ရထားနှင့်လျှပ်စစ်မီတာ သုံးစွဲခများ တိုးကောက်ရန် အစိုးရအဖွဲ့ သဘောတူ
ရွှေအောင်
·
October 28, 2011

ရထားခနဲ့ မီတာခတွေ တိုးမြှင့်သတ်မှတ်ကောက်ခံဖို့ အစိုးရအဖွဲ့က သဘောတူလိုက်တယ်လို့ သိရပါတယ်။
ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ သက်ဆိုင်ရာ ဝန်ကြီးတွေက တိုးကောက်ဖို့ကိစ္စ လွှတ်တော်ကို တင်ပြခဲ့ကြတယ်လို့ ရန်ကုန်တိုင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောပါတယ်။
“ရထားဝန်ကြီးတင်တယ်။ သူတို့ရထားခတွေ တက်ချင်တယ်။ လက်ရှိကားခရဲ့ ထက်ဝက်လောက်ကို တက်ချင်တယ်ပြောတယ်။ အဲဒါနဲ့ပတ်သက်လို့ သူတို့ကက်ဘိနက်တွေလည်း ဆုံးဖြတ်ထားပြီးပြီတဲ့။ အဲဒါကို ကျနော်တို့ ပြည်ထောင်စုလွှတ်တော်ကို အဆိုတင်သွင်းတာပါ။ အဲဒီအဆိုတင်သွင်းပြီးတော့ လွှတ်တော်ကိုယ်စားလှယ်တယောက်ကတော့ သူ့ဌာနက လုပ်ဆောင်ဖို့ရှိပါတယ်။ ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးစရာမလိုပါဘူးလို့ ပြောတယ်။ ပြည်ထောင်စုလွှတ်တော်မှာ နာယကက ဒါကိုပြည်ထောင်စုလွှတ်တော်မှာ မှတ်တမ်းပဲ တင်မယ်လို့ပြောပါတယ်။”
ရထားခတွေကို ဥပမာ ရန်ကုန်-မန္တလေးကားခ ကျပ်တသောင်းခွဲပေးရရင် ရထားခ ၇၅၀၀ ကျပ် အနည်းဆုံး သတ်မှတ်မှာဖြစ်ပြီး တပြည်လုံး ပြေးဆွဲနေတဲ့ ရထားခတွေအားလုံး တိုးမြှင့်သတ်မှတ်မှာဖြစ်ပါတယ်။
မီတာခကတော့ လက်ရှိတယူနစ် ၂၅ ကျပ်နှုန်းနဲ့ကောက်ခံနေရာက အနည်းဆုံး တယူနစ် ၇၂ ကျပ်အထက် ကောက်ခံမှာဖြစ်ပါတယ်။
အမှတ်-နှစ် လျှပ်စစ်စွမ်းအားဝန်ကြီးရဲ့ လွှတ်တော်ကိုတင်ပြချက်အရ တယူနစ်ကို အရင်း ၇၂ ကျပ် ကျသင့်နေတာဖြစ်ပြီး ဝန်ကြီးဌာအနေနဲ့အရှုံးခံ ပေးဝေနေတာလို့ သိရပါတယ်။
ဒီအတွက် မီတာခက တယူနစ်ကို ၇၅ ကျပ်နဲ့ ၁၀၀ အကြား တိုမြှင့်ကောက်ခံသွားဖို့ ရှိနေတာပါ။
အခု တိုးမြှင့်ကောက်ခံဖို့ ရှိနေတဲ့ မီးရထားနဲ့ အမှတ်နှစ် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနတွေက သူတို့ရဲ့လုပ်ငန်းတွေကို အရှုံးခံလုပ်နေကြရတယ်လို့ လွှတ်တော်ကို တင်ပြသွားကြောင်းလည်း သိရပါတယ်။
