DVB Logo
Home
Lead Story
ကိုလံဘီယာ ပြည်သူတွေ ခေါင်းခါလိုက်တဲ့ ငြိမ်းချမ်းရေး အပေးအယူကိစ္စ
DVB
·
October 10, 2016
ကိုလံဘီယာ ပြည်သူတွေ ခေါင်းခါလိုက်တဲ့ ငြိမ်းချမ်းရေး အပေးအယူကိစ္စ
Donate to DVB

ကိုလံဘီယာပြည်သူလူထုကတော့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ (၂.၁၀.၂၀၁၆) က အစိုးရနဲ့ ကိုလံဘီယာ တော်လှန်ရေးတပ်မတော်လို့ နာမည်ရတဲ့ ဖားစ် (FARC) သူပုန်တွေနဲ့ ၅၂ နှစ် ကြာမြင့်ခဲ့ပြီဖြစ်တဲ့ စစ်ပွဲကို အဆုံးသတ် ပြည်တွင်းငြိမ်းချမ်းရေးရဖို့ အပေးအယူလုပ်ကြတဲ့ ကိစ္စမှာ ပြည်သူလူထုရဲ့ တောင်းခံ ဆန္ဒခံယူတာကို မထောက်ခံကြောင်း ပြသလိုက်ပါပြီ။

ဒါပေမယ့် ဆန္ဒခံယူပွဲကို လာရောက်မဲဆန္ဒပေးသူတွေရဲ့ အရေအတွက်ကတော့ ၄၀ ရာခိုင်နှုန်းပျော့ပျော့ပဲ ရှိပါတယ်။ နိုင်ငံတွင်းမှာရှိတဲ့ မဲဆန္ဒပေးခွင့်ရှိသူ ၃၅ သန်းထဲက ၁၃ သန်းကပဲ လာရောက်မဲဆန္ဒပေးကြတဲ့အတွက် ဆန္ဒလာရောက်ပေးကြတဲ့ ပြည်သူလူထု အရေအတွက် အတော်နည်းခဲ့တယ်လို့ ပြောရမှာပါပဲ။ ဒီလိုဖြစ်ရတာဟာ တစိတ်တပိုင်းအနေနဲ့ ဟာရီကိန်းမုန်တိုင်း မက်သယူးကြောင့် နိုင်ငံရဲ့ ကရစ်ဘီယန် ပင်လယ်ကမ်းရိုးတန်းဒေသက ပြည်နယ်တချို့မှာ မိုးကြီးခဲ့လို့ နေရာအတော်များများက မဲရုံတွေ ရေလွှမ်းခံခဲ့ရလို့ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

တနိုင်ငံလုံးက ဆန္ဒမဲအားလုံးကို ရေတွက်ပြီးတဲ့ အချိန်မှာတော့ ပွတ်ကာသီကာပေမယ့် အနိုင်မရနိုင်လောက်တဲ့ ပမာဏဖြစ်တဲ့ ၅၀ ဒသမ ၂ ရာခိုင်နှုန်းက ကန့်ကွက်မဲပေးခဲ့ကြတဲ့အတွက် သမ္မတ ဆန်းတော့စ် မှန်းချက်နဲ့ နှမ်းထွက် မကိုက်ခဲ့ဘူး ဖြစ်သွားတယ်လို့ ဆိုရမှာပါပဲ။ ကန့်ကွက်မဲက ၅၄၀၀၀ နဲ့ အသာစီးရ အနိုင်ယူသွားခဲ့လို့ သမ္မတ ဆန်းတော့စ်ရဲ့ အရှုံးပွဲဖြစ်သွားခဲ့ပြီး အတိုက်အခံသမ္မတ အယ်လ်ဘာရို အူရီဘိန်းရဲ့ လှုံ့ဆော်စည်းရုံးမှုက အနိုင်ရသွားတာပဲ ဖြစ်ပါတယ်။

နိုင်ငံကို တယ်လီဗွီးရှင်းက ပြောကြားတဲ့ မိန့်ခွန်းမှာ ကိုလံဘီယာသမ္မတ ဆန်းတော့စ်က ဆန္ဒခံယူပွဲမှာ သူ ရှုံးသွားခဲ့ပြီ ဆိုတာကို သီသီလေးနဲ့ ကပ်ရှုံးသွားခဲ့ရတယ်လို့ အသိအမှတ်ပြု ပြောကြားသွားခဲ့သလို ၅၀ ရာခိုင်နှုန်းတောင် မပြည့်တဲ့ ရာခိုင်နှုန်းနဲ့ အဆုံးအဖြတ်ပေးသွားတာ ဖြစ်ပေမယ့် သူ့အနေနဲ့ကတော့ ငြိမ်းချမ်းရေးသဘောတူညီချက်ရဖို့ သူ့ရဲ့အားထုတ်မှုကိုတော့ လက်မလျှော့သေးတဲ့အကြောင်းနဲ့ “ကျနော်က ကျနော့်သက်တမ်းရဲ့ နောက်ဆုံးအချိန်ပိုင်းအထိ ငြိမ်းချမ်းရေးကို ဆက်ပြီးရှာသွားမှာပဲ” လို့လည်း ပြောကြားသွားခဲ့ပါတယ်။

