
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှာ မူးယစ်တပ်ဖွဲ့မှူးကို ရန်ပြုခြိမ်းခြောက် ကားမှန်ခွဲခဲ့တဲ့ လူငယ်ကို မနေ့က ဖမ်းဆီးပြီး အမှုဖွင့် အရေးယူထားကြောင်း သိရပါတယ်။
အောက်တိုဘာ ၈ ရက် ညနေ ၅ နာရီလောက်က ကလေးမြို့ တဟန်းရပ်ကွက် ဗိုလ်ချုပ်လမ်းပေါ် မှာ တဦးထဲမောင်းနှင်နေတဲ့ ကလေးမြို့ မူးယစ်တပ်ဖွဲ့စုမှူးကား ဘောနပ်ပေါ်ထိ တက်ရန်ပြုခဲ့တဲ့ လူငယ်တစ်ဦးကို တပ်ဖွဲ့စုမှူးက ပုဒ်မလေးခုနဲ့ အမှုဖွင့်ထားပါတယ်။
"တပ်ဖွဲ့စုမှူးအနေနဲ့ကင်းစခန်းတွေကို လှည့်လှည်စစ်ဆေးမှုပြုနေစဉ် ကလေးမြို့ တာဟန်း ရပ်ကွက်အခြမ်း ဗိုလ်ချုပ်လမ်းနဲ့ဒိုးဝိုင်းချောင်းသုဿာန်လမ်းအကွေ့မှာ လူငယ်တစ်ဦးဟာ ဆိုင်ကယ် လမ်းပြောင်းပြန်စီးနေတာကြောင့် ဟွန်းတီးခဲ့ရာကနေ ကားနောက်လိုက်လာပြီး ကားရှေ့ ဆိုင်ကယ်ရပ် ကားဘောနပ်ပေါ်တက် ကားမှန်ခွဲ ဆဲဆိုပြီး သတ်ပစ်မယ် ဟု ခြိမ်းခြောက်ခဲ့တာ ဖြစ်တယ်" လို့ တာဝန်ရှိ ရဲတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
လူငယ်မှာ ကလေးမြို့ သဇင်ရပ်ကွက်နေ ကောင်းထက်လင်းဆိုသူဖြစ်ပြီး အသက် ၁၈ နှစ်အရွယ် လူငယ်တဦးဖြစ်ပြီး ဖြစ်ပွားချိန်မှာ အရက်သေစာ သောက်စားထားတယ်လို့လည်း သိရပါတယ်။
ကလေးမြို့ တာဟန်းရပ်ကွက် နေထိုင်သူ တဦးက "အရက်နှင့် မူးယစ်ဆေးဝါးက လူငယ်တွေကြားမှာ စိမ့်ဝင်နေပြီး သုံးစွဲသူအဖို့ ပင်ကိုယ်စိတ်ပျောက်ပြီး မလုပ်ရဲတာမရှိ ဖြစ်တတ်တယ်။ နေရတာ ခုဆို အစစ အရာရာ သတိထားနေရတယ်။ လုံခြုံမှု မရှိဘူး"လို့လည်း ဆိုပါတယ်။
အဆိုပါ လူငယ်အနေနဲ့မူးယစ်တပ်ဖွဲ့စုမှူးအား ဆဲဆို ကျိန်းမောင်း ခြိမ်းခြောက်ခဲ့တဲ့အပြင် ကားမှန်နဲ့နောက်ကျိမှန် ဝိုက်ပါ တွေကိုပါ ဖျက်စီးခဲ့တဲ့အတွက် မူးယစ်တပ်ဖွဲ့စုမှူးကိုယ်တိုင် တရားလိုပြုပြီး တာဝန်ဝတ္တရား နောက်ယှက်မှု၊ ဆဲဆိုမှု၊ ခြိမ်းခြောက်မှု၊ အကျိုးပျက်စီးစေမှု ဆိုတဲ့ ပုဒ်မ လေးခုနဲ့အမှုဖွင့် တိုင်ကြားထားတာပါ။
သတင်း - မင်းရဲစစ်နိုင်











