DVB Logo
Home
Lead Story
ဒါလားကွ မန္တလေး
DVB
·
October 8, 2016
ဒါလားကွ မန္တလေး
1 / 2
Donate to DVB

အားလုံးသိတော်မူကြတဲ့အတိုင်းပါပဲ။ ပြီးခဲ့တဲ့စက်တင်ဘာ ၂၃ ရက် နေ့က ည ၁၀ နာရီကျော် ဓမ္မာရုံမှာ ဓမ္မာစကြာရွတ်ဆိုနေတုန်း ဝါယာကြိုးတွေဆွဲဖြုတ်လိုက်တဲ့ နယ်သာလန်နိုင်ငံသားကို တရားရုံးက ဘာသာသာသနာနှောက်ယှက်မှု ပုဒ်မ ၂၉၆နဲ့ ထောင်ဒဏ် ၃ လ။ လူဝင်မှုကြီးကြပ်ရေး ပုဒ်မ ၁၃(၁)အရ ဒဏ်ငွေတသိန်း ချမှတ်လိုက်တယ်ဗျ။ သူ့ခမျာ ဆူညံမှုကို နားမခံနိုင်လို့ ဘာသာရေး အဆောက်အဦဖြစ်တယ်ဆိုတာရောလည်း သူမသိခဲ့ကြောင်း ထွက်ဆိုပြီး တောင်းပန်စကားပြောပေမယ့် မရဘူးဗျ။

ကျနော်တို့မန္တလေးက တရားဥပဒေမှာအဲလိုပြတ်သားတယ်။ နိုင်ငံခြားသားဖြစ်ဖြစ် ကိုယ့်နိုင်ငံသားဖြစ်ဖြစ်ကျောသားရင်သား မခွဲခြားဘူး။ စကားမစပ် ဟို ဂရိတ်ဟောကအမှု ဘယ်လိုပြီးသွားပါလိမ့်။ တပည့်လေးတယောက်က အာစရိရာ အသံချဲ့စက်ဥပဒေမှာ ဆိုထားတာက - အဲလိုအာချောင်လာလို့ မင်းတိတ်တိတ်နေစမ်းလို့ ငေါက်လိုက်ရတယ်။ ကဲ -ဒီအတွက် ဘာများပြောချင်ကြလဲ။

ကျနော်ကတော့ RFA နဲ့အင်တာဗျူးက ဆရာညီပုလေးရဲ့ စကားကို အပြည့်အဝ ထောက်ခံတယ်။ အချိန်က ည ၁၀ နာရီ ၁၁ နာရီမတ်တင်းရောက်နေပြီဗျ။ အများပြည်သူ အိပ်တဲ့ အချိန်ရောက်နေပြီ။ ကလေးတွေက ဝတ်ရွတ်စဉ်တွေ ဆက်ပြီး ရွတ်နေတာကို နယ်သာလန် နိုင်ငံသားက သီချင်းဆက်ဆို နေတယ်ပဲထင်တယ်။ သူက သိကိုမသိတာဗျ။ ကျနော်တော့ အပြစ်ရှိတယ်လို့ မထင်ဘူး။ နောက်ဖိနပ်မစီးရလို့ ရေးထားတာမဟုတ်ဘူးဗျ။ သူဖိနပ်မစီးရလို့ ရေးထားတဲ့နေရာတွေမှာ ဖိနပ်ချွတ်ခဲ့သူဗျ။ တကယ်တော့ ချုပ်ရက်လောက်နဲ့ ပြတ်ရမယ့်အမှု အခုအပြစ်ဒဏ်က များတယ်လို့ထင်ပါတယ်။ ကျနော်တို့ မန္တလေးဆိုတာကဗျာ ယဉ်ကျေးပါတယ်။ သိမ်မွေ့ပါတယ်ဆိုတဲ့မြို့ဗျ။ ထိုးမုန့်တို့ လမုန့်တို့ အမြည်းကျွေးတဲ့မြို့ဗျ လို့ပြောသွားခဲ့တယ်။

နယ်သာလန်နိုင်ငံကလည်း အင်မတန်မှယဉ်ကျေးပါတယ်။ သူတို့ ချိစ်ရောင်းတဲ့ ဆီကလည်း ကျွန်တော်တို့မန္တလေးက ထိုးမုန့်ရောင်းသလိုပဲ ဝယ်ဝယ်မဝယ်ဝယ် အမြည်းတွေ အလကား ကျွေးတာဗျ။ ကျနော်ကတော့ ချိစ်တွေအလကားတုပ်ရင်း ယဉ်ကျေးတဲ့ ကိုယ့် မန္တလေးကို သတိရနေမိတယ်။ အခုကိစ္စက ဆရာညီပုလေးပြောသလို မန္တလေးပုံရိပ်ကို ထိခိုက် သွားစေတာ အမှန်ပဲ။ ဘာပဲဖြစ်ဖြစ်ပေါ့။ အခုဖြစ်ရပ်က ၂၀၁၆ ရဲ့ ဒါလားကွ မန္တလေးရဲ့ သာဓကလေးတခုပေါ့။ အမောင် နိုင်ငံခြားသားများလည်း CNN ကယဉ်ကျေးတဲ့မြို့ကြီးတွေ ဖော်ပြတော့ မန္တလေးမြို့ကြီး ပါတာကို အဟုတ်မှတ်ပြီး လာကြရင် ဆောင်ရန်ရှောင်ရန် အချက်အလက်တွေ ဦးနှောက်ထဲစွဲအောင်ကျက်မှတ်ပြီးမှ လာကြစေချင်တယ်ဗျ။