နိုင်ငံရေး သိမီသူတွေကတော့ သမိုင်းတွင်မယ့် ဒီအစိုးရနဲ့ နိုင်ငံရဲ့ အကြီးမားဆုံး သူပုန်အဖွဲ့ရဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်ကိစ္စကို ကိုလံဘီယာပြည်သူလူထုက ပွတ်ကာသီကာ မဲဆန္ဒနဲ့ ပယ်ချ ကန့်ကွက်ခဲ့တဲ့အပေါ်မှာ နိုင်ငံရဲ့ အနောက်ဘက်ခြမ်းက အရှည်ကြာဆုံး လက်နက်ကိုင်ပဋိပက္ခ ပြန်စတင်လာနိုင်တဲ့ အလားအလာတွေ ရှိတယ်ဆိုပြီး စိုးရိမ်ပူပန်မှု ရှိနေကြပါတယ်။

တကယ်တော့ ဒီလောက် နှစ် ၅၀ ကျော် အစိုးရနဲ့ သူပုန်တို့အကြား အကြမ်းဖက်မှုပေါင်းစုံ ရောပြွမ်းဖြစ်ပွားနေခဲ့တဲ့ ဒီပြည်တွင်းစစ်ပွဲ ရပ်စဲငြိမ်းချမ်းရေးကို ပြည်သူလူထုက ထောက်ခံလိမ့်မယ်လို့ အတတ်ဟောကိန်းထုတ်ခဲ့ကြတာတွေလည်း နိုင်ငံအ၀န်း ရှိခဲ့ပါတယ်။ ဒါပေမယ့် ရလာတဲ့ ရလဒ်အရတော့ ထိတ်လန့်တုန်လှုပ်စရာ ဖြစ်သွားခဲ့တာကတော့ အမှန်ပါပဲ။

သမ္မတ ဆန်းတော့စ်ကတော့ ဖားစ်သူပုန်တွေဟာ ဆန္ဒခံယူပွဲရဲ့ တုန်လှုပ်စရာရလဒ်ကို တွေ့ရှိခဲ့ပြီးတဲ့အချိန်အထိ ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် စူးစူးနစ်နစ် ဆက်ပြီးဆောင်ရွက်ဖို့ အလေးအနက်ပြု ပြောဆိုနေဆဲဖြစ်လို့ အပစ်အခတ်ရပ်စဲမှုဟာ တည်ရှိနေတုန်းပဲလို့ ပြောကြားခဲ့ပါတယ်။

ပြဿနာကတော့ သမ္မတဟောင်း အယ်လ်ဘာရို အူရီဘိန်းက သူပုန်တွေဟာ သူတို့ ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေအတွက် အကျဉ်းထောင်ထဲမှာ ပြန်လည်ပေးဆပ်ရမှာ ဖြစ်သလို လွှတ်တော်အမတ်တွေအဖြစ် ဘယ်တော့မှ ဖြစ်လာခွင့်မရှိစေရဘူးလို့ ကန့်ကွက်အငြင်းပွားပြီး ပြည်သူလူထုကို မဲဆွယ်စည်းရုံးခဲ့တာကြောင့်ပါပဲ။ လွန်ကျွံတဲ့ လိုက်လျောအလျှော့ပေးမှုကို ကန့်ကွက်ခဲ့တာပဲ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးအတွက် အပေးအယူလုပ် သဘောတူညီချက်ရဖို့ ပြည်သူလူထုကို ထောက်ခံမဲပေးကြဖို့ မဲဆွယ်စည်းရုံးခဲ့တဲ့ သမ္မတ ဆန်းတော့စ်ကတော့ ဆန္ဒခံယူပွဲရလဒ်ကို ကြေညာပြီးတဲ့အချိန်မှာ ဖားစ်အဖွဲ့နဲ့ နှစ်ဘက်သဘောတူ အပစ်အခတ် ရပ်စဲထားတာဟာ ခုထိ အသက်ဝင်နေဆဲဖြစ်ပြီး ဆက်ပြီးလည်း အသက်ဝင်နေသင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဖားစ်သူပုန်ခေါင်းဆောင် ရော့ဒီရီဂိုလွန်ဒိုနိုကလည်း ဆန္ဒခံယူပွဲရလဒ်က ကန့်ကွက်ခဲ့ကြပေမယ့် သူတို့အဖွဲ့အနေနဲ့ သူတို့ရဲ့ ငြိမ်းချမ်းရေးရယူချင်တဲ့ ဆန္ဒကိုတော့ ဆက်လက်ပြီး ထိန်းသိမ်းထားဆဲဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ကမ္ဘာတ၀န်းကလည်း ဒီ လေးနှစ်ကြာ အားထုတ်ခဲ့ရတဲ့ ညှိနှိုင်းဆွေးနွေးမှုအရ ငြိမ်းချမ်းရေးသဘောတူညီမှုကို အားပေးကြိုဆိုခဲ့ကြတာပါ တွေ့ရပါတယ်။ ဒါကလည်း နှစ် ၅၀ ကျော်ကြာ နှစ်ဘက်အကြမ်းဖက် ပြင်းပြင်းထန်ထန်ဖြစ်ခဲ့တဲ့ စစ်ပွဲကို ရပ်စဲပြီး ကိုလံဘီယာနိုင်ငံ ငြိမ်းချမ်းပြီး ပြည်သူလူထုဘ၀ ဖွံ့ဖြိုးတိုးတက်စေချင်တဲ့ စေတနာကြောင့်ဆိုတာကတော့ ရှင်းပါတယ်။ စေတနာကတော့ ပြောစရာမလိုအောင် ကောင်းမွန်တယ်လို့ ပြောရမှာပါပဲ။

