
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှာ UWSA “ဝ”တပ်ဖွဲ့က တပ်ဖွဲ့ဝင် ၂ ဦးကို လက်နက်ခဲယမ်း၊ ဆက်စပ်ပစ္စည်းများနှင့်အတူ စစ်ဆေးထိန်းသိမ်းထားတယ်လို့ စစ်တပ်ပိုင် မြ၀တီသတင်းမှာ ဖော်ပြပါတယ်။
အောက်တိုဘာ ၄ ရက်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက မူဆယ်မြို့၊ အော်ရီရန်တယ် တိုးဂိတ်မှာ မော်တော်ကားတွေကို စစ်နေတုန်း တိုယိုတာကားတစီးပေါ်က လူတယောက်ရဲ့ခါးမှာ ပစ္စတိုသေနတ်တစ်လက် တွေ့ရှိခဲ့ပါတယ်။
အဲဒီကားနဲ့ ကားပေါ်ပါသူ ၃ ဦးကို မူဆယ်ရဲစခန်းမှာ ဆက်လက်စစ်ဆေးမေးမြန်းတဲ့အခါ ၂ ဦးမှာ UWSA “ဝ” အဖွဲ့မှ တပ်သားအဆင့်ရှိသူ ကျန်းရင်ဖုန်းနှင့် အားချန့်တို့ဖြစ်ပြီး သူတို့ဟာ မူဆယ်မြို့ရှိ UWSA “ဝ” အဖွဲ့ပိုင် ပန့်ခန့်စိန်ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီမှဖြစ်ကြောင်း သိရတယ်လို့ ဆိုပါတယ်။
ကျန်တဦးကတော့ သူတို့ သူငယ်ချင်းဖြစ်ပြီး အားချန့်ရဲ့ ခါးကြားမှာ ထိုးထားတဲ့ ပစ္စတိုတစ်လက်၊ ကျည်အိမ်တစ်ခု၊ ၄င်းကျည် ၁၄ တောင့်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပါတယ်။
တခါ ကားကို စစ်ဆေးတဲ့အခါ UWSA အမှတ်အသားများ ပါရှိတဲ့ ပြောက်ကျားယူနီဖောင်းနှစ်စုံ၊ အင်္ကျီအစိမ်းနှစ်ထည်၊ ဘောင်းဘီအစိမ်းတစ်ထည်၊ လက်မောင်းတံဆိပ် ၁၀ စုံ၊ ရင်ဘတ်တံဆိပ် ၁၀ ခု၊ ဦးထုပ်တံဆိပ် ရှစ်ခု၊ ဦးထုပ်အစိမ်း နှစ်လုံးနှင့် ပြောက်ကျားဦးထုပ် တလုံး၊ UWSA Army တံဆိပ်ပါ ကျန်းရင်ဖုန်းနှင့် အားချန့်တို့ရဲ့ စိစစ်ရေးကတ်နှစ်ခုနှင့်အရိုး အသွား ၈ လက်မခန့်ရှိ ဓားမြှောင်တစ်လက် တို့ကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
သူတို့ကို အသေးစိတ် စစ်ဆေးမေးမြန်းခြင်းများ ဆက်လက်ဆောင် ရွက်နေတယ်လို့ မြ၀တီသတင်းမှာ ဖော်ပြထားပါတယ်။











