DVB Logo
Home
မြန်မာသတင်း
နာဂကျန်းမာရေးမှူးနှင့် တက္ကစီမောင်းသူတို့ကို ဒေါ်အောင်ဆန်းစုကြည် ချီးကျုးဂုဏ်ပြု
DVB
·
October 8, 2016
နာဂကျန်းမာရေးမှူးနှင့် တက္ကစီမောင်းသူတို့ကို ဒေါ်အောင်ဆန်းစုကြည် ချီးကျုးဂုဏ်ပြု
Donate to DVB

နာဂဒေသက ကျန်းမာရေးမှုး ဦးသန့်ဇင်ဦးနဲ့ ကျပ်သိန်းထောင်ချီတန်တဲ့စိန်ထုတ်ကို ပိုင်ရှင်ထံပြန်ပေးခဲ့တဲ့ ရန်ကုန်၊ သာကေတက တက္ကစီမောင်းသူ ဦးသန်းထိုက်ကျော်တို့ ၂ ဦးကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က သြဂုတ်နဲ့  စက်တင်ဘာလအတွက် ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် မှတ်တမ်းတင်ဂုဏ်ပြုလိုက်ပါတယ်။

အတိုင်ပင်ခံရုံးရဲ့ အောက်တိုဘာ ၇ ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာ နိုင်ငံတော်တည်ဆောက်ရာမှာ ပြည်သူ့အားနဲ့ တည်ဆောက်ရမယ်၊။ ပြည်သူ့အားဆိုရာမှာ  ကာယအား၊ ဉာဏအားအပြင် ပြည်သူ လူထုရဲ့  စာရိတ္တဟာလည်း အရေးကြီးလှတဲ့ အခန်းကဏ္ဍမှ ပါဝင်တယ်။ ရိုးသားမှုကို အခြေခံပြီး  နိုးနိုးကြားကြား ကြိုးစားဆောင်ရွက်ကြမှသာလျှင် ရေရှည်တည်တံ့ခိုင်မြဲတဲ့  ဖွံ့ဖြိုး တိုးတက်မှုများ ရရှိမယ်လို့  ယုံကြည်တယ်။

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်မှာ နေထိုင်ပြီး အငှားယာဉ် တက္ကစီမောင်း အသက်မွေးဝမ်းကျောင်းလျက်ရှိသူ ဦးသန်းထိုက်ကျော်ဟာ  သူမောင်းနှင်တဲ့ တက္ကစီယာဉ် ပေါ်မှာ ခရီးသည်များ မေ့လျော့ကျန်ရှိခဲ့တဲ့  ကျပ်သိန်း တထောင်ခန့်တန်ဖိုးရှိ ကျောက်မျက် ရတနာများကို ပိုင်ရှင်ဖြစ်သူထံ အမြန်ဆက်သွယ်ပြီး ပြန်လည်ပေးအပ်ခဲ့တယ်။

ပြည့်စုံကုံလုံတဲ့  မိသားစုမဟုတ်သော်လည်း တန်ဖိုးကြီးမားလှတဲ့ ပစ္စည်းများ လက်ဝယ်တွေ့ရှိ ရာမှာ မိမိမိသားစု အကျိုးစီးပွားဖြစ်ရေးကို စိုးစဉ်းမျှ မစဉ်းစားဘဲ အခြေခံကိုယ်ကျင့်သီလ လုံခြုံစွာနဲ့ ကိုယ်ချင်းစာတရား အပြည့်အဝထားကာ ဖြူစင်ရိုးသားမှု အရင်းခံလျက် ထိုသို့ဆောင်ရွက်ခဲ့ခြင်း ဖြစ်တယ်။

ဦးသန်းထိုက်ကျော်ရဲ့  ဆုံးဖြတ်ဆောင်ရွက်ချက်ဟာ  မြန်မာ့လူ့ဘောင်အဖွဲ့အစည်းအတွင်း ကိုယ်ကျင့်သီလနှင့်ပတ်သက်လို့  အံ့သြဖွယ်ရာ လေးစားဖွယ်ရာ ဂုဏ်ယူဖွယ်ရာ အတုယူဖွယ်ရာ အဖြစ် မှတ်တမ်းတင်ထိုက်တဲ့ လုပ်ဆောင်ချက်ဖြစ်တယ်။