တဘက်ကကြည့်မယ်ဆိုရင်တော့ ဖားစ်သူပုန်တွေရဲ့ အင်အားဟာ အမေရိကန် ကျောထောက်နောက်ခံပြု ထိုးစစ်တွေကြောင့် မကြာသေးခင်ကပဲ အင်အားတ၀က်လောက် လျော့ကျပြီး အင်အား ၇၀၀၀ လောက်ပဲ ကျန်တော့တဲ့အတွက် လက်နက်စွန့်ပြီး ကျည်ဆန်တွေအစား မဲပုံးတွေကနေ အာဏာရအောင် ကြိုးပမ်းတော့မယ်လို့ ဆုံးဖြတ်ပြီး အစိုးရရဲ့ ငြိမ်းချမ်းရေးအပေးအယူ လုပ်လာတာကို လက်ခံခဲ့ကြတာ ဖြစ်တယ်လို့ သုံးသပ်ပြောဆိုကြတာတွေလည်း ရှိပါတယ်။

ကိုလံဘီယာနိုင်ငံ ဘိုဂိုတာမြို့တော် လော့စ်အင်ဒီးစ်တက္ကသိုလ်က နိုင်ငံရေးသိပ္ပံပါမောက္ခ အင်ဂျလီကာ ရက်ထ်ဘတ်ဂ်ကတော့ ဆန္ဒခံယူပွဲရဲ့ အကျိုးဆက်ဟာ ပြည်သူလူထုတွေက “သမ္မတ ဆန်းတော့စ်ကို နက်နက်နဲနဲ မကြိုက်ကြတာတွေနဲ့ နှစ်ပေါင်းများစွာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရဲ့ သက်ရောက်မှုပါပဲ” လို့ ပြောကြားခဲ့ပါတယ်။

သူကပဲ ပြီးခဲ့တဲ့ ၁၅ နှစ်က ရရှိခဲ့တဲ့ တိုးများလာတဲ့ လုံခြုံရေးအခြေအနေအရလည်း ဖားစ်သူပုန်တွေအပေါ် အလျှော့ပေး လိုက်လျောမှုတွေကို လက်ခံဖို့ အခက်အခဲရှိနေတာပဲ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

မဲဆန္ဒပေးခဲ့တဲ့ ပြည်သူတယောက်ဖြစ်တဲ့ အသက် ၃၅ နှစ်အရွယ် ဂျာရာမီလိုကလည်း သူပုန်တွေ ထောင်ဒဏ်အပြစ်ပေးမခံရတာကို ဒေါသဖြစ်ရတယ်လို့ ပြောကြားခဲ့သလို သူက “ကျနော်ကတော့ ကန့်ကွက်မဲ ပေးခဲ့တယ်ဗျာ။ ကျနော့်ကလေးတွေကို ဘာလုပ်လုပ် ခွင့်လွှတ်ခံရနိုင်တယ်လို့ သင်မပေးချင်ဘူးဗျာ” လို့ ပြောပါတယ်။

