယ်။ သူတို့တွေ အကုန်နစ်နာတာပေါ့လေ။ ညီမတို့လည်း ဒီမှာ စာပြရတာ မလုံခြုံတော့ဘူး။ ၂၀၁၂ ကလို ဖြစ်သွားမှာကို ကြောက်ပါတယ်။”

လက်ရှိ လုံခြုံရေးအခြေအနေအရ မောင်တောခရိုင်မှာ ည ၇ နာရီက မနက် ၆ နာရီအတွင်း ညမထွက်ကြဖို့နဲ့ လူ ၅ ဦးထက်ပိုပြီး မစုကြဖို့ သက်ဆိုင်ရာက ထုတ်ြပန်ထားပါတယ်။

မာရှယ်လောထုတ်ထားတဲ့အတွက် ဒေသခံတွေ အိမ်ပြင်ထွက် မသွားမလာရဲကြလို့ လုပ်ကိုင်စားသောက်ရတာ အခက်အခဲဖြစ်နေတယ်လို့ မောင်တောမြို့ခံ ကိုဇော်မင်းထွန်းက ပြောပါတယ်။

“မာရှယ်လောထုတ်ထားတော့ မြို့ပေါ်မှာ လူတွေက မနက်ပိုင်းမှာဆိုရင် ခဏတဖြုတ်တော့ ထွက်တယ်။ ညနေပိုင်းမထွက်ဖို့ လုံခြုံရေးကင်းတွေ လှည့်နေတယ်ပေါ့။  လုပ်ကိုင်စားသောက်ရတာတော့ သိပ်အဆင်မပြေဘူးလေ။ မနက်ပိုင်း ခဏတဖြုတ်ထွက်ပြီး ရတာသွားယူလာတယ်။ ပြီးရင် ကိုယ့်အိမ်မှာကိုယ်ပဲ နေကြရတယ်ပေါ့။ နယ်မှာရော မြို့ပေါ်မှာလည်း အဲလိုဖြစ်နေတယ်။”

ရခိုင်ပြည်နယ် မောင်တောနဲ့ ရသေ့တောင်မြို့နယ်တွေမှာ အောက်တိုဘာ ၉ ရက်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်စီးနင်းတိုက်ခိုက်ခံရမှုမှာ ရဲတပ်ဖွဲ့ဝင် အရာရှိ ၁ ဦး အပါအ၀င် ၉ ဦး ကျဆုံးပြီး ၅ ဦး ဒဏ်ရာရကာ ၁ ဦး ပျောက်ဆုံးနေခဲ့တာပါ။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဇော်ဝင်းကတော့ လုံခြုံရေးနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်စရာတွေ မရှိစေဖို့ တပ်မတော်နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းဆောင်ရွက်သွားမယ်၊ ရဟတ်ယာဉ်တွေနဲ့ တပ်တွေ ရွှေ့ပြောင်းဆုတ်ခွာသွားနိုင်တဲ့ နေရာတွေကို ပိတ်ဆို့ရှင်းလင်း လုံခြုံရေး ပိုမိုတိုးမြှင့် စီစဉ်ဆောင်ရွက်နေတယ်လို့ မနေ့ညက နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

သတင်း - ၀ဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013