ဒါ့အပြင် သမ္မာအာဇီဝကျကျ အသက်မွေး ဝမ်းကျောင်းလျက် ရိုးသားစွာရပ်တည်ခြင်းဟာ  နိုင်ငံအကျိုးစီးပွားကာကွယ်ရေးရဲ့ အခြေခံကျတဲ့  ပြယုဂ်တခုအဖြစ်လည်း မှတ်ယူထိုက်တယ်။

ဒါကြောင့် အခုနှစ် စက်တင်ဘာလအတွက် ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် ဦးသန်းထိုက်ကျော်အား ရွေးချယ်လိုက်တယ်လို့ ဖော်ပြပါတယ်။

တခါ ဦးသန့်ဇင်ဦးဟာ ၂၀၁၆ ခုနှစ်၊ ဇွန်လဆန်းမှ စတင်ပြီး ပြင်းထန်ဝက်သက် ကူးစက်ရောဂါ ကျရောက်နေတဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရှိ ထန်ခေါ် လန်မ နာဂကျေးရွာမှာ ရောဂါကြောင့် ရွာသူ ရွာသား ကလေးသူငယ်များ နေ့စဉ်နှင့်အမျှ သေဆုံးနေမှုကို ရပ်တန့်အောင် ထိန်းချုပ်ပြီး ရောဂါပျောက်ကင်းအောင် ကုသပေးနိုင်ခဲ့တယ်။

သေဆုံးမှုများကို ထိန်းချုပ်နိုင်ရန်နှင့် ရောဂါပျောက်ကင်းကင်းစင်အောင် ကုသနိုင်ရန်တို့ကို ဦးသန့်ဇင်ဦးမှာ လွယ်လင့်တကူဆောင်ရွက်နိုင်ခဲ့ခြင်း မဟုတ်ဘဲ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှု၊ ကူးစက်ရောဂါ ပြင်းထန်စွာ ဖြစ်ပွားနေသဖြင့် ရွာသူရွာသားများ နေ့စဉ်နှင့်အမျှ သေဆုံးနေမှု၊ ရွာသူ ရွာသားများရဲ့ ကျန်းမာရေးအသိပညာ အားနည်းမှု၊ ဆက်သွယ်ပြောဆိုရန် ဘာသာစကားခက်ခဲမှု စတဲ့ ကြီးမားသော ကန့်သတ်ချက်များကို စိတ်ရှည်သည်းခံခြင်း၊ မေတ္တာ၊ စေတနာ၊ အနစ်နာနှင့် ကိုယ်ချင်းစာစိတ်ထားရှိခြင်း၊ စိတ်ဓာတ်ကြံ့ကြံ့ ခံနိုင်ခြင်း၊ မိမိအလုပ် တာဝန်အပေါ် စိတ်ရောကိုယ်ပါ မြှုပ်နှံပြီး မဆုတ်မနစ် ကြိုးစားအားထုတ် ဆောင်ရွက်ခြင်းတို့နဲ့  ရင်ဆိုင်ကျော်လွှားခဲ့တာကြောင့် အခုလို့ အောင်မြင်မှု ရရှိခဲ့ခြင်း ဖြစ်တယ်လို့ အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

နိုင်င်ငံသူ နိုင်ငံသားများအနေနဲ့  နိုင်ငံတည်ဆောက်ရေးအတွက် သက်ဆိုင်ရာ နယ်ပယ် အသီးသီးမှာ  ကြိုးပမ်းဆောင်ရွက်ကြရာမှာ ဦးသန့်ဇင်ဦးနည်းတူ မိမိကိုယ်မိမိ ယုံကြည်မှုထားပြီး စေတနာ၊ မေတ္တာနှင့် ကိုယ်ချင်းစာတရားတို့နဲ့ မဆုတ်မနစ် ကြိုးပမ်းကာ နိုင်ငံသားစိတ်ဓာတ်ကို အရင်းခံလျက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံတယ်လို့လည်း သတင်းက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013