စားသောက်ဆိုင်ပိုင်ရှင်တယောက်ဖြစ်တဲ့  အသက် ၃၄ နှစ်အရွယ် ဟာဗီးယာမလားနပ်စ်ကလည်း “သဘောတူညီချက်က သူပုန်ပြောက်ကျားတွေကို အလျှော့ပေး လိုက်လျောမှုတွေ အများကြီး ပေးထားတယ်လေ။ သူတို့က သူတို့ရဲ့ မဟာဗျူဟာကို လက်နက်ကနေ နိုင်ငံရေးကို ပြောင်းလိုက်ပြီ။ ဒါပေမယ့် သူတို့ရဲ့ ရည်ရွယ်ချက်က ဆိုရှယ်လစ်စနစ်ပဲ ဖြစ်နေတုန်းပဲ” လို့ မီဒီယာကို ပြောပြခဲ့ပါတယ်။

ဒါတွေကတော့ ဒီကနေ့ ကိုလံဘီယာနိုင်ငံမှာ အစိုးရစီစဉ်တဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်ကိစ္စကို ပြည်သူလူထုက ဘာလို့ ကန့်ကွက်ခဲ့ကြတာလဲ ဆိုတာကို အကြမ်းဖျင်း တင်ပြခဲ့တာပါ။

အထက်တင်ပြခဲ့တာတွေကို စာဖတ်သူတွေ သိရှိခဲ့ပြီးဖြစ်လို့ ကိုလံဘီယာနိုင်ငံရဲ့ အခြေအနေနဲ့ ကျနော်တို့နိုင်ငံရဲ့ အခြေအနေက ပြောင်းပြန်ဖြစ်နေတယ် ဆိုတာကို သတိပြုမိမယ် ထင်ပါတယ်။

ကိုလံဘီယာနိုင်ငံက ဖားစ်သူပုန်တွေနေရာမှာ ကျနော်တို့ စစ်အာဏာရှင်အစိုးရ အဆက်အဆက် ဖြစ်နေတာကို တွေ့နေရပါတယ်။ စစ်အာဏာရှင် အဆက်ဆက်က ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို အမှန်တရားနဲ့ တရားမျှတမှုကို လိုလားတဲ့သူတွေ၊ တကယ်ဖိနှိပ်ညှဉ်းပန်းမှု စွန့်လွှတ်မှုတွေခံခဲ့၊ ပေးဆပ်ခဲ့ရတဲ့သူတွေက ကျူးလွန်ခဲ့တဲ့ စစ်အာဏာရှင်တွေကို ဒီအတိုင်း ဘာအပြစ်မှမပေးဘဲ မခံရစေဘဲ ဒီအတိုင်း ငြိမ်းချမ်းရေးလုပ်လိုက်ပြီး သူတို့တွေကို နိုင်ငံအုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ ဥပဒေပြုရေးမဏ္ဍိုင်တွေမှာ ပါဝင်ခွင့်ပြုလာမှာကို မလိုလားဖြစ်နေကြတဲ့ အခြေအနေလို့ ကျနော်ထင်ပါတယ်။ ဒါပေမယ့် အာဏာရ အမျိုးသားဒီမိုကရေစီအစိုးရက အဲဒါတွေကို လိုက်လျောခွင့်ပြုထားခဲ့ပြီး ဖြစ်ပါတယ်။ ပြည်သူလူထု အကျိုးစီးပွားကို တကယ်အကာအကွယ်ပေးဖို့လုပ်တဲ့ ဥပဒေတွေကို မပြဋ္ဌာန်းနိုင်အောင် ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြတာကိုလည်း စာဖတ်သူတွေ သိပြီး ဖြစ်ပါလိမ့်မယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးစီးကျင်းခဲ့တဲ့ ၂၁ ရာစု ပင်လုံညီလာခံကြီးပြီးလို့မှ မကြာခင်ပဲ မြောက်ပိုင်းနဲ့ တောင်ပိုင်း စစ်မျက်နှာတွေမှာ စစ်ပွဲတွေ ပိုပြီးပြင်းထန်လာတာနဲ့ ပတ်သက်ပြီး လက်ရှိအစိုးရက ခုထိ ဘာတခွန်းမှမပြောဘဲ တပ်မတော်ဆိုတဲ့ စစ်တပ်ကို ဘာလို့ လိုက်လျောခွင့်ပြုထားတာပါလဲ။ ငြိမ်းချမ်းရေး သဘောတူညီချက် ဆိုတာကရော ဘာပါလဲ။

ပြည်သူလူထုက ထောက်ခံရမှာပါလား၊ ခုတော့ ကန့်ကွက်ရမယ့် အခြေအနေတောင် ရောက်လာပြီလို့ ထင်မိပါကြောင်း။        ။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013