DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ် နယ်ခြားစောင့်ကင်းစခန်းများ စီးနင်းခံရမှု ရဲဝန်ထမ်း ၉ ဦး ကျဆုံးဟု အစိုးရရှင်းလင်း
DVB
·
October 10, 2016
ရခိုင်ပြည်နယ် နယ်ခြားစောင့်ကင်းစခန်းများ စီးနင်းခံရမှု ရဲဝန်ထမ်း ၉ ဦး ကျဆုံးဟု အစိုးရရှင်းလင်း
Donate to DVB

ရခိုင်ပြည်နယ်တွင်း နယ်ခြားစောင့်ကင်းစခန်းတွေ စီးနင်းတိုက်ခိုက်ခံရမှုမှာ ရဲဝန်ထမ်း ၉ ဦး ကျဆုံးပြီး ၁ ဦး ပျောက်ဆုံးနေသလို လာရောက်တိုက်ခိုက်သူ ၂ ဦးကို အရှင်ဖမ်းမိထားပြီး ၈ ဦးရဲ့အလောင်း တွေ့ရတယ်လို့ ရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပြောပါတယ်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်နဲ့  ရသေ့တောင်မြို့နယ်တွေမှာ အောက်တိုဘာ ၉ ရက် မနက်က ဖြစ်ပွားခဲ့တဲ့ အမည်မသိ လက်နက်ကိုင်တွေရဲ့ အကြမ်းဖက်စီးနင်း တိုက်ခိုက်ခံရမှု ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး မနေ့ညက နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဇော်ဝင်းက မီဒီယာတွေကို ရှင်းလင်းပြောကြားခဲ့တာပါ။

အောက်တိုဘာ ၉ ရက် မနက် ၁ နာရီခွဲလောက်မှာ မောင်တောခရိုင် အမှတ် ၁ နယ်ခြားစောင့် ရဲကွပ်ကဲမှု နယ်မြေအတွင်းရှိ ကျီးကန်းပြင်ကင်းစခန်း၊ နံနက် ၃ နာရီခွဲလောက်မှာ ရသေ့တောင်မြို့နယ် ကိုးတန်ကောက်ကင်းစခန်း၊ နံနက် ၄ နာရီခွဲလောက်မှာ မောင်တောမြို့နယ် ငါးခူရနယ်မြေစခန်းတွေ အကြမ်းဖက်စီးနင်း တိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။

တိုက်ခိုက်ခံရမှုဖြစ်စဉ်တခုလုံးမှာ ရဲတပ်ဖွဲ့ဝင် အရာရှိ ၁ ဦး၊ အခြားအဆင့် ၈ ဦး စုစုပေါင်း ၉ ဦး ကျဆုံးပြီး တပ်ဖွဲ့ဝင် အရာရှိ ၁ ဦး၊ အခြားအဆင့် ၄ ဦး စုစုပေါင်း ၅ ဦး ဒဏ်ရာရကာ ၁ ဦး ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။

လက်နက်မျိုးစုံ ၅၁ လက်၊ ကျည်မျိုးစုံ အတောင့် ၁ဝ၁၄ဝ၊ လှံစွပ် ၁ ခု၊ ကျည်အိမ် ၂၈ ခု ပျောက်ဆုံးခဲ့ပြီး ဝင်ရောက်စီးနင်းတိုက်ခိုက်သူ ၈ ဦးရဲ့ အလောင်းတွေရရှိကာ ၂ ဦး အရှင်ဖမ်းဆီးရမိခဲ့သလို လုပ်သေနတ်ပစ္စတို ၁ လက်၊ ၎င်းကျည် ၂ တောင့်၊ ကျည်အိမ် ၁ ခု သိမ်းဆည်းရမိခဲ့တယ်လို့လည်း ရဲချုပ်က ပြောပါတယ်။

ဖမ်းမိထားသူ ၂ ဦးကို စစ်မေးပြီးချိန်မှ ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာကို အတည်ပြု သတင်းထုတ်ပြန်မယ်လို့လည်း ရဲချုပ်က ပြောပါတယ်။

ဆုံးရှုံးသွားတဲ့ လက်နက်ခဲယမ်းတွေ ပြန်ရရေး၊ တိုက်ခိုက်သူတွေကို ဖမ်းဆီးရမိရေးနဲ့ နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် နယ်ခြားစောင့်ရဲတပ်ဖွဲ့နဲ့ မြန်မာ့တပ်မတော် ပူးပေါင်းပြီး ရဟတ်ယာဉ်တွေ အသုံးပြုတာ၊ တပ်ရွှေ့တာတွေနဲ့ အင်အားတိုးမြှင့်ထားတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ရဲချုပ်က ပြောပါတယ်။

လတ်တလော မောင်တောခရိုင်မှာ ည ၇ နာရီက မနက် ၆ နာရီအတွင်း ညမထွက်ရန်နဲ့ လူ ၅ ဦးထက်ပိုပြီး မစုကြဖို့ ထုတ်ြပန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013