ယီးလေးလေးပဲ။ အခုကျုံးထဲမှာ လှေလှော်ပြိုင်နေကြပြီဗျ။ ဟိုတုန်က နဝတ နအဖ စစ်ဗိုလ်ချုပ်ကြီးများနဲ့ တထေရာအတိုင်း ထပ်ချပ်မကွာလုပ်တယ်ဆိုတော့ ဒီပလ္လင်တက် ဒီချေးပါကြသလား မပြောတတ်ဘူးပေါ့ဗျာ။ ကျနော်တို့ကတော့ အလကားနေရင်း ပိုက်ဆံကုန်မယ့်ကိစ္စမို့ လုံးဝသဘောမကျပါဘူး။ အဲဒီအတွက် ၃၈၁ သိန်းကုန်မယ်ဆိုလားပဲ။ ဒီပိုက်ဆံတွေ တခြားလိုအပ်တဲ့နေရာသုံးရင် ဘယ်လောက်ကောင်းမလဲလို့ပဲတွေးနေမိသဗျ။ လှေပြိုင်ပွဲတွေ မကြည့်ဘူးပါ။ မြန်မာမှာ ခေတ်မီရေတပ်မတော် မရှိလို့ အင်္ဂလိပ်ကျွန်ဘဝ ရောက်ရတာကိုပဲတွေးရင်း စိတ်ပေါက်နေမိလို့ ဘုန်းကြီးပျံပွဲက လှေတော်သံယိမ်း ကြည့်ရတာနဲ့တင် ကျနော့်အတွက် လုံလောက်သွားခဲ့ပါတယ်။ လှော်တက်ကြီးတွေ မြှောက်ပြီး ဟေလာယောက်ျား ဘသားလေးလေ့လို့ အော်သံကြားရင် လူတကိုယ်လုံး ကြက်သီးမွေးညင်းတွေထပြီး တချီတည်းနဲ့ အမျိုးဂုဏ်ဇာတိဂုဏ်တွေ ဆောင့်တက်လာတယ်ဗျ။

သို့သော်လည်း ဘာပဲဖြစ်ဖြစ် အခုလှေပြိုင်ပွဲကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ဂုဏ်ပြုရမှာပဲ။ နယ်သာလန်နိုင်ငံသားလည်း အမှုဖြစ်ပြီးထောင်သုံးလကျတာ ခပ်ကောင်းကောင်းဗျ။ အဲလိုမဟုတ်ဘဲ လှေပြိုင်ပွဲရောက်သွားပြီး ဘာတွေလုပ်နေတာ လဲမျက်စေ့ရှုပ် တယ်ပြောရင်း နှောင့်ယှက်မိရင် ပုံမတော် လှော်တက်တွေနဲ့ဝိုင်းရိုက်လို့ မာလကီးယား ဖြစ်သွားနိုင်တယ်။ ကျနော်တို့ကတော့ ဒီလိုပဲ ပေါ့သွားအောင် စိတ်ဖြေတတ်ပါတယ်။ ယခုကျင်းပနေသော လှေပြိုင်ပွဲကြီးကို ယီးလေးလေးလို့ အော်ဟစ်ဂုဏ်ပြုပါတယ်။ အံမာ ဒါကိုမဟုတ်ကဟုတ်ကတွေးပြီး ပေါ့သေးသေးမထင်ကြနဲ့ဗျ။ ဆရာကြီးမင်းသုဝဏ်က ကျနော်တို့တွင် ကြွေးကြော်သံ အထူးအထွေ မရှိ။ ယီးလေးလေး ဆိုသောစကားလုံးတို့သာလျှင် ကျနော်တို့၏ ကြွေးကြော်သံဖြစ်ပေသည်။ သူတို့ကား ရှေးဟောင်းသမားရိုးကျ ကြွေးကြော်သံပေတည်း။ ကလေးတို့ဘာဝ ပုခက်လွှဲ ဒန်းစီးသောအခါများ၌ ယီးလေးလေး ဟူ၍လည်းကောင်း ယိုယီးလေး ဟူ၍လည်းကောင်း သံပြိုင်ဟစ်အော် ကြွေးကြော်ခဲ့ကြဘူးပြီ။ တော်သလင်း သီတင်းကျွတ်ဆီတွင် မြစ်ရိုးချောင်းရိုးတလျှောက်၌ လှေပြိုင်သောအခါ၌ ဤကြွေးကြော်သံတို့ကို နှစ်စဉ်နှစ်တိုင်း ကြားရလျက်ပင်ဖြစ်သည်လို့ ရေးသားထားပါတယ်။

ဒါကြောင့်မို့ ကျနော်လည်း ရှေးမူကိုလည်း ထိန်းသိမ်းရာရောက် လှေပြိုင်ပွဲကြီးကိုလည်း ဂုဏ်ပြုရာရောက်အောင် ဖေ့ဘွတ်ခ်ပေါ်က ယီးလေးလေး လုပ်လိုက်ပါတယ်။ ယီးလေးလေးဆိုပြီး ကိုယ့်အားကိုလည်းတင်းတယ်။ သူတပါးကိုလည်း အားပေးတယ်။ စု၍လည်းအား ယူကြတယ်။ ဘယ်လောက်အဆင်ပြေလဲ။ အဲတော့ လှေပြိုင်ပွဲကြီး အောင်မြင်ပါစေ။ ကျနော်တို့ကလည်း ယီးလေးလေးပဲခင်ဗျ။

ဗေဒါညို

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013